အင်္ဂလန်ဟာ ၀င်ဘလေကွင်းမှာ ကစားတဲ့ ခြေစစ်ပွဲမှာ ခရိုအေးရှားကိုရှုံးပြီး ယူရို ၂၀၀၈ ပြိုင်ပွဲ ကြီးကနေ နူတ်ဆက်ခဲ့ရပေမယ့် ဘက်ဟမ်းကတော့ လက်ရွေးစင် အသင်းကနေ အနားယူဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။
ဘက်ဟမ်းဟာ အင်္ဂလန်အတွက် (၉၉)ပွဲမြောက်အဖြစ် ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံးတဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ လူစားနဲ့ဝင်ရောက်ခဲ့ပါတယ်။
“သံသယ မရှိပါဘူး။ ကျနော် လက်ရွေးစင်အသင်းကနေ အနားယူမှာ မဟုတ်ဘူး ဆိုတာကို” လို့ အသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။
“ကျနော် ပြောတာက တချိန်တည်းမှာပဲ အသင်းကနေ ချန်ထားခြင်း ခံရပါတယ်။ နောက် တ ချိန်တည်းမှာပဲ အသင်းမှာ ပြန်ပါလာပါတယ်။ ဒါကြောင့် ကျနော် နူတ်ထွက်မှာ မဟုတ်ပါဘူး”
ဂိုးသမား စကော့ ကာဆင်ရဲ့ ဂိုးဖမ်းတာ ညံ့ဖျင်းမှုကြောင့် ဘီလစ်ရဲ့ ခရိုအေးရှားအသင်းဟာ နီကို ကရန်ဂျာရဲ့ ဦးဆောင်သွင်းဂိုး၊ အီဗီကာ အိုလစ်ရဲ့ ဒုတိယဂိုးတွေနဲ့ ပထမပိုင်းမှာတင် (၂ - ၀)နဲ့ အင်္ဂလန်ကို ဦးဆောင်နိုင် ခဲ့ပါတယ်။
ဖရန့်လမ်းပတ်ရဲ့ ပင်နယ်တီဂိုး၊ ပီတာခရောက်ခ်ျရဲ့ သွင်းဂိုးတွေနဲ့ ချေပဂိုး ရခဲ့ပေမယ့် ပွဲပြီး ကာနီးမှာ လူစားဝင်လာတဲ့ ပီထရစ်ရဲ့ သွင်းဂိုးနဲ့ ခရိုအေးရှားက အနိုင်ရခဲ့ပါတယ်။
“အသင်းတစ်သင်းအနေနဲ့ ကျနော်တို့ စိတ်ပျက်မိပါတယ်။ တနိုင်ငံလုံးကလည်း ခြေစစ်ပွဲ မအောင်တဲ့အတွက် သိသိသာသာ စိတ်ပျက်နေမှာပါ” လို့ ကွင်းလယ်လူက ပြောပါတယ်။
နည်းပြ မက္ကလာရင်က “ကျနော်တို့ကိုယ် ကျနော်တို့ အဆင်သင့် ဖြစ်ပြီလို့ ထင်ခဲ့ကြပါတယ်။ ပွဲစကတည်းက ကျနော်တို့ ကစားတာ တော်တော် ဆိုးပါတယ်။ ခရိုအေးရှား ကစားတဲ့ ပုံစံက အမြဲတမ်း ဂိုးသွင်းတော့မယ့် ပုံစံပါပဲ” လို့ ပြောပါတယ်။
ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဂျရတ်က “ပထမ (၁၅)မိနစ်လောက်မှာ ကျနော်တို့ ဘာမှမ လုပ်နိုင်အောင် ကစားကွက် သေသွားပါတယ်။ ပွဲစတာနဲ့ ခပ်မြန်မြန်ကစားချင်ပေမယ့် ကျနော် တို့ကိုယ်တိုင်က တောင်တက်ရသလို ခက်ခဲ နေပါတယ်” လို့ ပြောပါတယ်။
လီဗာပူးကွင်းလယ်လူက “ဒုတိယပိုင်းမှာ ကျနော်တို့အသင်း ကစားတာ အကြီးအကျယ် တိုး တက်လာပါတယ်။ အဲဒီအချိန်မှာ သူတို့အပေါ်မှာ အခွင့်အရေး မယူနိုင် ခဲ့ပါဘူး။ ကျနော်တို့ ခြေချော်လက်ချော် ဖြစ်သွားခဲ့ပါတယ်” လို့ ထပ်ပြောပါတယ်။ |

အရှုံးအတွက် စိတ်ပျက်နေတဲ့ ဘက်ဟမ်း
|