DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
သတိပြုဆင်ခြင်စရာ အီတလီဘောလုံး ပရိသတ်ဆိုးများ၏ ဘေးထွက်ဆိုးကျိုး
ကိုစိုးမိုး (IBC) - နိုဝင်ဘာ ၁၄၊ ၂၀၀၇

ဘောလုံးအားကစား၊ တစ်နည်း ဘောလုံးပွဲတွေ၊ အထူးသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်နယ်ရှိလှသည့် ဘောလုံး ပြိုင်ပွဲကြီးတွေဟာ ပရိသတ်၊ တစ်နည်းလူသား အလွှာ အသီးသီးကို ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း၊ ဆွဲဆောင်ခြင်း၊ ရင်ခုန်ခြင်း၊ ရင်မောရခြင်း၊ ၀မ်းသာဂုဏ်ယူရခြင်း၊ ပေါက်ကွဲဒေါသထွက်ရခြင်း….ပြောမကုန်နိုင်သော စိတ်ခံစားမှု ပေါင်း များစွာကို ပေးစွမ်း လေ့ရှိသည်။ ထို့ကြောင့်လည်း အားကစားနည်းပေါင်း များစွာထဲတွင် ဘောလုံးအားကစားနည်းမှာ ပရိသတ်သည်းချေကြိုက် ဖြစ်နေခြင်းပင် မဟုတ်ပါလား။

ယနေ့လို ခေတ်တွင် ဘောလုံးသည် လူသားများ၏ စိတ်ခံစားမှုထွက်ပေါက်ဖြစ်စေရာနေရာ၊ စိတ်အပန်းဖြေ ပျော်ရွှင်စရာဖျော်ဖြေရေးအသွင်သဏ္ဌာန်ကြီး တစ်ခုဖြစ်လာရုံမကပဲ လူအများအတွက် မှီခိုအားထားအခြေပြုရာ စီးပွားရေး မဏ္ဍိုင်ကြီး တစ်ခုဖြစ်လာရုံမကဘဲ လူအများအတွက် မှီခိုအားထားအခြေပြုရာ စီးပွားရေး မဏ္ဍိုင်ကြီးတစ်ခု ပင်ဖြစ်လာ နေသည့်အပြင် နိုင်ငံတစ်နိုင်၏ Politic Role, Impressive Image ကြီးပင်ဖြစ်လာနေပြီး နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာအောင် နည်းလမ်း ပေါင်းစုံဖြင့် အပြိုင်အဆိုင် ကြိုးစားနေလျက်ရှိကြပေသည် မဟုတ်ပါလော။


အတ္တလန်တာ ပရိသတ်များရဲ့ သောင်းကျန်းမှုကြောင့် ခြံစည်းရိုးကာမှန်များ ကွဲနေစဉ်


ဘောလုံးပွဲကောင်းတစ်ပွဲဖြစ်ရန် အဆင့်မြင့်မားသော ပြိုင်ပွဲကြီးတစ်ခုဖြစ်လာရန်၊ အောင်မြင် မှုရရှိသော ဘောလုံးနိုင်ငံ ကြီးဖြစ်လာရန်၊ အဆုံးစွန်ဆုံးပြောရလျှင် ကမ္ဘာ့လူ သားအားလုံးမကင်းနိုင်သည့် Globalization ကြီးဖြစ်လာစေရန် အခြေခံလို အပ်ချက် ပေါင်းများစွာရှိသည်။ ထိုအခြေခံလိုအပ်ချက်များထဲတွင် အရေးပါဆုံးနှင့် အရေးကြီးဆုံးသော လိုအပ်ချက်တစ်ခုမှာ ဘောလုံးကို ချစ်ခင်နှစ်သက်စွဲလန်းစွာ တခဲနက် အားပေးတတ်သည့် ဘောလုံးပရိသတ်များစွာရှိနေရေးပင်။

ဘောလုံးပွဲကောင်းဖို့အတွက် ပရိသတ်လိုသလို၊ ပရိသတ်များများလာကြည့်လေ ဘောလုံး ပွဲကပို အကြိတ်အနယ်ရှိပြီး ပိုကောင်းလေဖြစ်သည်။ ထို့ကြောင့် ဘောလုံးနှင့်ပရိသတ်မှာ ခွဲခြား၍မရအောင် ဆက်နွယ်ပတ်သက်မှု ရှိနေသည်။ ကွင်းထဲကို ပရိသတ်တစ် ထောင်လာကြည့်သောပွဲနှင့် (၅) သောင်း၊ တစ်သိန်းလာကြည့်သော ပွဲမှာလည်း အကြိတ်အနယ်ရှိပုံခြင်း မတူနိုင်ပေ။ သို့အတွက် ဆိုင်ရာဘောလုံးအကြီးအကဲများ၊ အသင်းသားများ အားလုံးအနေဖြင့် မိမိတို့၏ ဘောလုံးပရိသတ်ကို မဖြစ်မနေအသိ အမှတ်ပြု ကျေးဇူးတင်နေရပေလိမ့်မည်။ ဘောလုံးမှာသာမက အခြားသောအားကစားများ၊ အနု ပညာရှင်များ၊ မျက်လှည့်ဆရာ များအပါအ၀င် ဘုန်းကြီးတရားပွဲများပင်လျှင် ပရိသတ်မရှိလျှင် ဘာမှလုပ်၍မရပေ။ ဘောလုံးအတွက်ကတော့ ပိုသိသာသည်။ ထို့ကြောင့် ပရိသတ်သည် သိပ်အရေးကြီးသည့်အခန်း ကဏ္ဍတွင် ပါဝင်နေသည်ကိုမည်သူမှ မငြင်းနိုင်။

သို့အတွက် ဘောလုံးအသိုင်းအ၀န်း တစ်နည်း Football Sport Industry အတွက် ပရိသတ်မရှိ၍မဖြစ်။ သာမန်အသင်းလေးက တကယ့်ထိပ်တန်းပြိုင်ဘက်ကို တကယ့် ပြိုင်ပွဲကြီးများတွင် ပရိသတ်အားဖြင့် မထင်မှတ်ဘဲ တက်နိုင်သွားတတ်သည့် သာဓ ကများစွာ ကမ္ဘာ့ဘောလုံးလောကတွင် ဒုနှင့်ဒေးပင်။

ပရိသတ်ဆိုသည်မှာလည်း အမျိုးမျိုးရှိတတ်သည်။ ဘောလုံးတစ်ခုတည်းကိုပဲ ရူးသွပ်စွာ တခဲနက်အားပေးသည့် ပရိသတ် မျိုးရှိသော်လည်း ဘောလုံးကို ခုတုံးလုပ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကို အနှောက်အယှက် ဖြစ်စေလောက်သော ဘောလုံး လူရမ်းကား များစွာလည်း ယနေ့အချိန်အထိ စိတ်ပျက်စွာတွေ့နေရသေးသည်။ ဘောလုံးပွဲကိုလာပြီး အပျက်သဘောဖြင့် တဖက်ပရိသတ်များ၊ အသင်းသားများကို လူမျိုးရေးစော်ကားမှု၊ နိုင်ငံရေးအရ စော်ကားမှု၊ လုံခြုံရေးနှင့် ပြိုင်ပွဲကို အနှောင့်အယှက်ဖြစ်စေသည့် ရမ်းကားသောင်းကျန်းမှုများဖြင့် တလွှဲအားပေးဆူပူတတ်သော ပရိသတ်ဆိုးများကြောင့် ဆိုင်ရာ ကလပ်၊ အသင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံများအတွက် နစ်နာဆုံးရှုံးမှု၊ ဂုဏ်သိ က္ခာကျဆင်းမှု၊ ယိုယွင်းပျက်ဆီးမှုပေါင်းများစွာ ကြုံတွေ့ရလျှက်ရှိသည်ကိုလည်း စိတ်မ ချမ်းမြေ့ဖွယ်တွေ့နေရသေးသည်။

ကမ္ဘာပေါ်တွင် ဘောလုံးလူရမ်းကားအများဆုံးဟု ယခင်ကအင်္ဂလန်နှင့် တူရကီပရိသတ်များက ကျော်ကြားခဲ့သော်လည်း ဖီဖာနှင့် ၄င်းတို့၏ဆိုင်ရာဘောလုံးအာဏာပိုင်အဖွဲ့အစည်းများက တင်းကျပ်စွာစနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ခဲ့၍ ယခင် လောက်မဆိုးတော့ပေ။ ရှေးမဆွ ခင်ကတည်းက ယခုအချိန်အထိ ဆူပူသောင်းကျန်းနေလျက်ရှိသော ဘောလုံး ပရိသတ်လူဆိုး များစွာရှိနေသေးသည့်နေရာက အီတလီပင်။

အထူးသဖြင့် ဒီဘက်နှစ်ပိုင်းများတွင် အီတလီ၌ လူမျိုးရေးခွဲခြားစော်ကားမှု၊ အသား အရောင်ခွဲခြားလှောင်ပြောင်မှု၊ အယူဝါဒစွဲများဖြင့် လှုံ့ဆော်အားပေးတတ်မှု၊ အသင်း စွဲကြီးလွန်းစွာဖြင့် တစ်ဖက်အသင်းပရိသတ်များနှင့် အပြန်အလှန်လှောင် ပြောင်အော် ဟစ်သောင်းကျန်းမှု၊ ရန်စစော်ကားမှုများအပြင် ကွင်းတွင်း၊ ကွင်းပြင်၌ပင် နှစ်ဖက် ပရိသတ်ကြား၊ ပရိသတ်နှင့် လုံခြုံ ရေးတာဝန်ရှိသူများကြား အဓိကရုဏ်းကြီးသဖွယ် ဆူပူသောင်းကျန်းတိုက်ခိုက်မှုများစွာရှိနေခဲ့သောကြောင့် မကြာခဏ ပွဲရပ်လိုက်ရခြင်း၊ ပွဲရွှေ့လိုက်ရခြင်း၊ သတ်မှတ်ကာလထက် အတော်နောက်ကျပြီးမှ ကျင်းပရခြင်း၊ ပရိသတ်မပါဘဲကစားခဲ့ရ သည့်ပွဲပေါင်းများစွာရှိခဲ့ခြင်း၊ ကြားကွင်းများတွင် ကစားရခြင်း၊ ဆိုင်ရာအသင်းနှင့် ပရိသတ်များပြင်းထန်စွာအရေးယူ အပြစ်ပေး ခံရခြင်း၊ အမှတ် လျော့ခံရခြင်း၊ ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်ခံရသော ပရိသတ်ဦးရေဆပေါင်းများစွာ တိုးပွားလာခြင်း၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကျဆင်းလာခြင်း၊ နိုင်ငံတကာဘောလုံးနှင့် ပတ်သက်သည့် အခွင့်အလမ်းကောင်းများ လျော့ချခံရခြင်းစသည့် ဘေးထွက် ဆိုးကျိုးများ ရှိလာခဲ့သည်။

သို့သော် အီတလီဘောလုံးလူရမ်းကားပရိသတ်ဆိုးများ၏ အရေအတွက်နှင့် ဆူပူသောင်းကျန်းမှုမှာ လျော့ကျမသွား သေးသည်ကို စိတ်ပျက်ဖွယ်တွေ့နေရသည်။ မလျော့သည့်အပြင် တိုးတောင်လာသေးသည်။

အထူးသဖြင့် ကျောင်းတော်က ရန်စမရှိခဲ့သော ပြိုင်ဘက်အသင်းများ ထိပ်တိုက်တွေ့ သည့်အချိန်၊ အသင်းကြီးချင်းတွေ့ သည့်ပွဲ၊ ဒါဘီပွဲကြီးများတွင် အီတလီပရိသတ်သည် တစ်နည်းမဟုတ်တစ်နည်းပြဿနာတတ်လေ့ရှိသည့်အကျင့်မှာ ယခုထိ ရှင်သန်နေဆဲပင်။ ယင်းဖြစ်စဉ်များအတွက် အီတလီဘောလုံးအာဏာပိုင်အဖွဲ့ (FIGC) နှင့် အီတလီ အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအပြင် အီတလီအစိုးရနှင့် ဖီဖာတို့ကပါ အကြိမ် ကြိမ် တားမြစ်အရေးယူပိတ်ဆို့ဟန့်တားမှုများ ပြုလုပ် ခဲ့ပြီးဖြစ်သော်လည်း မရသေး။

ပြီးခဲ့သည့် ရာသီကမှ ဆစ်ဆလီကျွန်းဒါဘီပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်များ အကြီး အကျယ်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့်ပါ အဓိကရုဏ်းသဖွယ်ဖြစ်ခဲ့ပြီး ရဲအရာရှိ တစ်ဦးသေဆုံးခဲ့ရသေးသည်။ ပွဲစဉ်အချို့တွင်လည်း အစွန်းရောက် ပရိသတ်များနှင့် ဆူပူလို၊ သောင်းကျန်းလိုသော ပရိသတ်များကြောင့် ကွင်းထဲက ပရိသတ်များပင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ပွဲရပ်လိုက်ရခြင်း၊ ပွဲဖျက်လိုက်ရခြင်းမျိုးတွေလည်း မကြာခဏဖြစ်ပေါ်ခဲ့သေးသည်။

ယခုလည်း ထပ်ဖြစ်လာပြန်ပြီ။ ပြီးခဲ့သည့်အပတ် စီးရီးအေပွဲစဉ် ၁၂ မကစားမီ အင်တာ မီလန်နှင့် လာဇီယိုပရိသတ်များ မှာ ပွဲမစမီ ကွင်းပြင်ပတွင် အကြီးအကျယ် ရန်ဖြစ် ပွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်လူစုခွဲရင်း စားသောက်ဆိုင် တစ်ခု အနားရှိကားနောက်ခန်းအတွင်းရှိ လာဇီယိုပရိသတ်ဖြစ်သူ DJ ပညာရှင် လောရီ ယယ်လီ ဆန်ဒရီမှာ သေနတ်ထိမှန်သေ ဆုံးသွားခဲ့သည်။ ဆန်ဒရီ သေဆုံးမှုအတွက် လာဇီယို ပရိသတ်များမှာ အကြီးအကျယ်ဒေါသထွက်ပြီး ပို၍ပင် သွေးဆူသောင်းကျန်း ဆန္ဒပြလာကာ အင်တာပရိသတ်များနှင့်သာမက ရဲများနှင့်ပင် အပြန်အလှန် တိုက်ခတ် မှုများပြုလုပ်လာခဲ့၍ အင်တာနှင့်လာဇီယို ပွဲစဉ်ကို သက်ဆိုင်ရာက မကစားတော့ပဲ ပွဲရွှေ့ လိုက်ရသည်။

ထို့အပြင် ရိုးမားနှင့် ကာတာနီးယား ပွဲစဉ်တွင်လည်း ကွင်းပြင်၌ လက်မှတ်အပြိုင်ဝယ်ရင်း တစ်ဖက်နှင့်တစ်ဖက် လှောင် ပြောင်အော်ဟစ်စော်ကားရင်း ရိုးမားနှင့် ကာတာနီးယား ပရိသတ်တွေမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့၍ ယင်းပွဲကိုလည်း မကစားနိုင်ပဲ ရွှေ့လိုက်ရပြန်သည်။ သည်တွင်မကသေး အတ္တလန္တာနှင့် အေစီမီလန်တို့ပွဲတွင်လည်း နှစ်ဖက်ပရိသတ်များက လာဇီယိုပရိသတ်တစ်ဦး ရဲလက်ချက်ကြောင့်သေရသည်ကို မကျေမ နပ်ပေါက်ကွဲဒေသထွက်ပြီး ပွဲကြည့်စင်များကို ဖျက်ဆီးခြင်း၊ ၀င်းတံခါးများကို ရိုက်ချိုးခြင်း များပြုလုပ်ခဲ့သည့်အပြင် ပွဲကစားနေသည့်အချိန်တွင်လည်း ကွင်း Ground ထဲ သို့ဝင် ရန် တံခါးများ၊ မှန်ချပ်ကြီးများကို အတင်းတိုးဝှေ့ရိုက်ခွဲ၍ကွင်းထဲသို့ အတင်းဝင်ရန် ကြိုး စားခဲ့ကြသည်။

တာဝန်ရှိသူများနှင့် နှစ်ဖက်ကစားသမားများကိုယ်တိုင် ဆက်မလုပ်ရန် တောင်းပန်တား မြစ်ခဲ့သော်လည်း မရခဲ့၍ အတ္တလန္တာ-အေစီပွဲကိုလည်း ၇ မိနစ်လောက် ကစားပြီး ရပ်ရွှေ့ဆိုင်းလိုက်ရပြန်သည်။ ထိုဖြစ်ရပ်များအတွက် နှစ်ဖက်အသင်းသားများ၊ တာဝန်ရှိ အကြီးအကဲများအပါအ၀င် အီတလီဘောလုံးအဖွဲ့ချုပ်နှင့် အီတလီအားကစားဝန်ကြီးဌာနနှင့် အစိုးရက အကြီးအကျယ်စိတ်ပျက်နေပြီး ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်သွားရန်လည်း အီတလီအစိုးရက စီစဉ်နေသည်။

သက်ဆိုင်သူအားလုံးကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးမည့် ကိစ္စအပြင် အီတလီ စီးရီးအေပွဲစဉ်များကိုလည်း ခေတ္တ ရပ်နားထားရန် သို့တည်းမဟုတ် ရွှေ့ဆိုင်းထားရန်၊ တံခါး ပိတ်ပရိသတ်မပါဘဲ ကစားစေရန် အီတလီအစိုးရနှင့် ဘောလုံးတာဝန်ရှိသူများအကြား ခေါင်းချင်းရိုက် ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ဖို့ ပြင်နေကြသည်။

ယင်းဖြစ်ရပ်များအတွက် အီတလီအားကစားဝန်ကြီး ဂျီအိုဗန်နာမီလန်ဒရီက “ကျွန်မ တို့ဒီဖြစ်ရပ်ဆိုးတွေအတွက် အီတလီ ဘောလုံးတာဝန်ရှိသူတွေ၊ ဆိုင်ရာ အသင်းအကြီး အကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အီတလီဘောလုံးပွဲစဉ်တွေ ခေတ္တရပ်နားထားဖို့ စီစဉ် ထားပါတယ်၊ သက်ဆိုင်တဲ့သူတွေအားလုံးကိုလည်း ပြင်းထန်တဲ့ အရေးယူမှုတွေလုပ် သွားမှာပါ၊ ဒီလိုဖြစ်ရပ်ဆိုးတွေ မကြာ ခဏဖြစ်နေတာဟာ ကျွန်မတို့နိုင်ငံရဲ့ ဘောလုံး ဂုဏ်သိက္ခာအပြင် နိုင်ငံရဲ့ လုံခြုံရေးသိက္ခာပါ အများကြီးထိခိုက်ပါတယ်။ ဒါကြောင့် ဒါမျိုးတွေထပ်မဖြစ်အောင် ထိရောက်တဲ့ အစီအစဉ်တွေလုပ်သွားဦးမှာပါ” ဟု ဒေါသတကြီး နှင့်ပြောသွားခဲ့သည်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က အီတလီပြည်တွင်းဘော လုံးပွဲအားလုံးကို နိုဝင်ဘာ ၂၅ ရက်နေ့မတိုင်မီအတွင်း ရပ်နားထားမည်ဟု ကြေညာလိုက်သည်။

မည်သို့ဆိုစေ ယင်းဖြစ်ရပ်ဆိုးများကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ကြည့်နေမည်မဟုတ်။ ထိုက်သည့် အရေးယူ အပြစ်ပေးမှုမျိုးကို ပြုလုပ်ရန်စီစဉ်နေမှာ သေချာသည်။ သို့အတွက် အီတလီပရိသတ် ဆိုးများ၏ သောင်းကျန်းမှုကြောင့် ဆိုင်ရာကလပ်အသင်းများ၊ အီတလီ ဘောလုံး လောကသားများ၊ ဘောလုံးအဖွဲ့ချုပ်တို့မှာ မြေစာပင်ဖြစ်ရပေဦးမည်။ ဖီဖာနှင့် ယူအီး အက်ဖ်အေကသာ ပြင်းပြင်းထန်ထန်အရေးယူခဲ့လျှင် အီတလီဘောလုံးအဖွဲ့ချုပ်နှင့် အင်တာ၊ အေစီ၊ လာဇီယို အပါအ၀င် ဆိုင်ရာအသင်းများ၏ နိုင်ငံတကာဘောလုံးနယ်ပယ်မှ အခွင့်အလမ်းများ ဆုံးရှုံးရဖွယ်ရှိရာ ယူရိုခြေစစ်ပွဲဝင်နေသော အထူးသဖြင့် အီတလီ လက်ရွေးစင်အသင်းအပါအ၀င် ဥရောပချန်ပီယံလိဂ်ကစားနေရသော အေစီ၊ အင်တာနှင့် လာဇီယိုတို့အတွက် မျှော်မှန်းနိုင်သော မခံစားနိုင်သော ဆိုးကျိုးရလဒ်များ ရင်ဆိုင်ကြုံ တွေ့ရလာဖွယ်ရှိနေသည်။

“ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်”ဆိုသလို ထောင်ဂဏာန်းလောက်ရှိသော အီတလီဘောလုံးပရိသတ် လူရမ်းကားများကြောင့် အီတလီဘောလုံးလောကအတွက် နစ်နာမှု၊ အကျိုးစီးပွားဆုတ်ယုတ်မှု၊ အီတလီနိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ များစွာ ထိခိုက်လာနိုင် ဖွယ်ရှိနေ၍ ယင်းဖြစ်ရပ်များကို သေခြာစုံစမ်းစစ်ဆေးပြီး ထိုရောက်စွာ အရေးယူအပြစ်ပေးရန်၊ အလားတူ ဖြစ်ရပ်များထပ်မံမဖြစ်ပွားလာစေရန် ထိရောက် သည့်အဟန့်အတား အစီအမံများကို အီတလီအစိုးရနှင့် ဘောလုံးအာဏာပိုင် အဖွဲ့တို့မှ စီစဉ်ဆောင် ရွက်ရ ပေတော့မည်။ ထို့အတွက် ဘောလုံးကို တကယ်ချစ်ပြီး စည်းကမ်းတကျ အားပေးတတ်သော ပရိသတ်များနှင့် မီဒီယာများ၏ အကူအညီတော့ မဖြစ်မနေ လိုအပ်ပါဦးမည်။