ကမ္ဘာ့အားကစားလောကတွင် အားကျအတုယူစရာ ကစားသမားကောင်းများစွာရှိနေသည်။ ထိုအထဲတွင် လက်ရှိ ကမ္ဘာ့ အဆင့် (၁) တင်းနစ်မယ် ဘယ်လ်ဂျီယံနိုင်ငံသူလေး ဂျက်စတင်ဟင်းနင်းလည်း တစ်ယောက် ပါဝင်သည်ဟု ဆိုလျှင်အားလုံး လက်ခံကြမည်သာ။
အဘယ်ကြောင့်ဆိုသော် အသက် ၂၅ နှစ်သာရှိသေးသော ဟင်းနင်းသည် ကမ္ဘာ့အမျိုးသမီး တင်းနစ်လောကတွင် တင်းနစ်မယ် များများစားစား မစွမ်းဆောင်နိုင်သေးသော စံချိန်တင် အောင်မြင်မှု သရဖူများကို ရရှိသိမ်းပိုက်ထား နိုင်၍ဖြစ်သည်။

ဟင်းနင်း
စံချိန်တင်အောင်မြင်မှုများ
အသက် ၁၄ နှစ်မပြည့်ခင်ကပင် တင်းနစ်အားကစားကို စနစ်တကျသင်ကြားလိုက်စားခဲ့သည့် ဟင်းနင်းသည် ၁၄ နှစ်ကျော်လောက်မှာ ကတည်းက လူငယ်ပြိုင်ပွဲများတွင် အံ့သြလောက်အောင် ပါရမီအခြေခံကို ထုတ်ပြနိုင်ခဲ့ပြီး ဆုတံဆိပ်တွေ စတင်ရရှိခဲ့ သူဖြစ်သည်။ ITF အဆင့်ရှိပြိုင်ပွဲအနေနှင့်လည်း ၁၉၉၇ခုနှစ် ပြင်သစ် အိုးပင်း သက်ငယ်တန်း အမျိုးသမီးချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲမှာပင် သူမထက် အသက်အရွယ်၊ ခန္ဓာကိုယ်နှင့် အတွေ့အကြုံပိုင်း ကြီးမားသာလွန်သော တင်းနစ်မယ်များကိုကျော်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့သည်ကို တွေ့ရသည်။ ထိုဆုမှာ နိုင်ငံတကာတင်းနစ်ပြိုင်ပွဲအနေဖြင့် သူမပထမဆုံးရရှိခဲ့သည့် ချန်ပီယံဆုတံဆိပ်ဖြစ် သည်။ ထိုစဉ်က သူမအသက်မှာ ၁၄ နှစ်၊ ၄ လသာရှိသေးရာ တောက်မည့်မီးခဲ တစ်ရဲရဲဆိုသလိုပင် ကမ္ဘာ့တင်းနစ်လောကက သူမကို သတိပြုမိ ခဲ့ကြတော့သည်။
ဟင်းနင်းကလည်း အများအံ့သြလောက်အောင် ဆက်တိုက်လက်စွမ်းပြခဲ့ပြီး ၁၉၉၇ မှ ၁၉၉၈ ခုနှစ်အတွင်း ပြုလုပ်သည့် ITF ၏ သက်ငယ်တန်းပြိုင်ပွဲ ၅ ပွဲကို စံချိန်တင်ဗိုလ်စွဲအောင် စွမ်းဆောင် ပြနိုင်ခဲ့သည်။ ထို့ကြောင့် အသက် ၁၆ နှစ်ကျော်အရွယ်လောက်မှာပင် ကမ္ဘာ့ပရော်ဖက်ရှင်နယ် တင်းနစ်မယ်အဆင့် ရောက်လာခဲ့ပြီး ၁၉၉၉ မေလတွင် ပြုလုပ်ခဲ့သည့် Belgium Open ပြိုင်ပွဲတွင် လက်စွမ်းပြ ဗိုလ်စွဲနိုင်ခဲ့သည်။ ထိုသို့ဖြင့် ကမ္ဘာ့တင်းနစ်လောကတွင် ဟင်းနင်းမှာ WTA ပြိုင်ပွဲတွင် ကမ္ဘာ့ပရော်ဖက် ရှင်နယ်တင်းနစ်မယ် ဘ၀အစ ပထမဆုံး WTA ပြိုင်ပွဲမှာပင် ဗိုလ်စွဲနိုင်တဲ့ ပဉ္စမမြောက်တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင်တော့ ကမ္ဘာ့ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား၏ ဂုဏ်ရှိန်အမြင့်မားဆုံး ပြိုင်ပွဲများဖြစ်သည့် ဂရင်းဆလန်ပြိုင်ပွဲကြီးများတွင်ပါ ဟင်းနင်းတစ်ယောက်လက်စွမ်းပြလာနိုင်ခဲ့ပြီး ပြင်သစ်အိုးပင်းတွင် ဆီမီးဖိုင်နယ်၊ ၀င်ဘယ်လ်ဒန်အိုးပင်းတွင် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့်အပြင် WTA Tour ပြိုင်ပွဲ (၃) ရပ်တွင်လည်း ဗိုလ်စွဲ နိုင်ခဲ့၍ ကမ္ဘာ့တင်းနစ်လောကတွင် ပို၍နာမည်ကျော်ကြားလာခဲ့ပြီး ကမ္ဘာ့အဆင့် ၇ တင်းနစ်မယ် အဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။ ၂၀၀၁ ခုနှစ်မှာပင် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲတွင် အယ်လီနာတာတာကိုဗာနှင့်တွဲ၍ ဆီမီး အဆင့်တက်နိုင်ခဲ့ပြီး ၂၀၀၁ Fed Cup ပြိုင်ပွဲတွင်လည်း ဘယ်လ်ဂျီယံအသင်းဗိုလ်စွဲအောင် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ဟင်းနင်းကို ဘယ်လ်ဂျီယံနိုင်ငံ၏ ဂုဏ်ထူးဆောင်အားကစားသမားအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဤသို့ဖြင့် ၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၅ တင်းနစ်မယ်ဖြစ်လာခဲ့ပြီး WTA ချန်ပီယံဆုဖလား ၂ ခုအား ထိုစဉ်က ကမ္ဘာ့ အဆင့် ၂ နာမည်ကြီးတင်းနစ်မယ်ဂျနီဖာကက်ပရီယက်တီနှင့် ဆရီနာဝီလျံတို့ကို အနိုင်ယူပြီး ဗိုလ်စွဲ ရယူနိုင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင်တော့ ပထမဆုံးဂရင်းဆလန်ချန်ပီယံဆုဖလားအဖြစ် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် နာမည်ကြီး ဆရီနာဝီလျံ၊ ကမ်ကလိုက်စတားတို့ကို ပွဲပြတ်များဖြင့် ကျော်ဖြတ် အနိုင်ယူပြီး ရရှိခဲ့သည်။ ဤသို့ဖြင့် သူမ၏ တင်းနစ်စွမ်းရည် ဂုဏ်သတင်းမှာ တဟုန်ထိုးကျော်ကြားလာပြီး ၂၀၀၃ အောက်တိုဘာလ ၂၀ ရက်နေ့မှာပင် ကမ္ဘာ့အဆင့် တစ်တင်းနစ်မယ်ဖြစ်လာတော့သည်။
၂၀၀၄ ခုနှစ် WTA ပြိုင်ပွဲအများစုတွင် အောင်မြင်မှုရခဲ့ပြီး သြစတြေးလျအိုးပင်း ဂရင်းဆလန်ချန်ပီယံဆုကိုလည်း ပထမဆုံး ရရှိခဲ့သည်။ ထို့အပြင် ၂၀၀၄ အေသင်အိုလံပစ်တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သေးသည်။ ၂၀၀၅ ခုနှစ်တွင် ပြင်သစ်အိုးပင်း ဆုထပ်ရရှိခဲ့ပြီး ၂၀၀၆၊ ၂၀၀၇ တွင်ပါ ထပ်မံဗိုလ်စွဲနိုင်ခဲ့၍ ပြင်သစ်အိုးပင်း ဂရင်းဆလန်ချန်ပီယံဘွဲ့ကို ၄ ကြိမ်ဗိုလ်စွဲဖူးပြီး ၃ နှစ် ဆက်ရရှိခဲ့သည့် တင်းနစ်မယ်ဖြစ်လာခဲ့သည်။
၂၀၀၆ နှင့် ၂၀၀၇ အထူးသဖြင့် ၂၀၀၇ ခုနှစ်တွင် ကြီး ၄ ကြီးဂရင်းဆလန်ပြိုင်ပွဲ ၄ ခုအနက် ပြင်သစ်အိုးပင်းနှင့် ယူအက်စ် အိုးပင်းပြိုင်ပွဲများတွင် အောင်ပွဲခံခဲ့သည့်အပြင် ယခုနှစ်အတွင်း ကျင်းပသည့် WTA တင်းနစ်ပြိုင်ပွဲ (၁၀) ပွဲတွင် ဗိုလ်စွဲခဲ့သည်။ ဒုတိယမြောက်တင်းနစ်မယ်အဖြစ်စံချိန်တင်နိုင်ခဲ့သည်။ ထိုစံချိန်မှာ လွန်ခဲ့သော (၁၀) နှစ် ၁၉၉၇ တွင် မာတီနာဟင်းဂစ် တင်ထားသောစံချိန်နှင့် အတူတူပင်။ ထို့အပြင် ဟင်းနင်းသည် ပြီးခဲ့သည့် အပတ်ထဲတွင် ကျင်းပခဲ့သည့် မက်ဒရစ်ဆိုနီအဲရစ်ဆင် ပြိုင်ပွဲတွင် နာမည်ကြီးရှာရာဗိုပါအား အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်အတွင်း ၂၅ ပွဲဆက်တိုက် အနိုင်ရသည့် စံချိန် လည်းတင်နိုင်ခဲ့သေးသည်။
ထို့ကြောင့် သူမ၏ ပရော်ဖက်ရှင်နယ်တင်းနစ်သမားဘ၀အစမှ ယခုအချိန်အထိ (၈) နှစ်တာကာလအတွင်း ITF, WTA နှင့် ဂရင်းဆလန်ပြိုင်ပွဲများတွင် စုစုပေါင်း (၃၉)ကြိမ်ထိ ဗိုလ်စွဲထားနိုင်ခဲ့ပြီဖြစ်သည်။ သက်ငယ် တန်းပြိုင်ပွဲဆုများကိုပါ ထည့်တွက်လျှင် ချန်ပီယံဘွဲ့ရခဲ့မှုမှာ (၄၈) ကြိမ်ပင်ရှိနေခဲ့ပြီဖြစ်သည်။ အသက် ၂၅ နှစ်လောက်ဖြင့် ထိုမျှအောင်မြင်ဖို့အလွန်ခက်ခဲသည် မဟုတ်ပါလား။
ယခုနှစ်ပွဲသိမ်းအောင်ပွဲနှင့် စံချိန်သစ်များ
ယခုနှစ် WTA Tour နောက်ဆုံးပြိုင်ပွဲဖြစ်သော မက်ဒရစ်ဆိုနီအဲရစ်ဆင်ပြိုင်ပွဲတွင် အထက်မှာ တင်ပြခဲ့သလို နာမည်ကြီး ရုရှားတင်းနစ်မယ်၊ အောင်မြင်မှုကို အလွန်ဆာလောင် မွတ်သိပ်နေပြီး ယခုပြိုင်ပွဲအတွက် အထူးပြင်ဆင်လာခဲ့သော ရှာရာဗိုပါကို ဖြတ်ကျော်ဗိုလ်စွဲခဲ့ခြင်းဖြစ်၍ ဂုဏ်ယူစရာ ပိုကောင်းလှသည်။ သို့သော် ဟင်းနင်း အလွယ်တကူ နိုင်ခဲ့ခြင်းတော့မဟုတ်။ ပထမပွဲ တွင် ၅ - ၇ ဖြင့်ရှုံးခဲ့ပြီးမှ နောက် ၂ ပွဲတွင် ၇ - ၅၊ ၆ - ၃ တို့ဖြင့် နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့အနိုင်ရရန် ရှာရာဗိုပါအား ၃ နာရီ၊ ၂၄ မိနစ်ကြာထိ ခက်ခက် ခဲခဲရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်ကို သိသာနိုင်သည်။ ကမ္ဘာ့အမျိုးသမီးတင်းနစ် ပြိုင်ပွဲသမိုင်းတွင် ဗိုလ်လုပွဲကစားချိန် အကြာဆုံးအချိန်မှာ ၂၀၀၅ ခုနှစ်က မော်ရက်စမိုနှင့် မေရီပီးစ်တို့တွေ့ခဲ့သည့် ဗိုလ်လုပွဲဖြစ်ပြီး ၃ နာရီ ၆ မိနစ်ဖြစ်၍ ဟင်းနင်းနှင့် ရှာရာဗိုပါတို့ပွဲမှာ အချိန်အကြာဆုံးကစားရသည့် ဗိုလ်လုပွဲအဖြစ်လည်း စံချိန်တင်ခဲ့သည်။
ဟင်းနင်းသည် ဆိုနီအဲရစ်ဆင်ချန်ပီယံဆုဖလားကို ၂ နှစ်ဆက်တိုက်ရရှိသည့် တင်းနစ်မယ်ဖြစ်လာသည့်အပြင် ထိုပွဲက ဆုကြေးဒေါ်လာ (၁) သန်းအပါအ၀င် ယခုနှစ်အတွင်း သူမ၏ ဆုကြေးစုစုပေါင်းမှာလည်း ဒေါ်လာ ၅.၄ သန်းရှိခဲ့၍ တစ်နှစ်ထဲ ဆုကြေးဒေါ်လာ ၅ သန်းအထက်ရရှိသည့် ပထမဆုံး တင်းနစ်မယ် အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပြန်သည်။ ၂၀၀၃ ခုနှစ်ကလည်း သူရရှိခဲ့သည့် ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဂုဏ်ပုဒ်ကိုလည်း (ကလိုက်စတားနှင့် ရှာရာဗိုပါတို့အား လပိုင်းလောက် လွှဲပေးခဲ့ရဖူး) နောက်ထပ် လပေါင်းများစွာ ဆက်ထိန်းသွား နိုင်ရေးအတွက် တွန်းအားတွေများစွာ ရရှိခဲ့သည့် သဘောပင်။
ကြမ်းတမ်းသောငယ်ဘဝ
ဟင်းနင်း၏ ငယ်ဘ၀ကလည်း လက်ရှိကမ္ဘာကျော် အားကစားသမားအများစုလိုပင် ခက်ခဲကြမ်းတမ်းခဲ့သည်။ ဘယ်လ်ဂျီယံ သားဖခင်ဂျိုးဟင်းနင်းနှင့် ပြင်သစ်သူ မိခင်ဖရန်ကိုဆီရို၊ ဆီရီတို့က ၁၉၈၂၊ ဇွန်လ (၁) ရက်နေ့တွင် မွေးဖွားခဲ့သော ဟင်းနင်းမှာ ဘယ်လ်ဂျီယံ-ပြင်သစ်ကပြားဖြစ်ပြီး ဒေးဗစ်နှင့် သောမက်စ်ဆိုသော အကို ၂ ယောက်၊ ဆာရာဆိုသည့် ညီမတစ်ယောက် ရှိသေးသည်။ သူမမွေးခင်ကလည်း အမတစ်ယောက်မှာ ကားအက်ဆီး ဒင့်ဖြစ်ပြီး ဆုံးပါးသွား ခဲ့သေးသည်။ သာမန် လက်လုပ်လက်စားဖခင်နှင့် ပြင်သစ်သမိုင်း စာပြဆရာမတို့ မှမွေးဖွားလာသူဖြစ်၍ သူတို့မိသားစုမှာ ချောင်လည်မှုမရှိဘဲ ဘ၀ကို အတော် ရုန်းကန်ခဲ့ကြရသည်။ ထို့ကြောင့် ငွေကုန်ကြေးကျများသော တင်းနစ်အားကစားကို ဟင်းနင်းဝါသနာပါသည်ကို မိဘတွေက သိပ်ခွင့်မပြုချင်ကြပေ။ သား ၂ ယောက်၊ သမီး ၂ ယောက်ကျောင်းစရိတ်ကလည်း မသေးဘူး မဟုတ်လား။
သို့သော် ၆ နှစ်သမီးအရွယ်ကတည်းက တင်းနစ်ပိုးဝင်နေသော ဟင်းနင်း၏ဆန္ဒကို ဖယ်ရှား၍မရခဲ့။ ငယ်စဉ် ကတည်းက ကာတွန်းကားကြည့်ခြင်း၊ အခြား ကစားဖော်များနှင့် ကလေးပီပီဆော့ကစားမျိုးကို ၀ါသနာမပါဘဲ တင်းနစ်၊ TV ဂိမ်းများသာ စိတ်ဝင်စားခဲ့သော ဟင်းနင်း၏ဆန္ဒကို မငြင်းပယ်နိုင်တော့ပဲ မိဘများက ငွေကိုချိုးခြံချွေတာ၍ သူမကို ကျောင်းချိန်ပြီးချိန်တွင် တင်းနစ်သင်တန်း တက်ခွင့်ပြုခဲ့သည်။ ၆ နှစ်ကျော်အရွယ်ကလည်း တင်းနစ်ဗီဇအရည်အသွေးကို ပြသနိုင်ခဲ့သော ဟင်းနင်းသည် လူလတ် အရွယ်များကိုင်သော တင်းနစ်ရတ်ကတ်ကို ကောင်းစွာ ကိုင်တွယ် ကစားနိုင်ခဲ့သည်ဟု သိရသည်။ တင်းနစ် လေ့ကျင့်ရေးနှင့် ကျောင်းတွင်းလူငယ် တင်းနစ်ပြိုင်ပွဲများတွင်လည်း သူမထက်ကြီးသော တင်းနစ်ကစား သမားများကို အံ့သြလောက်အောင် အနိုင်ရဗိုလ်စွဲနိုင်ခဲ့ခြင်းကြောင့် သူမ၏ မိဘများက သူမ၏ တင်းနစ် အားက စားကို တတ်နိုင်သလောက်ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့ ရတော့သည်။
ဒီလိုနှင့် သူမ ၁၀ နှစ်အရွယ်တွင် ပဲရစ်မြို့၌ကစားသော WTA ဂရင်းဆလန် ပြင်သစ်အိုးပင်းဗိုလ်လုပွဲကို ဟင်းနင်းအတင်းပူဆာ၍ ပိုက်ဆံစုကာ လိုက်ပို့ခဲ့ရသည်။ ထိုပွဲတွင် သူမအလွန်အားကျခဲ့သော နာမည်ကြီး တင်းနစ်မယ် စတပ်ဖီဂရက်နှင့် မော်နီဂါဆဲလက်စ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်ကို မျက်တောင် မခတ်၊ ဘာမုန့်မှမစားဘဲ ကြည့်ခဲ့မိသည်။ ထိုပွဲတွင် ၂ နာရီကျော်ကစားကာ ဂရက်ဖ်ရှုံးနိမ့်သွားခဲ့ပြီး ပရိသတ်များ ကွင်းထဲမှ ထွက်ခွာသွားပြီးချိန်ထိ ဟင်းနင်းလေးမှာ ထိုင်ခုံမှမထသေးဘဲ ဆဲလက်စ်နှင့် ဂရက်ဖ်တို့ ပစ္စည်း သိမ်းဆုယူပြီး အင်တာဗျူးလုပ်ပြီးသည်အထိ ထိုင်ကြည့်နေပြီး သူ့အဖေကို “အဖေ ကျွန်မလည်း တစ်နေ့မှာ ဒီကွင်းထဲကို ဒီလိုလာကစားပြပြီး အဲလက်စ်လို ချန်ပီယံဖြစ်အောင်လုပ်ပြမယ်”ဟုပြောခဲ့သည်။
တင်းနစ်သမားဘ၀အစ
၁၉၉၅ မှာ ဟင်းနင်းအမေ ရုတ်တရက်ကွယ်လွန်သွားတော့ သူအတော် ကြေကွဲဝမ်းနည်းခဲ့ရပေမယ့် တင်း နစ်ပိုးကတော့ ပျောက်မသွားဘဲ ပိုတောင်ကြီးထွား လာခဲ့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူက သူ့ကို ငွေစုပြီး ကားလို့ဂွတ်ဒရီဂွတ်စ်ဆိုသည့် တင်းနစ်နည်းပြတစ်ယောက်ကို အချိန်ပိုင်းငှားရမ်းပြီး ဟင်းနင်းကို တင်းနစ် ပညာသင် ပေးခဲ့သည်။ ဟင်းနင်းရဲ့ ဦးလေးနှစ်ယောက်ကလည်း သူတို့တူမလေးကို တင်းနစ်ပညာတွေ တတ်သလောက် လေ့ကျင့်သင်ကြားပေးခဲ့ရင်း လေ့ကျင့်ဘက် ကစားသမားတွေအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ မိမိထက် အားသန်လှသော အမျိုးသားကြီးများဖြင့် လေ့ကျင့်ယှဉ်ပြိုင်ခြင်း၊ စေတနာပါလှသော နည်းပြ ဂွတ်ဒရီ ဂွတ်စ်၏ စနစ်တကျ သင်ကြားပေးခဲ့မှုများကြောင့် ဟင်းနင်းမှာ တင်းနစ်ပညာရည် ပြည့်ဝလာသည့်အပြင် ရိုက်ချက်ပါဝါများလည်း အရွယ်နှင့်မလိုက်အောင် တိုးတက်လာခဲ့သည်။
ထို့ကြောင့်ပင် ကျောင်းပြိုင်ပွဲများ၊ လူငယ်ပြိုင်ပွဲများအပါအ၀င် ITA မှ ကျင်းပသော နိုင်ငံတကာ လူငယ် တင်းနစ်ပြိုင်ပွဲကြီးများတွင် သူမထက် အသက်အရွယ် ကြီးရင့်ပြီး အတွေ့အကြုံနှင့် သမ္ဘာပိုရင့်သော တင်းနစ် မယ်များကို ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဟင်းနင်းမှာ တစ်နှစ်ထက်တစ်နှစ် အောင်မြင် ထက်ရှားလာပြီး လက်ရှိကမ္ဘာ့အဆင့် (၁)တင်းနစ်မယ်အဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နေနိုင်ခြင်းပင်။ သူမ အားအကျဆုံးတင်းနစ်မယ်များအနက် ဂျာမန်တင်းနစ်မယ် စတက်ဖီဂရက်ဖ် (ယခုအင်ဒရေ အဂ္ဂါဆီ၏ ဇနီး)ဖြစ်ပြီး ဂရက်ဖ်တင်ထားသော ၃၉ ပွဲဆက်တိုက်နိုင်ပွဲစံချိန်ကို မှီအောင်လည်း ကြိုးစားသွားမည်ဟု ဟင်းနင်း ကဆိုသည်။
မပျော်ရွှင်ခဲ့ရသေးသော သန်းကြွယ်သူဋ္ဌေးမလေး
ကမ္ဘာ့တင်းနစ်လောကတွင် ပရော်ဖက်ရှင်နယ်အဖြစ် အောင်မြင်လာသော ဟင်းနင်းကို အားလုံးက အားကျလာခဲ့ကြသည်။ အောင်မြင်မှုများနှင့်အတူ ဆုကြေး၊ စပွန်ဆာကြေးများကြောင့် တစ်ချိန်က ဆင်းရဲ နွမ်းပါးခဲ့သောဘ၀မှ သန်းကြွယ်သူဋ္ဌေးမလေးဘ၀သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။ သူမ၏ ဂုဏ်ရှိန်၊ ငွေကြေးဥစ္စာကို မက်မော၍ချဉ်းကပ်လာသော အမျိုးသားများစွာလည်း ရှိလာခဲ့ရာ အသက် ၂၀ အရွယ် ၂၀၀၂ က မနူးမနပ်အရွယ်သာ ရှိသေးသော ဟင်းနင်းမှာ ပယ်ရီရက်စ်ဆိုသောသူနှင့် ချစ်ကြိုက်သွယ် မိသွားတော့သည်။ ပယ်ရီရက်စ်မှာ သူမနှင့် ဆွေးမျိုးမကင်းသူဖြစ်သည့်အပြင် သူမကိုလည်း တင်းနစ်ထရိန်နာအဖြစ် ကူညီ ဆောင်ရွက်ပေးခဲ့ဖူးသူဖြစ်၍ ယုံကြည်အားကိုးစိတ်နှင့် ပုံအပ်ခဲ့သည်။ သို့သော် လက်ထပ်ပြီး သိပ်မကြာခင်မှာ ပယ်ရီရက်စ်၏ ဇာတိရုပ်ပေါ်လာခဲ့သည်။ မိန်းမပွေခြင်း၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများ ရှိလာခဲ့၍ ဟင်းနင်းတစ်ယောက် တင်းနစ်ကွင်းပြင်ပတွင် ကြိုတ်ငိုရ၊ စိတ်ဆင်းရဲခဲ့ရသော အကြိမ်ပေါင်းမရေတွက်နိုင်တော့။ နောက်ဆုံးသည်းမခံနိုင်တော့၍ ဒီနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် သူ့ခင်ပွန်းနှင့် တရားဝင် လမ်းခွဲလိုက်တော့သည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို မကြာခင်မှာဘဲ သူ့အကိုတစ်ယောက်မှာ ကားမောက်ပြီး ဆုံးသွားတော့ သူနှင့် သူ့မိသားစုအတော်ကြေကွဲခဲ့ရပြီး မိသားစုကိုလည်း အငယ်ဖြစ်သည့်သူမက ပြန်လည်စောင့် ရှောက်ခဲ့ ရသည်။
အာဂစိတ်ဓာတ်ကြောင့်
သည်လိုလူမှုရေးဘ၀တွင် စိတ်ညစ်စရာများ၊ ၀မ်းနည်းကြေကွဲစရာများရှိနေခဲ့သော်လည်း ဟင်းနင်း၏ စိတ်ဓာတ် ပြင်းပြမှုက သူမ၏ တင်းနစ်အရည်အသွေးကို ကျဆင်းမသွားအောင် အထောက်အကူပြုခဲ့ခြင်းကြောင့် ကမ္ဘာ့ ဆင့်တစ်နေရာက မဆင်းခဲ့ရပဲ အောင်မြင်မှုသရဖူ ဆောင်းစေခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လူမှုရေး အခက် အခဲပြဿနာများစွာ ရှိခဲ့သော ယခုနှစ်အတွင်း၌ပင် ဟင်းနင်းမှာ စံချိန်တင်အောင်မြင်မှုများ စွာရယူနိုင်ခဲ့ခြင်းမှာ၊ ပြိုင်ဘက်နှင့် မျိုးဆက်သစ်တင်း နစ်ကစားသမားများသာမကဘဲ အခြားသော အားကစား မောင်မယ်များပင် အားကျအတုယူစရာ ကောင်းလှသည်။
ဟင်းနင်းမှာ လက်ရှိကမ္ဘာ့အဆင့် 1 တင်းနစ်မယ်ဖြစ်နေရုံသာမကဘဲ လက်ရှိ ၀င်ငွေအကောင်းဆုံး၊ ဆုကြေးအများ ဆုံးတင်းနစ်မယ်ဖြစ်နေပြီး ဘယ်လ်ဂျီယံနိုင်ငံရဲ့ အားကစားဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဖြစ်နေသည့်အပြင် ယူနပ်စကိုအဖွဲ့ရဲ့ ဂုဏ်ထူးဆောင်သံတမန်တစ်ယောက် ဖြစ်နေသေးသည်။ တင်းနစ်အားကစားမှာ သာမက အားကစားဆိုင်ရာ အခြားသောဘွဲ့ထူး၊ ဂုဏ်ထူးတွေများစွာကိုပါ ပိုင်ဆိုင်နေသူဖြစ်ရာက ကမ္ဘာ့တင်း နစ်လောကတွင် အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် သို့မဟုတ် 2007 ခုနှစ်တွင် လူတိုင်း ငေးမောအား ကျစေလောက်သည့် အောင်မြင်မှုသရဖူများရှင်ဟု ဂုဏ်ပြုချီးကျူးရမည့် အာဂတင်းနစ်မယ်လေးဟု သတ်မှတ် ခဲ့လျှင် သဘောမတူမည့်သူ မရှိနိုင်ပေ။

ယခုနှစ်အတွက် ဆိုနီအဲရစ်ဆင်ပြိုင်ပွဲ ဆုဖလားကို ကိုင်မြှောက်နေတဲ့ ဟင်နင်း
ဟင်းနင်း၏ ကိုယ်ရေးအချက်အလက်
နိုင်ငံ - ဘယ်လ်ဂျီယံ
နေရပ် - မွန်တီကာလို၊ မိုနာကိုမြို့၊ ပြင်သစ်နိုင်ငံ
မွေးနေ့ - 1-6-1982
မွေးရပ် - လီဂီ၊ ဘယ်လ်ဂျီယံ
အရပ် - 1.67 မီတာ
ကိုယ်အလေးချိန် - 125 ပေါင်
ပရိုကစားသမားဘ၀ - 1-1-1999
အားသာချက် - ညာသန်ကာ စပေးဘောပြင်းပြီး လက်ပြန်ရိုက်ချက် ပြင်းထန်ပြီး ဘောလုံးကို ပွတ်ရိုက် netting play အလွန်ကောင်းသည်
ရရှိခဲ့သည့်ဆုကြေးပေါင်း - ဒေါ်လာ 18940405
ရရှိခဲ့သည့် စပွန်ဆာကြေးပေါင်း - 12 သန်း
အနိုင်ရရှိခဲ့သည့် တင်းနစ်ပွဲအရေအတွက်ပေါင်း - 273 ပွဲ
ရရှိခဲ့သည့် ချန်ပီယံဆု - 39 ဆု (လူငယ်ပြိုင်ပွဲများပါထည့်ပေါင်းလျှင် 50 ခန့်ရှိ)
ဟင်းနင်း၏ အောင်မြင်မှုများ
ဂရင်းစလင်းပြိုင်ပွဲ - 7 ကြိမ် - သြစတြေးလျအိုးပင်း (2004)
ပြင်သစ်အိုးပင်း (2003,2005,2006,2007)
US အိုးပင်း (2003,2007)
WTA ချန်ပီယံရှစ် - 2 ကြိမ်
Tier-I ချန်ပီယံ - 10 ကြိမ်
Tier-II ချန်ပီယံ - 15 ကြိမ်
Tier-III ချန်ပီယံ - 3 ကြိမ်
Tier-IV & V ချန်ပီယံ - 1 ကြိမ်
အိုလံပစ်ချန်ပီယံ - 1 ကြိမ်
အခြားဆုတံဆိပ်များ
2003 - ဘယ်လ်ဂျီယံနိုင်ငံ၏ နှစ်အလိုက် အကောင်းဆုံး အားကစားမယ်ဆု
ITF World Champion
2004 - WTA Player of the Year
ဘယ်လ်ဂျီယံနိုင်ငံ၏ နှစ်အလိုက် အကောင်းဆုံး အားကစားမယ်ဆု
2005 - လူမှုဘ၀တွင် အခက်အခဲများကြားမှ အောင်မြင်မှုရအောင် ပြန်လည်စွမ်းဆောင်နိုင်ဆုံး လူသားဆု
2006 - ယူနပ်စကိုဂုဏ်ထူးဆောင် သံအမတ်အဖြစ် ခန့်အပ်ခံရ
ITF World Champion
ဘယ်လ်ဂျီယံနိုင်ငံ၏ နှစ်အလိုက် အကောင်းဆုံး အားကစားမယ်ဆု
ဥရောပအကောင်းဆုံး အားကစားမယ်ဆု |