အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မက္ကလာရင်ကို အင်္ဂလန်နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။
သူ့ရဲ့နေရာမှာ လောလောဆယ်အတွက် လက်ထောက်နည်းပြ တယ်ရီ ဗီနီဗယ်စ်ကို တာဝန် ပေးထားပါတယ်။
အက်ဖ်အေဟာ ဒီနေ့မနက်ပိုင်း (ဂရင်းနစ်စံတော်ချိန် ၀၈း၃၀)မှာ ဘုတ်အဖွဲ့ အစည်းအဝေး ထိုင်ပြီး မက္ကလာရင်ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
မက္ကလာရင်ကို ထုတ်ပယ်သတင်းကို အက်ဖ်အေက အစည်းအဝေးအပြီးမှာ သတင်းစာ ရှင်း လင်းပွဲ ခေါ်ယူပြီး တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းသတင်းကို ထုတ်ပြန်နိုင်ဖို့အတွက် အက်ဖ်အေက လန်ဒန်မှာရှိတဲ့ ရုံးချုပ်မှာ ဒီကနေ့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံးပြီး ယူရို ၂၀၀၈ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အ တွက်ကြောင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။
နည်းပြ မက္ကလာရင်က အင်္ဂလန်အသင်း ယူရို ၂၀၀၈ ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် အသင်း ကနေ နူက်ထွက်မှာ မဟုတ်ဘူးလို့ အစောပိုင်းက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဝင်ဘလေကွင်းမှာ ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံးတဲ့ ပွဲအပြီးမှာ မက္ကလာရင်က “ကျနော် နူတ် ထွက်မှာ မဟုတ်ပါဘူး” လို့ ဘီဘီစီ အားကစားအစီအစဉ်ကို ပြောပါတယ်။
“အရှုံးအတွက် ကျနော် တာဝန်ယူသွားမှာပါ။ ခြေစစ်ပွဲအောင်ဖို့က ကျနော့် အလုပ်ပါ။ ဒါကို ကျနော် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော့် အနာဂတ်နဲ့ ပက်သက်လို့ ဆွေးနွေးမှာ မဟုတ်ပါဘူး”
ဘီဘီစီအားကစားသတင်းထောက် အကြီးအကဲ မိုက်အင်ဟန်ကတော့ တနင်္ဂနွေနေ့မှာ ကမ္ဘာ့ ဖလားပွဲစဉ်တွေ ထုတ်ပြန်မယ့် အခမ်းအနားကို တက်ရောက်ဖို့ မက္ကလာရင်ဟာ မနက်ဖြန် သောကြာနေ့မှာ တောင်အာဖရိကကို သွားဖို့ ရှိကြောင်း ပြောပါတယ်။
“အဲဒီကို မသွားခင် တစုံတရာ ဖြေရှင်းနိုင်ပါလိမ့်မယ်”
အင်္ဂလန်ဟာ ဂိုးသမားသစ် ကာဆင်ရဲ့ ဆိုးဝါးတဲ့ လက်စွမ်းကြောင့် ပထမပိုင်းမှာတင် (၂)ဂိုး ပေးလိုက်ရပြီး ခရိုအေးရှားရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ လမ်းပတ်နဲ့ ခရောက်ခ်ျတို့ ချေပဂိုးတွေ သွင်းပြီး ခြေစစ်ပွဲအောင်ရေး မျှော်လင့် ချက် ရောင်ခြည်သန်း နိုင်ခဲ့ပေမယ့် ခရိုအေးရှားက လူစားဝင်လာတဲ့ ပီထရစ်ရဲ့ သွင်းဂိုးကို ကာဆင် မကာကွယ်နိုင်လို့ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးနဲ့ ဝေးခဲ့ရပါတယ်။
မက္ကလာရင်က “ကျနော်တို့ ပရိတ်သတ်တွေနဲ့အတူ ခံစားရတယ် ဆိုတာကို ယုံကြည်စေ ချင်ပါတယ်။ သူတို့တတွေ ဘယ်လောက် ခံစားရမယ် ဆိုတာကို ကျနော်တို့ သိပါတယ်” လို့ ပြောပါတယ်။
“ကျနော် အနာဂတ်ကို မကြည့်ပါဘူး။ ဒီပွဲမှာ ဘယ်လိုကစားတာ၊ ဘာကြောင့် ရှုံးတာနဲ့ ဒါကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အကြောင်းကိုပဲ ကျနော် တွေးနေပါတယ်”
နာနေလို့ အရန်ထိုင်ခုံမှာ ထိုင်နေရတဲ့ အသင်းခေါင်းဆောင် တယ်ရီက “မက္ကလာရင် အပေါ်မှာ အပြည့်အ၀ ထောက်ခံမှုတွေ ရှိနေပါတယ်။ သူ့နဲ့ အလုပ်လုပ်ရတာ ကောင်းပါတယ်။ သူ့ကို ချည်း အပြစ်တင်လို့ မရပါဘူး။ ကစားသမားတွေကိုလည်း ပြောဖို့ လိုပါတယ်” လို့ ပြောပါ တယ်။
“အပြစ်တွေ အားလုံးကို သူ့ရဲ့ ပခုံးပေါ်ချည်း ပုံချလို့ မရပါဘူး။ အင်္ဂလန်အသင်းအနေနဲ့ ဒီလို ကြီးမားတဲ့ တာဝန်တွေကို ခွဲဝေယူရမှာပါ”
အုပ်စု (အီး)မှာ ခရိုအေးရှားက ရမှတ် (၂၉)မှတ်နဲ့ အုပ်စုဗိုလ်၊ ရုရှားက အင်ဒိုရာကို (၁ - ၀)နဲ့ နိုင်တဲ့အတွက် ရမှတ် (၂၄)မှတ်နဲ့ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်ခဲ့ပြီး အင်္ဂလန်ကတော့ (၂၃)မှတ်နဲ့ ကျန်ခဲ့ပါတယ်။ |

အင်္ဂလန်ရဲ့ အရှုံးကို မိုးရေထဲမှာ စိတ်ပျက်ပျက်နဲ့ ကြည့်နေတဲ့ မက္ကလာရင်
|