DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ကျွန်တော်တို့ချစ်တဲ့ စိုးမြတ်မင်း သိပ်ပျော်နေပြီ
ချစ်သူသက်တမ်း ၆ နှစ်အကြာတွင် ထာဝရလက်တွဲခဲ့သည့် ချစ်သူနှစ်ဦး
ကိုစိုးမိုး( IBC) - နိုဝင်ဘာ ၂၁၊ ၂၀၀၇

ကျွန်တော် သူကစပြီး သတိထားခဲ့မိတာ 1994 ခုနှစ် ပက်စီကိုလာဖလား ယူ-၁၅ ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲ ကတည်းကပါ။ ၁၉၉၈ အာရှယူ-၁၆ ခြေစစ်ပွဲမှာတော့ ပိုပြီး သတိထားစောင့်ကြည့်မိခဲ့ပြီး သူနဲ့လည်း တော်တော်ခင်သွားခဲ့တယ်။ အားကစားသမားဖြစ်ပေမယ့် စိတ်သဘောထားနူးညံ့ဖြူစင်ပြီး အစဉ်အမြဲပြုံးနေတတ် တဲ့သူဖြစ်လို့ ညီလေးတစ်ယောက်လို ချစ်ခင်မိခဲ့တယ်။ အဲဒီတုန်းက ကျန်တော်ဟာ အစိုးရ၀န်ထမ်းတစ်ယောက်သာ ဖြစ်နေပြီး စာမရေးဖြစ်ခဲ့သေးဘူး။


လက်ထပ်ပွဲမှာ စိုးမြတ်မင်းက ဇနီးဖြစ်သူကိုံ မင်္ဂလာကိတ်မုန့် ခွင့်ကျွေးနေစဉ်

မြန်မာလူငယ်အသင်းနောက်တန်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြကစားနိုင်လို့ ၁၉၉၈ ခုနှစ်မှာပဲ သူဟာ မြန်မာ့လက်ရွေးစင်အသင်းကြီးမှာ အရွေးခံခဲ့ရပြီး ဒုတိယအကြိမ် Tiger Cup ပွဲမှာ ပါဝင်ခွင့်ရခဲ့တယ်။ သူ့ရဲ့ပင် ကိုယ် ရိုးအေးတဲ့စိတ်သဘောထား၊ နှုတ်လိုခင်မင်ဖွယ်ကောင်းတဲ့အပြုအမူ၊ စည်းကမ်းရှိရှိ၊ ဇွဲစိတ်ဓာတ်ပြင်းပျစွာ ကြိုးစားမှု၊ ဘောလုံးကိုပဲ အာရုံစိုက်ပြီး သန့်သန့်ရှင်းရှင်းကစားတတ်မှုတွေကြောင့် အသင်းအကြီးအကဲတွေ နည်းပြ ဆရာတွေ၊ ကစားဖော်တွေ၊ စီနီယာကစားသမားကြီးတွေအားလုံးက သူ့ကိုချစ်ခင်လေးစားကြပြီး ပြိုင်ဘက်ကစား သမားတွေကပါ သူ့ကိုလေးစားနှစ်သက်ကြတယ်။ ပရိသတ်ချစ်ခင်အားပေးမှုကိုလည်း အပြည့်အ၀ရရှိသူဖြစ်တယ်။

ဘောလုံးကစားတုန်းက နောက်တန်းလူဖြစ်ပေမယ့် အသင်းရဲ့လိုအပ်ချက်၊ သူ့ရဲ့ပင်ကိုယ်စိတ်ဆန္ဒ အသင်း အတွက်အနိုင်ဂိုးတွေ တက်သွင်းပေးချင်တဲ့ စိတ်တွေနဲ့ တစ်စိုက်မတ်ကြိုးစားမှုကြောင့် နောက်ခံလူနေရာ ကနေ ကွင်းလယ်ခံစစ်သမား၊ ကွင်းလယ်ကစားကွက်ဖော်သူ၊ ကွင်းလယ်တိုက်စစ်မှူး အဖြစ်ကနေ နောက်ဆုံးမှာ ဂိုးသွင်းဖို့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လာခဲ့တယ်။ ကွင်းလယ်ကနေ ခံစစ်နဲ့ တိုက်စစ်ကို လိုသလို ပံ့ပိုးကစားပေး နိုင်မှု၊ အသင်းရဲ့ကစားကွက်ကို ဦးဆောင်မောင်းနှင် ပုံဖော်ကစားပေးနိုင်မှု၊ အရေးပါတဲ့ဂိုးတွေကို နေရာစုံကနေ သွင်းပြပေးနိုင်မှုတွေ အပါအ၀င် သူ့ရဲ့စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကြိုးစားမှုကောင်းမှုတွေနဲ့ အပြုအမူအနေအထိုင်တွေ ကြောင့် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းတို့ မကစားနိုင်တဲ့အချိန်ကစပြီး လက်ရွေးစင်အသင်းမှာရော ဘဏ္ဘာအခွန် က လပ်အသင်းကြီးမှာပါ အသင်းကပ္ပတိန်အဖြစ်တာဝန်ယူပြီး အသင်းကို ဦးဆောင်ကစားခွင့် ရခဲ့တယ်။

သူ့ရဲ့ ခြေစွမ်း၊ စိတ်ဓာတ်၊ ကြိုးစားမှုန့ အသင်းအတွက် ထူးချွန်ပြောင်မြောက်တဲ့ ဘောလုံးစွမ်းရည်တွေ ကြောင့် အသက်ငယ်ငယ်နဲ့ လက်ရွေးစင်ဖြစ်ခဲ့သလို လက်ရွေးစင်အတွက်ရော ကလပ်အသင်းအတွက်ပါ ပွဲပေါင်းများစွာ ကစားခဲ့ပြီး ဂိုးတွေလည်း အများကြီး သွင်းနိုင်ခဲ့တယ်။ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၃၅ နှစ်ကြာ ဝေးကွားနေပြီမှ ပထမဆုံးချန်ပီယံဆုဖလားဖြစ်တဲ့ ၂၀၀၆ မာဒေးကားဖလားကြီးကို ရရှိအောင် ဦးဆောင် ကစားခဲ့သလို ကလပ်အသင်းသမိုင်းတစ်လျှောက်မှာလည်း ပထမဆုံး ချန်ပီယံဖလားဖြစ်တဲ့ ၂၀၀၄၊ FA Shield (အိန္ဒိယ ဖိတ်ခေါ်ဖလားပွဲ) မှာ ဗိုလ်စွဲအောင် အထူးခြေစွမ်းပြ ကစားပေးနိုင်ခဲ့တယ်။

ကစားသမားဘ၀ သက်တမ်းတစ်လျှောက် အခုအချိန်ထိ တစ်ဦးချင်းအကောင်းဆုံးဆုတွေ၊ ထူးချွန်ဆုတွေနဲ့ အစိုးရနဲ့ အဖွဲ့အစည်းအသီးသီးက ချီးမြှင့်တဲ့ ထူးချွန်တံဆိပ်တွေ၊ ထူးခွန်ဆုတွေ များစွာရရှိခဲ့သလို ၂၀၀၅ ခုနှစ် မြန်မာ့အကောင်းဆုံး ကစားသမားဆုတွေနဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) က ချီးမြှင့်တဲ့ IOC Torphy for Sports and Fair Play Award ကိုတောင် မြန်မာ့ဘောလုံးသမားတွေထဲမှာ ပထမဆုံးရရှိခဲ့သူအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့တယ်။ UN အဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF, WHO စတဲ့အဖွဲ့အစည်းတွေရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်တာဝန်ပေးခံရတာကြောင့် မျိုးဆက်သစ်လူငယ်တွေ အတွက် အားကျအတူယူစရာစံပြ (Icon) ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ Profile ကိုကြည့်ရင် သူ့အနေအထား ကို သဘောပေါက်ပါလိမ့်မယ်။

အဲဒီ သူဆိုတာ ကျွန်တော်တို့အားလုံး “ဖိုးခွား”လို့ ချစ်စနိုးခေါ်တဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဘဏ္ဌာအခွန် ဘောလုံးအသင်း ကပ္ပတိန် နိုင်ငံဂုဏ်ဆောင်ဘောလုံးသမား စိုးမြတ်မင်းပါပဲ။

စိုးမြတ်မင်းဟာ ဘောလုံးအားကစားမှာ ထူးချွန်ပြီး မိခင်ဌာနမှာ အရာရှိ(အကောက်ခွန်မှူး) တစ်ယောက်ဖြစ် နေပေမယ့် ပင်ကိုယ်ရိုးအေးပြီး အရှက်အကြောက် အလွန်ကြီးတတ်သူဖြစ်လို့ နှလုံးသားရေးရာမှာတော့ ဆန်း ပွင့်ခဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ၆ နှစ်လောက်က စိုးမြတ်မင်းတစ်ယောက် ချောမောလှပ ပြီး မဟာဆန်တဲ့ မိန်းမချောလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်နေပြီဆိုတာကို ကျွန်တော်အပါအ၀င် လူအများစုက မယုံခဲ့ကြဘူး။ စိုးမြတ်မင်းကလည်း ရိုးအေးလျှို့ဝှက်လွန်းတတ်လို့ သူ့ကောင်မလေးကို တော်တော်နဲ့ မမြင်ခဲ့ဘူး။

တစ်နေ့တော့ “ဟေ့ကောင် ဖိုးခွား၊ မင်းကောင်မလေးက ဘယ်သူလဲ၊ ဘယ်ကတွေ့ထားတာလဲ”လို့ အ တင်း အစ်ဟောက်မေးမှ လွန်ခဲ့တဲ့ 2001 မြို့တော်ဝန်သင်္ကြန်မဏ္ဌပ်မှာ ယိမ်းအကနဲ့ ဖျော်ဖြေပွဲကို ညီမဖြစ် သူနဲ့အတူ သွားကြည့်ရင်း မြန်မာဆန်ဆန်လှနေတဲ့ စန္ဒာလင်းဆိုတဲ့ မိန်းကလေးကို သွားတွေ့ခဲ့ပြီး ညီမ အကူအညီနဲ့ ၆ လလောက် ကြိုးစားခဲ့ပြီး အဖြေရခဲ့ခြင်းဖြစ်ကြောင်း၊ သူတို့နှစ်ယောက် 2007 လကုန်ပိုင်းမှာ လက်ထပ် ဖြစ်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖိုးခွားတို့စုံတွဲနဲ့ ကျွန်တော် မကြာခဏဆုံဖြစ်ခဲ့တယ်။

ညီလေးတစ်ယောက်လိုဖြစ်နေတဲ့ ဖိုးခွားခေါ် စိုးမြတ်မင်းက “အစ်ကိုရေ ကျွန်တော်မင်္ဂလာပွဲက နိုဝင်ဘာ 8 ရက်နေ့၊ ယုဇနဒင်းဂါးဟိုတယ်မှာလုပ်မှာ၊ အစ်ကို ကူညီပါဦး”လို့ပြောတော့ ကျွန်တော်က တတ်နိုင်တဲ့ဘက်က ၀မ်း မြောက်ပျော်ရွှင်စွာကူညီပေးခဲ့ပြီး သူ့မင်္ဂလာပွဲကလည်း ထင်ထားတာထက် ပိုစည်းခဲ့တယ်။ နိုင်ငံကျော်ပြည့်သူ့ အချစ်တော် ဘောလုံးသမားရဲ့ မင်္ဂလာပွဲဆိုတော့ အလွှာစုံက အကြီးအကဲတွေ၊ ဧည့်သည်တော်တွေ အများကြီး တက်ရောက် ချီးမြှင့်ခဲ့တာပေါ့။

မင်္ဂလာအခမ်းအနားမှာ ဘဏ္ဌာအခွန်ဝန်ကြီးနဲ့ ဇနီးတို့က မင်္ဂလာပန်းကုံး၊ အားကစားဝန်ကြီးနဲ့ ဇနီးတို့က မင်္ဂလာလက်စွပ်တွေချီးမြှင့်ပေးခဲ့တဲ့အပြင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တို့စုံတွဲ၊ လက်ရွေးစင်အသင်းရဲ့ ဘရာဇီး နည်းပြကြီးတို့ စုံတွဲအပါအ၀င် သူ့ကိုချစ်တဲ့ အလွှာအသီးသီးက ဆရာသမားတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလုံး တက်ရောက်ခဲ့လို့ မူလက ဧည့်သည် ၆၀၀ လောက်ပဲမှန်းထားတဲ့ပွဲက လူ ၈၀၀ လောက်ဖြစ်သွားပြီး စားပွဲတွေထပ် တိုးခဲ့ရတဲ့အထိ ကျေနပ်ပီတိဖြစ်စရာ စည်းကားခဲ့တယ်။

Wedding Dinner မှာလည်း အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ရောက်ပြီး သူတို့မင်္ဂလာပွဲကို အပျော်တွေ ကူးစက်ခဲ့ကြတယ်။ ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် အလွန်ရိုးအေးသူဖြစ်တဲ့ စိုးမြတ်မင်းဟာ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာလုံးဝသောက်တတ်သူ မဟုတ်လို့ သူ့ဆရာသမားတွေ၊ သူ့မိတ်တွေ၊ ကစားဖော်တွေက အ တင်းခွက်ကိုင်ခိုင်းပြီး Cheer ၀ိုင်းလုပ်တော့ ပါးစပ်ကြီးပိတ်ပြီး သောက်ချင်ယောင် ဆောင်နေရတဲ့ ဖိုးခွား တစ်ယောက် တော်တော်စိတ်ညစ်ခဲ့ရပေမယ့် သူ့ရင်ထဲက အပျော်တွေကတော့ ဖုံးမရဖိမရစွာ ပေါ်လွင်နေတာကို ၀မ်းသာကြည်နူးစွာ တွေ့ခဲ့ရတယ်။
စိုးမြတ်မင်းရဲ့ဇနီးချောလေး စန္ဒာလင်းမှာလည်း အနေအေးပြီး အိနြေ္ဒရှင်မိန်းကလေးဖြစ်ပြီး ချစ်သူသက်တမ်း ၆ နှစ်ကြမှ တစ်ဦးနဲ့တစ်ဦး နားလည်ချစ်ခင်စွာ ဘ၀အဖော်တွေအဖြစ် ထာဝရလက်တွဲသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။ အရင်က ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုမှာ ကြီးကြပ်ရေးမှူးအဆင့်နဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ညီမငယ် စန္ဒာလင်း ဟာ သူ့ထက် ၄ နှစ်နီးပါးလောက်ကြီးတဲ့ ဘောလုံးသမားကြီး စိုးမြတ်မင်းရဲ့ နွေးထွေးအေးမြတဲ့ ရင်ခွင်ထဲမှာ နားခို ရင်း စိုးမြတ်မင်းရဲ့ ဘောလုံးသမားဘ၀ကိုလည်း တန်ဖိုးထားပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် နေသွား မယ်လို့ ကတိပြုပြောကြားခဲ့တာကလည်း ကျွန်တော်ညီလေး ဖိုးခွားသာမက ကျွန်တော်တို့ရင်ထဲထိ အေးမြစီး ၀င်စေခဲ့တဲ့ စကားလေးဖြစ်ခဲ့တယ်။

အမြဲတမ်းပြုံးနေတဲ့ အရှက်အကြောက်ကြီးတဲ့ ဖိုးခွားကြီး အရက်ဘီယာလုံးဝမသောက်၊ သောက်ချင်ယောင်၊ နည်းနည်းမူးချင်ယောင်ဆောင်ပြီး သွားကြီးတွေဖြဲပြီး ရယ်မောပျော်ရွင်နေတာကို ကျွန်တော့် မျက်လုံးထဲက မထွက် တော့ပါ။

တိုင်းပြည်အတွက်၊ ဌာနအတွက် ဘောလုံးပညာနဲ့ တာဝန်ကျေခဲ့တဲ့ စိုးမြတ်မင်းတစ်ယောက် အိမ်ထောင် ဦးစီးအဖြစ်လည်း တာဝန်ကျေမယ်ဆိုတာကို သံသယမရှိပါဘူး။ သူ့သိပ်ချစ်တဲ့ သူ့ကိုလည်း သိပ်ချစ်ပြီး နားလည် တဲ့ အိနြေ္ဒရှိပြီး ချောမောလှပတဲ့ မိန်းမချောလေးနဲ့ ထာဝရလက်တွဲခွင့် ရသွားခဲ့လို့လေ။

ဒီဆောင်းပါးနဲ့ စိုးမြတ်မင်းကို လေးစားချင်ခင်ကြတဲ့ ကမ္ဘာအရပ်ရပ်က ဘောလုံးပရိသတ်တွေ၊ ပြည်တွင်းက ပရိသတ်တွေ၊ သူတို့နှစ်ယောက်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံး သိရှိ အပျော်ကူးစက်နိုင်အောင် ရေးသား တင်ပြ ပေးလိုက်ပါတယ်။