မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိင်ကိန်းက အင်္ဂလန်အသင်း ယူရို ၂၀၀၈ ခြေစစ်ပွဲ မအောင်တာဟာ အသင်းမှာ အတ္တကြီးတဲ့ ကစားသမားတွေ ပါဝင်နေတဲ့ အတွက်ဖြစ်ကြောင်း အပြစ် တင်ပါတယ်။
ဆန်းဒါးလန်းနည်းပြ ကိန်းက ခြေစစ်ပွဲမအောင်တာနဲ့ ပက်သက်တဲ့ အပြစ်တွေ အားလုံးကို မက္က လာရင် တစ်ယောက်တည်းကိုပဲ ပုံမချသင့်ကြောင်း ပြောပါတယ်။
ကိန်းရဲ့ မန်ယူကစားသမား ဘ၀တုန်းက မက္ကလာရင်ဟာ ဖာဂူဆန်ရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ခဲ့ဖူး ပါတယ်။
“အင်္ဂလန် ခြေစစ်ပွဲမအောင်တာဟာ ကျနော့်အမြင်အရ ပြောရရင် အသင်းမှာ အတ္တကြီးတဲ့ ကစားသမားတွေ တော်တော်များများကို ထည့်သုံးခဲ့လို့ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေကို ခံစားသွား ရတာပါ” လို့ ကိန်းက ပြောပါတယ်။
ခရိုအေးရှားကို ရှုံးတဲ့ပွဲနဲ့ ပက်သက်လို့ အင်္ဂလန်ရဲ့ ကစားပုံ နည်းစနစ်နဲ့ ကစားသမားတွေရဲ့ ခြေစွမ်းအပေါ်မှာ အဓိကထားပြီး အကြီးအကျယ် ဝေဖန်နေကြပေမယ့် ကိန်းကတော့ ဒါတွေကို လက်ခံချင်တဲ့ ပုံမရပါဘူး။
“ကံမကောင်းစွာပဲ မန်နေဂျာက တာဝန်အားလုံးကို ယူသွားရပါတယ်။ ဒါပေမယ့် ကျနော့် ယုံကြည်တာကတော့ ကစားသမားတွေက သူတို့ရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ ပိုပြီး တာဝန်ယူ သင့်ပါတယ်”
ကိန်းက “အင်္ဂလန်မှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေရဲ့သားနဲ့ ခြေစစ်ပွဲ မအောင်တာ မယုံကြည် နိုင်စရာ ကောင်းပါတယ်။ ကျနော်တို့ အင်္ဂလန်ရဲ့ နည်းစနည်းပိုင်းနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို ပြောကြရင် သူတို့မှာ လုံလောက်တဲ့ အနေအထား ရှိပါတယ်” လို့ ထပ်ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ပေါအင့်စ်ကတော့ ကိန်းရဲ့ အပြစ်တင် ပြောဆိုချက်ဟာ မက္ကလာရင်ကို ကာကွယ်သလို ဖြစ်တဲ့အတွက် သဘောတူပုံ မရပါဘူး။
“မက္ကလာရင်ရဲ့ တချို့ ဆုံးဖြတ်ချက်တွေက မှားပါတယ်။ အထူးသဖြင့် ခရိုအေးရှားနဲ့ပွဲမှာ သူ သုံးသွားတဲ့ နည်းဗျုဟာပိုင်းပေါ့” လို့ အင့်စ်က ပြောပါတယ်။
“သူ နည်းစနစ်ပိုင်းအရ မှားသွားပါတယ်။ ပီတာခရော်ခ်ျကိုလည်း ရှေ့တန်းမှာ တစ်ယောက် တည်း ထားသုံးပြီးတော့ သူ ဂိုးတွေသွင်းနိုင်အောင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြတ်တင် ဘောတွေကို ကန်နိုင်တဲ့ ဘက်ဟမ်းကိုကျတော့ အရန်ထိုင်ခုံမှာ ထိုင်ခိုင်းထားပါတယ်”
၎င်းက ဆက်လက်ပြီး “ဂိုးသမား သုံးပုံကိုလည်း ကြည့်ပါအုံး။ ရော်ဘင်ဆင်ကို မသုံးတော့ဘူး ဆိုရင် ဒေးဗစ်ဂျိမ်းကို သုံးသင့်ပါတယ်။ ဂျိမ်းက ပရီးမီးယားရှစ်မှာ ဂိုးဖမ်းလာတာ (၁၀) ကျော် ရှိပါပြီ။ ဘယ်နှယ့်ဗျာ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ကာဆင်ကို သုံးရတယ်လို့” ပြောပါတယ်။ |

ဆန်းဒါးလန်းအသင်းကို ကွင်းအပြင်ကနေ ညွှန်ကြားနေတဲ့ ကိန်း
|