DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
မက္ကလာရင် တကယ်ထွက်သင့်ပြီလား
ကိုစိုးမိုး (IBC) - နိုဝင်ဘာ ၁၈၊ ၂၀၀၇

ဒီအချိန်မှာ အင်္ဂလန်နည်းပြမက္ကလာရင်ရဲ့ အနာဂတ်ဟာ တည်းတည်းလေးပဲရှိတော့တယ်ဆိုတာ အားလုံး အသိပါ။ သူတို့အသင်းကိုမှ ကမ္ဘာမှာ အကောင်းဆုံးအသင်းလို့ထင်နေကြတဲ့ အင်္ဂလိပ်ပရိသတ်တွေအတွက် ယူရို ပြိုင်ပွဲမှာ ခြေစစ်ပွဲတောင် မအောင်နိုင်တဲ့အနေအထားမျိုးကို လက်ခံဖို့က ခပ်ခက်ခက်ပဲ။ လက်ရှိ အင်္ဂလန်အသင်းရဲ့ အနေအထားကလည်း ခြေစစ်ပွဲအောင်ဖို့ ရာခိုင်နှုန်းအတော်နည်းနေပြီဆိုတော့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ထုံးစံအတိုင်း နည်းပြထွက်ရုံပဲပေါ့။ အင်္ဂလန်သာ ယူရိုခြေစစ်ပွဲမအောင်ခဲ့ရင် သူမထွက်လည်း အက်ဖ်အေက ထုတ်ဖို့ စဉ်းစားမှာပဲ။ တကယ်လို့ အက်ဖ်အေက မက္ကလာရင်ကို အကြောင်းကြောင်းကြောင့် ဆက်ပြီး ထားချင်သေးတယ်ဆိုရင်တောင် ပေါက်ကွဲနေတဲ့ အင်္ဂလိပ်ပရိသတ်တွေနဲ့ အဖွသန်လာတဲ့ အင်္ဂလိပ်မီဒီယာတွေရဲ့ ဖိအားကြောင့် မက္ကလာရင်ရဲ့ အင်္ဂလန်နည်းပြရာထူးဟာ ဆက်မြဲဖို့ရာခိုင်နှုန်းသိပ်နည်းသွားမှာပဲမဟုတ်လား။


မက္ကလာရင်

ယူရိုခြေစစ်ပွဲလက်ရှိအုပ်စု E မှာ အင်္ဂလန်ဟာ ခရိုအေးရှားအောက်၊ ရုရှားရဲ့အထက်က ရှိနေတာမှန်ပေမယ့် ဒီဆောင်းပါးပါလာတဲ့အချိန်လောက်ဆိုရင် အစ္စရေး-ရုရှားပွဲ၊ မက်ဆီဒိုးနီးယား-ခရိုအေးရှားပွဲအဖြေထွက်ပြီး ဖြစ်လိမ့်မယ်။ ဒီပွဲတွေမကစားခင်အချိန်မှာတောင် ခရိုအေးရှားရဲ့ အနေအထားဟာ သေချာပေါက် ခြေစစ်ပွဲအောင် သလောက်နီးပါးရှိနေတော့ အင်္ဂလန်အဓိကအားပြိုင်ရမှာ ရုရှားနဲ့ပဲဆိုတာပဲ အားလုံးအသိပါ။ အစ္စရေးကသူ့ကွင်းမှာ ရုရှားကို အနိုင် (သို့) သရေလောက်ကစားနိုင်ရင်တောင် အင်္ဂလန်က နောက်ဆုံးပွဲမှာ ခရိုအေးရှားလို အလွန်တောင့်တင်းတဲ့အသင်းကို အနိုင်ရအောင်ကစားဖို့လိုနေသေးတော့ အင်္ဂလန်အသင်းရဲ့ အနာဂတ်ဟာ အစ္စရေးအသင်းရဲ့ စွမ်းဆောင်နိုင်မှုကံကြမ္မာပေါ်တွင်သာမက သူတို့ရဲ့ အကောင်းဆုံးစွမ်းရည်ကို ထုတ်ပြနိုင်ဖို့ လည်း လိုနေသေးတာလည်း ပရိသတ်အားလုံးတွက်ဆနိုင်ပါတယ်။ ဒီတော့ အင်္ဂလန်အသင်း ယူရိုခြေစစ်ပွဲ မအောင်ရင် ဆုံးရှုံးနစ်နာရမယ့် အခြေအနေတွေ အများကြီးရှိနိုင်သလို မက္ကလာရင်လည်း ရာထူးက သေချာပေါက် ထွက်ရမယ်ဆိုတာလည်း ရှင်းရှင်းကြီးခန့်မှန်းလို့ရနေတယ်။ အာစင်ဝင်းဂါးလိုလူမျိုးက အင်္ဂလန်အသင်းယူရိုခြေစစ် ပွဲမအောင်ခဲ့ရင်တောင် မက္ကလာရင်ကို ဆက်ထားသင့်တယ်လို့ဆိုပြီး အင်္ဂလန်အသင်းကို အင်္ဂလိပ်နည်းပြပဲ ကိုင်တွယ်သင့်တယ်လို့ ထောက်ခံမှတ်ချက်ပေးခဲ့ပေမယ့် အက်ဖ်အေအနေနဲ့ ပရိုဆန်ဆန်ကျင့်သုံးမှာကတော့ သေချာတယ်။ အစ္စရေး-ရုရှားပွဲအဖြေမထွက်သေးခင်မှာပဲ မက္ကလာရင်ကို ရာထူးက ထုတ်ပယ်သင့်တယ်လို့ အလွှာ ပေါင်းစုံက တောင်းဆိုနေကြပြီမဟုတ်လား။

ဒီတော့ မက္ကလာရင်ဟာ အင်္ဂလန်နည်းပြရာထူးနဲ့ တကယ်ထိုက်တန်မတန်ဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုလာပါပြီ။ တကယ်တော့ မက္ကလာရင်ကို အင်္ဂလန်နည်းပြအဖြစ် စခန့်ခဲ့ကတည်းက အင်္ဂလိပ်မီဒီယာတွေနဲ့ ပရိသတ် တွေအပါအ၀င် ဘောလုံးကျွမ်းကျင်သူတချို့က အပြည့်အ၀ထောက်ခံခဲ့တာတော့ မဟုတ်ပါဘူး။ မကြေလည်မှုတွေ၊ ကန့်ကွက်မှုတွေကြားထဲက အက်ဖ်အေက ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး သူ့ကို တာဝန်ပေးခဲ့ တာပါ။ အင်္ဂလန်ရဲ့ ပထမဆုံးနည်းပြဖြစ်တဲ့ အဲရစ်ဆင်ရဲ့ စွမ်းဆောင်မှုကို အားမလိုအားမရဖြစ်နေကြတော့ မက္ကလာရင်ကို အဲရစ်ဆင်ထက် နည်းနည်းများပိုလုပ်ပြနိုင်မလားဆိုတဲ့ အတွေးနဲ့လည်း အက်ဖ်အေက သူ့ကို ရွေးချယ်ခဲ့တာပါ။ မက္ကလာရင်ဟာ အဲရစ်ဆင်ရဲ့ လက်ထက်နည်းပြအဖြစ် ၅ နှစ်ကျော်လောက် တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး အင်္ဂလန်ဘောလုံးသမားတွေရဲ့အကြောင်းကို တခြားနည်းပြတွေထက် ပိုသိစေနေနိုင်လို့လည်း အဲဒီ တုန်းက အနေအထားအရ ဒီတာဝန်ဟာ သူနဲ့ပဲသင့်တော်တယ်ဆိုတဲ့ အတွေးနဲ့လည်း ခန့်အပ်ခဲ့တာ ဖြစ်နိုင်ပါ တယ်။
မက္ကလာရင်ကလည်း နည်းပြချုပ်အဖြစ် သူစကိုင်တွယ်စမှာ အသင်းရလဒ်ကို အကောင်းဘက်ရောက် အောင် လုပ်ပြနိုင်ခဲ့သေးတော့ အင်္ဂလန်ပရိသတ်တွေက သူ့ကိုပဲ မရဲတရဲနဲ့ အားပေးထောက်ခံမှုတွေ တဖြည်း ဖြည်းရှိလာခဲ့တယ်။ မက္ကလာရင်ကလည်း သူဟာ အဲရစ်ဆင် လက်ထောက်လုပ်ခဲ့ပေမယ့် အဲရစ်ဆင် လက်ထက်က နည်းစနစ်ကစားကွက်တွေ၊ ကိုင်တွယ်လေ့ကျင့်ပုံတွေ၊ နည်းဗျူဟာ ချမှတ်ပုံတွေအတိုင်း သူ့လက်ထက်မှာ ဆက်လုပ်သွားမှာမဟုတ်ဘဲ အဲရစ်ဆင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့တယ်။ အဲရစ်ဆင်လက်ထက်မှာ မရှိမဖြစ်လို့ ဆိုခဲ့ကြတဲ့ အသင်းရဲ့ အသည်းနှလုံး ဘက်ခမ်းလိုကစားသမားမျိုးကိုတောင် အကြောင်းပြချက် များများစားစားမရှိဘဲ ခေါက်ပြလိုက်ပြီး ကျန်တဲ့ကစားသမားတွေကိုပါ သူ့ရဲ့ပါဝါကို သွယ်ဝိုက်တဲ့ နည်းနဲ့ ထုတ်ပြပြီး အသင်းကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့ ပြင်ဆင်ခဲ့တယ်။

ရလဒ်တွေကောင်းနေတုန်းတော့ မက္ကလာရင်အတွက် သာယာစိုပြေနေခဲ့တာပေါ့။ တဖြည်းဖြည်းနဲ့ရလဒ် တွေလည်း ဆိုးလာခဲ့တော့ ပရိသတ်တွေဟာ သူတို့အချစ်တော်ဘက်ခမ်းကို ပြန်ရွေးဖို့ ဖိအားပေးတောင်းဆိုခဲ့ရင် မက္ကလာရင်ကိုလည်း ဝေဖန်မှုတွေရှိလာခဲ့တယ်။ နောက်ဆုံးမှာ မက္ကလာရင်ဟာ သူ့ရဲ့မာနနဲ့ စိတ်ဓာတ်ကို ပြင်ပြီး ဘက်ခမ်းကို ပြန်ရွေးလိုက်ရတယ်။ ကစားအားကောင်းတဲ့ လူငယ်ကစားသမားအများစုကိုပဲ အခြေခံပြီး အသင်း တည်ဆောက်ဖို့ရည်မှန်းထားတဲ့ သူ့ဆန္ဒတွေလည်း တကယ်ဖြစ်မလာခဲ့တော့ဘဲ အတွေ့အကြုံရင့်တဲ့ ဘက်ခမ်း တို့လို ကစားသမားတွေကို ပြန်ရွေးခဲ့ရတော့တယ်။ ဘက်ခမ်းကလည်း သူ့ကိုပြန်ရွေးတဲ့ ပွဲနှစ်ပွဲမှာပဲ အင်္ဂလန် အသင်းအတွက် အထောက်အကူအများကြီးရအောင်ကစားခဲ့တော့ မက္ကလာရင်ဟာ သူ့ဆုံးဖြတ်ချက်မှန်သွားတယ် လို့ ကြွေးကြော်ခဲ့ပြီး အင်္ဂလန်ပရိသတ်တွေရဲ့ ထောက်ခံမှုကိုလည်း အနည်းငယ် ပြန်ယူနိုင်ခဲ့တယ်။

ဒါပေမယ့် မကြာပါဘူး။ အင်္ဂလန်အသင်းဟာ ကံဆိုးမှုတွေ ပြန်ရှိလာခဲ့ပြီး အရေးကြီးပွဲကျပ်တွေမှာ နာတဲ့သူတွေ၊ ပွဲပယ်ခံရတဲ့သူတွေရှိလာခဲ့တယ်။ ဒါပေမယ့် မက္ကလာရင်ဟာ အဲဒီအချိန်ထိ ကံကောင်းနေဆဲဖြစ်ပြီး သူစင်တင်ခဲ့တဲ့ မီကာရစ်ချက်လိုကစားသမားမျိုးဟာ အံ့သြလောက်အောင် အသုံးတည့်တာပြီး ဘက်ခမ်း၊ လမ်းပတ်နဲ့ ဟားဂရေ့ဗ်လိုကစားသမားမျိုးတွေ နာနေတဲ့အချိန်မှာ သူယုံယုံကြည်ကြည်နေရာပေးခဲ့တဲ့ ဗီလာကွင်း လယ်လူ ဘယ်ရီဟာ အင်္ဂလန်ကွင်းလယ်မှာ အထူးအံဝင်ခြေစွမ်းပြခဲ့ပြီး နလန်ထအိုဝင်နဲ့ ရူနီတို့ကလည်း ပုံမှန်ခြေစွမ်းပြပြီး ဂိုးတွေပြန်သွင်းပေးလာနိုင်လို့ အင်္ဂလန်အသင်းနိုင်ပွဲ ပြန်ဆက်လာပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့် ချက်တွေ ပြန်ရှိလာခဲ့တယ်။ အဓိကပြိုင်ဘက် ရုရှားလိုအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နိုင်ခဲ့တဲ့အပြင် နောက်ဆုံး ခြေစစ်ပွဲ ၅ ပွဲမှာ ၃ ဂိုးပြတ်ချည်းပဲနိုင်ခဲ့လို့ မက္ကလာရင်အနာဂတ်ဟာ လှပနေခဲ့သေးတယ်။

အရေးကြီးတဲ့ခြေစစ်ပွဲဖြစ်တဲ့ ရုရှားအသင်းကို မော်စကိုမှာ သွားကစားရတဲ့ပွဲမှာတော့ မက္ကလာရင်အတွက် ကံကောင်းမှုတွေဟာ ပျောက်ဆုံးသွားခဲ့ပြန်တယ်။ အထူးသဖြင့် ရုရှားတို့အထူးစီမံထားတဲ့ လုဇနီကီမြက်ခင်းတု ကွင်းကြီးထဲမှာ သူ့ရဲ့ အင်္ဂလန်ကစားသမားတွေဟာ မျှော်လင့်ထားသလိုပဲ အခက်အခဲကြုံပြီး ပုံမှန်ခြေစွမ်းမျိုးရ အောင်တောင် မကစားနိုင်ခဲ့ဘူး။ ရုရှားကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကွင်းအနေအထား၊ အသင်းရဲ့နည်းဗျူဟာ အားနည်းချက်နဲ့ အင်္ဂလန်ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအရ ရုရှားအသင်းဟာ တစ်ဖက်သတ်နီးပါးဖိကစားခဲ့ပြီး ၄ မိနစ်အတွင်းမှာ ၂ ဂိုးဆက်တိုက်သွင်းသွားပြီး အင်္ဂလန်ကို ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်နည်းပါးသွားစေခဲ့တယ်။ ဒီတစ်ပွဲတည်းကြည့်ရင် လုဇနီကီကွင်းရဲ့ ဒုက္ခပေးမှု တစ်စိတ်တစ်ပိုင်းကြောင့် အင်္ဂလန်အသင်းရလဒ် မကောင်းရတာပါလို့ ပြောနိုင်ပေမယ့် ဒီပွဲမှာ မက္ကလာရင်ရဲ့ လူထုတ်ပုံ၊ လူစားလဲပုံ၊ နည်းဗျူဟာကစားကွက်ပြောင်းလဲပုံ၊ မဟာဗျူဟာချမှတ်ပုံတွေက ရုရှားနည်းပြဟစ်ဒင့် ထက် အများကြီးအားနည်းခဲ့တာ ငြင်းလို့မရပါဘူး။ ဒီပွဲရလဒ်အတွက် အခုဆိုရင် သူ့ရဲ့အနာဂတ်ဟာလည်း မရေရာမှုတွေများစွာရှိလာခဲ့ပြီး ကျားသနားမှ နွားချမ်းသာရမလိုဖြစ်နေပါပြီ။

တကယ်တော့ မက္ကလာရင်ဟာ အလွန်ညံ့ဖျင်းတဲ့နည်းပြတစ်ယောက်မဟုတ်ပေမယ့် အင်္ဂလန်လို ကမ္ဘာ့ပရိ သတ်အာရုံအစိုက်ဆုံး အသင်းကြီးကို အောင်မြင်အောင်ကိုင်တွယ်နိုင်ဖို့ စွမ်းရည်တွေ သူ့မှာအလုံအလောက်ရှိ မနေဘူးဆိုတာတော့ သေချာပါတယ်။ မက္ကလာရင်ရဲ့ သိသာတဲ့အားနည်းချက်ထဲမှာ ဘောလုံးသမားတွေကို တကယ့်ပွဲကျပ်တွေထဲမှာ အနိုင်ရစေဖို့ ပြင်းပြပြီး ရေကုန်ရေခမ်းကစားအောင် မောင်းနှင်မှုမပေးနိုင်တာနဲ့ ကစားသမားတစ်ဦးရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အနေအထားကို ချက်ချင်းမသုံးသပ်နိုင်ဘဲ ဘယ်နေရာမှာ ဘယ်လိုကစားသမားကို ထားသုံးသင့်သလဲဆိုတာ ထိပ်တန်းနည်းပြအတွေးအခေါ်မျိုး မရှိသေးတာပါပဲ။

နောက်တစ်ချက်က မက္ကလာရင်ဟာ တစ်ဖက်အသင်းရဲ့ အားသာချက်ကို ချက်ချင်းမဖတ်တတ်ဘဲ လိုအပ်တဲ့ နည်းဗျူဟာ အပြောင်းအလဲလုပ်ရာမှာလည်း နှေးကွေးနေတတ်လို့ တချို့ပွဲတွေမှာ အနိုင်ရသင့်လျက်နဲ့ သရေကျ၊ အနည်းဆုံးသရေကစားလို့ရလျက်နဲ့ ရှုံးနိမ့်သွားတာမျိုးတွေ့ရတတ်ပါတယ်။ ဒါ့အပြင် သူဟာ အများနဲ့ မတူတဲ့ နည်းစနစ်ဗျူဟာမျိုး ချတတ်တဲ့နည်းပြဆိုတာကို ပေါ်လွင်ချင်တဲ့စိတ်နဲ့ အင်္ဂလန်ကစားသမားတွေနဲ့ မရင်းနှီး တဲ့ကစားကွက်မျိုးကို တကယ့်ပွဲတွေမှာ စမ်းသပ်ကစားစေခဲ့တာကလည်း သူ့ရဲ့အားနည်းချက်လို့ ဆိုရပါ မယ်။ သူ့ရဲ့ အသိသာဆုံး အားနည်းချက်ကတော့ မီဒီယာနဲ့ ပရိသတ်ဖိအားဒဏ်ကို အဲရစ်ဆင်လောက်ခံနိုင်ရည် မရှိဘဲ တစ်ဖက်အသင်းကို စိတ်ဓာတ်ရေးရာအရ လှည့်စားမှုပါတဲ့ မဟာဗျူဟာကျကျ စကားတွေမပြောတတ်ခြင်း ပါပဲ။

တကယ်တော့ အုပ်စု E မှာပါတဲ့ အသင်းတွေအားလုံးဟာ ခရိုအေးရှားကလွဲရင် ကစားသမားအင်အား၊ ပြိုင်ပွဲအတွေ့အကြုံ၊ အောင်မြင်မှုအစဉ်အလာ၊ လက်ရှိဘောလုံးအဆင့်သတ်မှတ်ချက်အပါအ၀င် အခြားသော အခြေအနေအရပ်ရပ်မှာ အင်္ဂလန်အသင်းထက် သိသိသာသာအားနည်းမှုရှိနေလို့ အင်္ဂလန်အသင်းအနေနဲ့ ခြေစစ်ပွဲသေချာပေါက် အောင်သင့်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်အောင် လုပ်နိုင်စွမ်းမရှိခဲ့တော့ မက္ကလာရင်အနေနဲ့ အင်္ဂလန်နည်းပြရာထူးနဲ့ မထိုက်တန်သူလို့ မဆိုနိုင်တောင် ဒီရာထူးမှာ ဆက်မရှိသင့်တဲ့လူလို့ပြောရင် ပြောတဲ့သူ မလွန်ဘူးလို့ ဆိုရမလိုဖြစ်နေတယ်။ လက်ရှိစစ်တမ်းတွေအရလည်း မက္ကလာရင်ကို အင်္ဂလန်နည်းပြအဖြစ် ဆက်မထားသင့်တော့ဘူးဆိုတဲ့ ရာခိုင်နှုန်းက ဆက်ထားသင့်သေးတယ်ဆိုတဲ့ ရာခိုင်နှုန်းထက် သိသိသာသာပိုများ နေတာတွေ့ရတယ်။ အက်ဖ်အေကတောင် တကယ်လို့ ရုရှားသာ အစ္စရေးကို နိုင်သွားခဲ့ရင် အင်္ဂလန်ဟာ ခြေစစ်ပွဲ အောင်ဖို့မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားမယ့်အခြေအနေမျိုးနဲ့ မက္ကလာရင်ရဲ့ အင်္ဂလန်အသင်းဟာ ၀င်ဘာလေကွင်းမှာ ခရိုအေးရှားနဲ့ နောက်ဆုံးကစားတဲ့အချိန်ကျရင် မက္ကလာရင်အနေနဲ့ အင်္ဂလန်ပရိသတ်ရဲ့ အပြင်းအထန် လှောင်ပြောင်ရှုတ်ချမှုကို ခံရလိမ့်မယ်လို့ ကြိုတင်သုံးသပ် စိတ်ပူပတ်နေကြတာ တွေ့ရတယ်။ ဒီတော့ မက္ကလာရင်ရဲ့ အင်္ဂလန်နည်းပြရာထူးသက်တမ်းဟာ မလှမပနဲ့ နိဂုံးချုပ်ရတော့မယ့် အနေအထားမျိုးကို ရောက်နေသလိုဖြစ်နေတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်၊ တိတိကျကျပြောရရင် ၁၉၄၆ ခုနှစ်ကနေ အခုအချိန်အထိ အင်္ဂလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ၁၁ ယောက်မှာ မက္ကလာရင်ဟာ ၁၉၉၉-၂၀၀၀ ခုနှစ်အတွင်း အင်္ဂလန်နည်းပြလုပ်ခဲ့တဲ့ ကီဗင်ကီးဂန်းပြီးရင် အင်္ဂလန်အသင်းကို အောင်မြင်စွာကိုင်တွယ်နိုင်တဲ့ ရာခိုင်နှုန်း အနည်းဆုံးဆိုတာ မှတ်တမ်းတွေက အခိုင်အမာ ဖော်ပြနေတယ်။

ယူရိုပြိုင်ပွဲ ၂ ကြိမ်၊ ကမ္ဘာ့ဖလားတစ်ကြိမ်၊ စုစုပေါင်း ပြိုင်ပွဲကြီး ၃ ချုမှာ အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ်အဆင့် တက်နိုင်အောင် လုပ်နိုင်ခဲ့တဲ့ အဲရစ်ဆင်လိုလူမျိုးတောင် အင်္ဂလန်နည်းပြ ရာထူးက ထွက်လိုက်ရသေးတာဆိုတော့ အင်္ဂလန်အသင်းကို ယူရိုခြေစစ်ပွဲလေးတစ်ပွဲမှ အောင်အောင်မလုပ်နိုင်တဲ့ မက္ကလာရင်လိုလူမျိုးကို အင်္ဂလန်လို ဘောလုံးနိုင်ငံမျိုးက လွမ်းစရာမရှိနိုင်တဲ့အပြင် ကမ္ဘာအရပ်ရပ်က အင်္ဂလန်အသင်းပရိသတ်တွေကလည်း အင်္ဂလန်အသင်းမှာ မက္ကလာရင် ဆက်ရှိနေသင့်သေးတယ်လို့ ထောက်ခံကြ လိမ့်မယ်လို့ မထင်မိပါဘူး။ စာဖတ်သူများကရော ဒီအချက်ကို သဘောတူပါသလား။