နိုင်ငံတကာအဆင့်မှာ အင်္ဂလန်အသင်းကြုံတွေ့ နေရတဲ့ ပြဿနာက နည်းစနစ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာက ပိုကြောင်း အီတလီသားနည်းပြ ဖာဘီယို ကာပယ်လိုက မနေ့က ပြောပါ တယ်။
ယခင်ရီရဲလ်၊ မီလန်နဲ့ ဂျုဗင်တပ်နည်းပြဟောင်း အင်္ဂလန်က ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံး သွားလို့ အထုတ်ခံလိုက်ရတဲ့ မက္ကလာရင်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့ လတ်တလော ရေ ပန်းစား နေပါတယ်။
“နည်းပြတွေအနေနဲ့ ဆိုရင် အင်္ဂလန်ဟာ ကစားသမားကောင်းတွေ ရှိရဲ့သားနဲ့ ဘယ်လိုဖြစ်လို့ ယူရို ၂၀၀၈ ခြေစစ်ပွဲ မအောင်သလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးရမှာပါ” လို့ ကာပယ်လိုက စပိန်ထုတ် ဒေးလီးမာကာစာစောင်ကို ပြောပါတယ်။
“အင်္ဂလိပ် လက်ရွေးစင်အသင်းက စပိန်လိုပါပဲ။ လိဂ်ပွဲတွေမှာ ကစားရတာ ပိုပြီး အောင်မြင်ပြီး တခြားမှာထက် ပိုက်ဆံ ပိုရပါတယ်”
“ကျနော် အင်္ဂလန်ကစားတဲ့ တချို့ပွဲတွေကို ကြည့်ပြီးပါပြီ။ မော်စကိုမှာ ရုရှားနဲ့ ကစားတဲ့ ပွဲမှာဆိုရင် သူတို့က (၁)ဂိုးအသာနဲ့ ဦးဆောင်နေပေမယ့် ခံစစ်ကိုတော့ မိနစ် (၉၀)လုံး သူတို့ ပင်နယ်တီဧရိယာနားမှာပဲ ကစားနေပါတယ်”
ယင်းပွဲမှာ အင်္ဂလန်ဟာ ရုရှားအသင်းရဲ့ ပွဲသိမ်းကာနီး သွင်းတဲ့ အနိုင်ဂိုးကြောင့် ရှုံးနိမ့် ခဲ့ပါတယ်။
“ခရိုအေးရှားနဲ့ ပွဲမှာဆိုရင် သူတို့တတွေ (၂ - ၂)သရေ ဖြစ်နေပြီး ခြေစစ်ပွဲအောင်ဖို့ နီးစပ် နေတဲ့ အနေအထားကနေ ကစားကွက် စီးထားနေပြီးမှ (၃ - ၂)နဲ့ ရှုံးသွားပါတယ်”
“ဒီနှစ်ပွဲကြားမှာရှိတဲ့ သူတို့တွေရဲ့ စိတ်ဓါတ်က မတူပါဘူး။ ဘက်ဟမ်းနဲ့ အိုဝင်တို့လို သူတို့ တိုင်းပြည်အတွက် ကစားပေးတဲ့အခါမှာ ဘယ်လိုမှ မတူတဲ့ အရည်အသွေးတွေနဲ့ ကြိုးစား ကစားတာမျိုးကို ဘယ်ကစားသမားတွေ ကစား နိုင်မလဲ။ ဒါဟာ ရှင်းပါတယ်။ လက်ရွေး စင်တီ ရှပ်က သူတို့အတွက် ပိုပြီး တာဝန်ကြီးတယ်ဆိုတာ သိသာပါတယ်”
“အဲဒီလို အခြေအနေမျိုးမှာ နည်းပြရဲ့ လုပ်ဆောင်မှုက အခြေခံ ကျပါတယ်။ သူအနေနဲ့ နည်းဗျုဟာပိုင်း၊ နည်းစနစ်ပိုင်းထက်စာရင် စိတ်ပိုင်းဆိုင်ရာကို ပိုပြီး ဦးစားပေး လုပ်ဖို့ လိုပါတယ်။ သိသာတဲ့ အချက်က အဲဒီမှာ စိတ်ပိုင်းဆိုင်ရာ အပိတ်အဆို့တွေ ဖြစ်နေပါတယ်။ ခင်များတို့ကို ရှင်းပြတဲ့အခါမှာ ကျနော့်အနေနဲ့ ဒါတွေကို ဘေးချိတ်ပြီး တခြား ဘယ်လို ရှင်းပြနိုင်မလဲ” လို့ ကာပယ်လိုက ရှင်းပါတယ်။
နည်းပြဟောင်း မက္ကလာရင်ရဲ့ လက်ထောက်နည်းပြဟောင်း ဘီနယ်ဘယ်စ်ကလည်း ကာပယ် လိုဟာ အင်္ဂလန်နည်းပြနေရာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး လူဖြစ်ကြောင်း ထောက်ခံချက် ပေးပါတယ်။
အင်္ဂလန်မှာ မန်နေဂျာလုပ်ရတာ တခြားမှာထက် ခက်ခဲပါတယ်။ နည်းပြလုပ်မယ့်သူ အနေနဲ့ ပြင်ပက ဖိအားတွေနဲ့ နေသားတကျ ဖြစ်ဖို့ လိုပါတယ် လို့ ပြီးခဲ့တဲ့အပတ်မှာ မက္ကလာရင်နဲ့အတူ အထုတ်ခံလိုက်ရတဲ့ ဘီနယ်ဘယ်စ်က သည်ဆန်းကို ပြောပါတယ်။
ဒီလိုမျိုး ပြောရလိမ့်မယ်လို့ ကျနော် တစ်ခါမှ မတွေးမိဖူးပါဘူး။ ဒါပေမယ့် ကာပယ်လိုဟာ သူ့တိုင်းပြည်မှာ ဖိအားများတဲ့ အလုပ်တွေနဲ့ အတွေ့အကြုံ ရှိပြီးသား ဖြစ်ပါတယ်။ သူတို့က နိုင်ငံတကာနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာရှိတဲ့ ဖိအားတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို နက်နက်ရှိုင်းရှိုင်း သိပါတယ်
အသက် (၆၁)နှစ်သား ရီရဲလ်၊ မီလန်နဲ့ ဂျုဗင်တပ်နည်းပြဟောင်း ကာပယ်လိုဟာ ဖိအားကြီးတဲ့ အင်္ဂလန်နည်းပြအလုပ်ကို ရနိုင်ချေ ရှိတယ်လို့ လောင်းကြေးဒိုင်တွေက တစ်ပေးထားပါတယ်။
မက္ကလာရင်ဟာ ခရိုအေးရှားကို ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ နောက်ဆုံး ခြေစစ်ပွဲမှာ (၃ - ၂)နဲ့ ရှုံးသွားလို့ နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံ ခဲ့ရပါတယ်။
ကာပယ်လိုက“ အင်္ဂလန်နည်းပြရာထူးအတွက် ဆွေးနွေးဖို့ ကျနော် အဆင်သင့် ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
“ဒါဟာ ကျနော့်အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီလို ခက်ခဲတဲ့ စိန်ခေါ် မှုတွေက အမြဲတမ်း စွဲဆောင်မှု ရှိပါတယ်”
ကာပယ်လိုဟာ အခုအခါမှာ အင်္ဂလန်နည်းပြအလုပ်ကို စိတ်ဝင်စားကြောင်း လျှောက်လွှာ တင်သွားထားပြီး ဖြစ်ပါတယ်။ |