တရုတ်နဲ့ပွဲဟာ ခက်ခဲမှန်းသိပေမယ့် ကျွန်တော်တို့ အရှုံးခံဖို့သက်သက် သွားကစားမှာ မဟုတ်ပါဘူး။
(မားကို့စ်အန်တိုနီယိုဖယ်လိုပါ)
လက်ရှိကစားသမားတစ်ဦးချင်းအနေအထား၊ပြိုင်ပွဲအတွေ့အကြုံနဲ့လက်ရှိအသင်းလိုက်ခြေစမ်းအပါအ၀င် ဖီဖာရဲ့ ဘောလုံးအဆင့်အတန်း သတ်မှတ်ချက်အရလည်း အများကြီးကွာတဲ့ ၂ သင်းတွေ့မယ့်ပွဲဟာဘောလုံးပရိသတ်တွေအတွက် ရင်ခုန်ချင်စရာတော့ သိပ်ကောင်းလာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကမ္ဘာမှာဘောလုံးကို အရူးအမူးအားပေးတဲ့ ပရိသတ်ဦး ရေ အများဆုံး နိုင်ငံထဲမှာပါနေတဲ့ မြန်မာနိုင်ငံက နိုင်ငံ့လက်ရွေးစင်အသင်းကြီး ကစားမယ့်ပွဲ ဆိုတော့ မြန်မာပရိသတ်ကတော့ ဒီပွဲကိုအထူးစိတ်ဝင်စားနေမှာ သေချာတယ်။
လက်ရှိ ဘောလုံးအဆင့်အတန်းအရကြည့်ရင် မြန်မာအသင်းဟာ အာဆီယံထိပ်တန်းအဆင့် လောက်ပဲ ရှိနေသေးပြီး သူတို့ရင်ဆိုင် ကစားမယ့်အသင်းက အာရှ ထိပ်တန်းစာရင်းဝင် တရုတ် လက်ရွေးစင်အသင်းဖြစ်နေတော့ မြန်မာအသင်းအတွက် မျှော်လင့်ချက် သိပ်မရှိနိုင်ဘူးလို့ အလွယ်တကူ မှန်းဆလို့ရတယ်။ တရုတ်အသင်းမှာ ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားပွဲတိုးဖူးတဲ့ ထိပ်တန်းကစားသမားတွေ၊ ဥရောပလိဂ်တချို့မှာ ကစားနေတဲ့ ထိပ်တန်းကစား သမားတွေ၊ ပြီးခဲ့တဲ့အာရှဖလားပွဲကစားခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမားတွေအပြင် ကစားအား နဲ့ခြေစွမ်းကောင်းတဲ့ လူငယ်ခြေတက် တွေအချိုး ကျပါဝင်နေလို့ ဒေသတွင်း အသင်း အချို့နဲ့သာ ကစားထားဖူးတဲ့ မြန်မာအသင်း အနေ နဲ့တရုတ်အသင်းကို ယှဉ်နိုင်ဖို့မလွယ်ဘူး ဆိုတာလည်း အံ့သြစရာ တော့မဟုတ်ပါဘူး။
အထူးသဖြင့် မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ မလေးရှား မာဒေးကားဖလားပွဲမှာ စုစုပေါင်း နိုင်ငံတကာပွဲစဉ် ၅ ပွဲ(အုပ်စုပွဲ ၃ ပွဲ+ ဆီမီးနဲ့ဗိုလ်လုပွဲ)ကစားခဲ့ဖူးတာပဲ ရှိပြီး တရုတ်အသင်းနဲ့မတွေ့မီ ကြားကာလမှာ နိုင်ငံတကာပွဲလုံးဝမကစားခဲ့ရတဲ့ပြည်တွင်းက ကလပ်အသင်းအချို့နဲ့ လူငယ်အသင်းတွေနဲ့သာခြေစမ်းပွဲတွေကစားပြီး ခြေသွေးခဲ့ရတော့ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာလည်း တရုတ်အသင်းထက်အများကြီး အားနည်းနေခဲ့ပါတယ်။ အစဉ်အလာအရကြည့်ရင်လည်း တရုတ်အသင်းကပဲ အသာစီးရခဲ့တာများပါတယ်။ ဒါကြောင့် ဘယ်ဘက်ကတွက်တွက် တရုတ်လက်ရွေးစင်အသင်းကြီးကို မြန်မာအသင်းအနေနဲ့ ဘယ် လိုမှယှဉ်နိုင်မယ် မထင်ပါဘူး။
ဒါပေမယ့် တစ်ခုရှိတာကအခုပြိုင်ပွဲဟာ ၂၀၁၀ ကမ္ဘာ့ဖလား အာရှဇုန်ရဲ့ ပထမ အဆင့် ခြေစစ်ပွဲဖြစ်ပြီး သူ့မြေကိုယ့်မြေ တစ်ပွဲစီပဲ Play Off ကစားရမှာမို့ ၂ ပွဲပေါင်းရလဒ်သာ တဲ့အသင်းဟာနောက်ထပ်တက်ခွင့်ရမှာဖြစ်လို့ တရုတ်အသင်းအနေနဲ့လည်း မြန်မာ အသင်းကို သတိကြီးစွာနဲ့ကစားရမှာဖြစ်တယ်။ ဒါ့အပြင် လက်ရှိ မြန်မာ့လက်ရွေးစင် ကစားသမားအားလုံးနီးပါးဟာ လက်ရွေးစင်သက် ရင့်ကျက်နေပြီး နိုင်ငံတကာပြိုင်ပွဲ ပေါင်းများစွာ ကစားခဲ့ဖူးတဲ့အတွေ့ အကြုံကောင်းတွေရှိနေတဲ့အပြင် ကစားသမားအများစုဟာ လည်းအသက်အရွယ်နဲ့ကစားအားအကောင်းဆုံး အနေအထားမှာ ရှိနေသေးပြီး စိတ်ဓာတ်၊ စည်းကမ်းနဲ့ လေ့ကျင့်ကြိုးစား မှုအပိုင်းမှာလည်း တရုတ်အသင်းထက် မသာရင်တောင် မနိမ့်ပါဘူး။
နောက်ပြီး လက်ရှိမြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဘောလုံးထိပ်သီး ဘရာဇီးနိုင်ငံက နည်းပြကိုင်တွယ်နေတဲ့ အသင်းဖြစ်လို့ မြန်မာအသင်းရဲ့နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်းကို တရုတ်အသင်းအနေနဲ့လျှော့တွက်ထားမယ် မထင်ဘူး။ ခြေစစ်ပွဲ ပထမအကျော့ကို တရုတ်နိုင်ငံမှာ ဒီလ ၂၁ ရက်နေ့မှာ ကစားပြီး ၂၈ ရက်နေ့မှာ မြန်မာ့မြေမှာ ပြန်ကစားရမှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ အဝေးကွင်းမှာ သရေမကျနိုင်ဘူးဆိုရင်တောင် ဂိုးပြတ်မရှုံးအောင်ကစားထားနိုင်ရင်ကိုယ့်မြေမှာ ပြန်ကစားတဲ့ပွဲမှာ အိမ်ရှင်အခွင့်အ ရေးအပြည့်အ၀ အသုံးချပြီး ပရိသတ်အားနဲ့ပေါင်းလိုက်ရင် တရုတ်အသင်းလည်း မထင်မှတ်တဲ့ရလဒ်မျိုး ရင်မဆိုင် ရနိုင်ဘူးလို့ အပြတ်မပြောနိုင်ဘူးမဟုတ်လား။ ဒါကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တရုတ်အသင်းကို ရင်ဆိုင်နိုင်ဖို့ အပြင်းအထန်လေ့ကျင့်နေတဲ့ မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းရဲ့ နောက်ဆုံးအနေအထား တရုတ်အသင်းကို ဘယ်လို ရင်ဆိုင်ကစားသွားမလဲဆိုတာနဲ့ အဲဒီပွဲနဲ့ပတ်သက်တဲ့မျှော်မှန်းချက်တွေကို မြန်မာဘော လုံးဝါသနာရှင် ပရိသတ်များသိရှိအောင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းနဲ့အတူ ကိုစိုးမိုး (နောက်တန်း - ၀ဲမှယာ စတုတ္ထမြောက်)နဲ့ နည်း ပြ မားကို့စ်အန်တိုနီယိုဖယ်လိုပါ တို့ကို တွေ့ရစဉ်
ကိုစိုးမိုး။ ။ လက်ရှိအခြေအနေ အရပ်ရပ်အရ နှိုင်းယှဉ်ကြည့်ရင် တရုတ်လို အာရှထိပ်တန်းအသင်းကို မြန်မာအသင်းအနေနဲ့ ဘယ်လိုမှနိုင်ဖို့ မလွယ်ဘူးလို့ ပြောရင် မစ္စတာမားကို့စ် လက်ခံမလား။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ လက်ခံပါတယ်။
ကိုစိုးမိုး။ ။ ဒါနဲ့များတောင် ဒီပြိုင်ပွဲကို ဘာကြောင့် စီနီယာလက်ရွေးစင်အသင်းကြီးနဲ့ သွားကစားရတာလဲ၊ ဆီးဂိမ်းပြိုင်ပွဲအတွက် ပိုပြီး အကျိုးရှိအောင်ယူ-၂၃ အသင်းစစ်စစ်နဲ့ပဲ သွားကစားရင် ပိုမကောင်းဘူးလား။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ခင်ဗျားအမြင်ကိုလည်း ကျွန်တော် မှားတယ်လို့ မပြောချင်ပါဘူး၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဆီးဂိမ်းဝင်မယ့်အသင်းအနေနဲ့ ဆီးဂိမ်းမတိုင်ခင်မှာ နိုင်ငံတကာပြိုင်ပွဲတွေ များများ စားစားကစား ခွင့်ရဖို့မသေချာလို့ ဒီခြေစစ်ပွဲမှာ ဆီးဂိမ်း အသင်းနဲ့ပဲ ကစားရင်ကောင်းမလားလို့ ကျွန်တော်လည်း စဉ်စားခဲ့ပါသေးတယ်။ MFF တာ ၀န်ရှိသူတွေကလည်း ခင်ဗျားပြောသလို ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် ဘောလုံးပွဲတစ်ပွဲမှာ ဘာမှကြိုပြောလို့မရပါဘူး၊ လက်ရှိအနေအထားအရ တရုတ်အသင်းဟာ ကျွန်တော်တို့အသင်းထက် အစစအရာရာသာနေလို့နိုင်ဖို့ သိပ်ခက်တာ မှန်ပေမယ့် ပွဲမကစားရချိန်မှာ အရှုံးကိုကြိုတွက်ထားဖို့မလိုပါဘူး၊ အရှုံးခံဖို့ သက်သက်လည်း ကျွန်တော်တို့ သွားကစားမှာမဟုတ်ပါဘူး၊ တကယ်လို့ဒီပွဲမှာရှုံးခဲ့ရင်တောင် ရုပ်ပျက်ဆင်းပျက်မရှုံးအောင်ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ၊ ဘောလုံးပွဲ တစ်ပွဲမှာအရှုံး အနိုင်ရှိတတ်ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရင်တော့ အသင်းတစ်သင်းရဲ့ ဂုဏ်သိက္ခာနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို အများကြီး ထိခိုက်စေနိုင်ပါတယ်၊ နောက်ပြီး ကျွန်တော်ဟာဘယ်ပြိုင်ပွဲမဆို ယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးအသင်းနဲ့ပဲ ယှဉ်ပြိုင် တတ်တဲ့ ဆန္ဒမျိုးရှိလို့အသင်းကို အတောင့်တင်းဆုံး ဖွဲ့စည်းပြီး သွားပြိုင်ဖို့ စီစဉ်ခဲ့တာပါ၊ ဒါပေမယ့် ဒီပွဲဟာ ဆီးဂိမ်းအတွက်လည်းအများကြီးအထောက်အကူပြုမှာပါ၊ ဘာကြောင့် လည်းဆိုတော့ ဒီအသင်းမှာ ဆီးဂိမ်းဝင်မယ့်ကစားသမား ၇၀ ရာခိုင်နှုန်း လောက်ပါနေလို့ပါ။
ကိုစိုးမိုး။ ။ မြန်မာအသင်းကို တာဝန်ယူခဲ့တာ တော်တော်လေး အရှိန်ရလာပြီဆိုတော့ လက်ရှိရွေးထားတဲ့ ၁၈ ယောက်က ပြီးခဲ့တဲ့ မာဒေးကားအသင်းနဲ့ ယှဉ်ကြည့်ရင် ပိုကောင်း လာသလား။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ပိုကောင်းလာပါတယ်၊ ဒါပေမယ့် ဘယ်လိုပိုကောင်းလာသလဲလို့ ထပ်မေးရင်တော့ ကျွန်တော်ချက်ချင်း အဖြေမပေးနိုင်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ မာဒေးကားပွဲပြီးကတည်းက ကျွန်တော်တို့ဟာ တကယ် တောင့်တင်းတဲ့ နိုင်ငံတကာအသင်းတွေနဲ့ တစ်ပွဲမှမကစားခဲ့ရဘူးလို့ဒီအသင်းရဲ့ အနေအ ထားကိုလောလောဆယ် သက်သေပြခွင့် မရှိသေးပါဘူး၊ခုအသင်းမှာ မာဒေးကား ပွဲကစားခဲ့တဲ့ အသင်းက ၃ ယောက်ပဲကျန်ခဲ့တာဆိုတော့ အရင်အသင်းနဲ့ အပြောင်းအလဲတော့ သိပ်မ ရှိပါဘူး တကယ့်ပြိုင်ပွဲကျရင်တော့ အသင်းအနေအထားကို သေချာသိခွင့်ရမှာပါ၊ ကျွန်တော်တို့ဘက်ကတော့ Ready to Fight ပါပဲ။
ကိုစိုးမိုး။ ။ ခုကစားရမှာက အာရှထိပ်တန်းစာရင်းဝင် တရုတ်အသင်းနဲ့ဆိုတော့ ဘယ်လိုပုံစံ နဲ့ကစားဖို့ စဉ်းစားထားသလဲ၊ အသင်းရဲ့ဖော်မေးရှင်းကိုတော့ နည်းနည်းလေး ပြောင်းထားရမယ်ထင်တယ်။ ဥပမာခံစစ်ပုံစံ အမျိုးမျိုးပေါ့။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဟုတ်ပါတယ်၊ အဓိကက အခု တရုတ်မြေမာကစားတဲ့ပွဲမှာ အနိုင်ရဖို့ထက် မရှုံးအောင် အဓိကပစ်မှတ်လုပ်ပြီး ကစားရမှာပါ၊ ဒါ့ကြောင့် ကျွန်တော့်အသင်းရဲ့ ဖော်မေးရှင်းနဲ့နည်းဗျူဟာပိုင်းကို ပြောင်းလဲထားရတာ ရှိပါတယ်၊ အများဆုံးတည်ကစားမယ့် ပုံစံကတော့ ၄-၄-၁-၁ ပေါ့၊ ပွဲအခြေအနေပေါ် ကြည့်ပြီး ပုံစံအမျိုးမျိုးပြောင်းကစားနိုင်ဖို့လည်း ကျွန်တော် သေချာလေ့ကျင့် ပေးထားပါတယ်။
ကိုစိုးမိုး။ ။ အခုလေ့ကျင့်ပေးနေတဲ့ အနေအထားနဲ့ ခြေစမ်းပွဲတွေမှာ စမ်းသပ်နေတဲ့ ပုံစံအရ ကျွန်တော်လေ့လာမိသလောက် အသင်းမှာ ရန်ပိုင်၊ စိုးမြတ်မင်း၊ မျိုးမင်းထွန်း၊ မင်းသူ၊ ဇော်လင်းထွန်းနဲ့ အောင်အောင်ဦးတို့လောက်ပဲ နေရာအတည်တကျ ကစားခိုင်တာ တွေ့ရပြီး ကျန်တဲ့ကစားသမားအများစုကတော့ နေရာအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ကစားခိုင်းနေတာ တွေ့ရ တယ်နော်။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဟုတ်ပါတယ်၊ ကျွန်တော်အဓိ ကလိုချင်တဲ့ ပုံစံကဘောလုံးကို အလွယ်တကူအဆုံးရှုံးမခံဖို့ပါ၊ ဘောလုံး ဆုံးတဲ့အခါမှာလည်း တစ်ဖက်အသင်းရဲ့ ခြေထဲမှာဘောလုံးကြာကြာမရှိအောင်၊ တစ်ဖက်အသင်းကတိုက်စစ်ကို အမြန်ဆုံး ပြန်မဆင်နိုင်အောင် ကစားသမားအများစုဟာ ပုံစံမျိုးစုံနဲ့ နေရာရွှေ့ပြောင်းပြီး ကစားနိုင်အောင် လေ့ကျင့်ပေးထားတာပါ၊ ကျွန်တော့်ကလေးတွေကလည်း ကျွန်တော် လိုချင်တဲ့ ပုံစံအတိုင်းနီးပါးဝင်အောင် ကြိုးစားပြီးကစားနိုင်ကြလို့ လက်ရှိအသင်းအနေ အထားကို ကျေနပ်ပါတယ်။
ကိုစိုးမိုး။ ။ ပြီးခဲ့တဲ့ စနေနေ့က ဘဏ္ဍာအခွန်အသင်းနဲ့ ခြေစမ်းပွဲမှာခင်မောင်လွင်၊ မိုးဝင်း၊ ဇော်ထက်အောင်၊ အောင်မျိုးသန့်တို့အုပ်စုဟာ နှစ်နေရာလောက် ပြောင်းကစားခိုင်းခဲ့တာ ဒါကြောင့်လား၊ အခုမြန်မာအသင်းရဲ့ အနီးကပ်ဆုံး အဓိကပစ်မှတ်က တရုတ်နဲ့ ကစားရမယ့် ခြေစစ်ပွဲဖြစ်ပေမယ့် ဒီခြေစမ်းပွဲမှာ ဘာ့ကြောင့်ချန်ထားခဲ့တဲ့ ယူ ၂၃ ကစားသမားတချို့ကို
ထည့် စမ်းနေရတာလဲ၊ နောက်ဆုံးရွေးထားတဲ့ ၁၈ ယောက်ထဲက တစ်ဦးဦး နာသွားရင် Recruice ချက်ချင်းလုပ်နိုင်ဖို့ အတွက်လား။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် အသင်းဟာတခြား အသင်းတွေလို နိုင်ငံတကာပြိုင်ပွဲ အကြိုကာလမှာ နိုင်ငံတကာ အသင်းတွေနဲ့ ခြေစမ်းကစားခွင့်မရတော့ ပြည်တွင်းမှာကစားတဲ့ ခြေစမ်းဘက်တွေ အားလုံးကို တရုတ်အသင်းလို့ပဲ စိတ်ထဲမှာမှတ်ပြီး သေချာကစားခဲ့တာပါ။
ကိုစိုးမိုး။ ။ ဒါပေမယ့် ဒီကပြည်တွင်းကလပ်တွေက မြန်မာ့လက်ရွေးစင်အသင်းထက် အများကြီးအားနည်းပြီး တဆင့်လောက်နိမ့်နေတော့ တရုတ်အသင်းအနေအထားနဲ့ ဘယ်တူ နိုင်ပါ့မလဲ။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ ပြိုင်ဘက်ကြီးကြီး သေးသေးလျော့တွက်၊ ပိုတွက်တာမျိုး မရှိပါဘူး။ ဒါပေမယ့် တရုတ်နဲ့ မကစားခင် နိုင်ငံတကာခြေစမ်းပွဲတွေ ကစားခွင့်ရရင်တော့ ပိုကောင်းတာပေါ့။
ကိုစိုးမိုး။ ။ အခု ကစားသမားအားလုံးနီးပါး ပုံစံနဲ့နေရာ နှစ်မျိုး၊ သုံးမျိုးလောက်ပြောင်း ကစားနိုင်အောင် လေ့ကျင့်ပေးထားတာကတော့ တကယ်ကောင်းပါတယ်၊ ဒါပေမယ့် မြန်မာ ကစားသမားတွေ အားလုံးက ခင်ဗျားလိုချင်တဲ့ ပုံစံမျိုး ခြေစမ်းပွဲမဟုတ်ဘဲ တကယ့် ပြိုင်ပွဲမှာ ကစားနိုင်ဖို့ မလွယ်တော့ မျှော်မှန်းသလောက် အဆင်ပြေပါ့မလား။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဘယ်အရာမဆို ပိုတွက်ပြီး ပြင်ဆင် လေ့ကျင့်ထားမှ အတော်ကျမှာလေ၊ ကျွန်တော်လိုချင်တဲ့ပုံစံမျိုး တကယ့်ပွဲမှာ သုံးပုံနှစ်ပုံ လောက်လိုက် ကစားနိုင်ရင် မျှော်လင့်သလိုဖြစ်လာမှာပဲ၊ ဖြစ်လာအောင်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ။
ကိုစိုးမိုး။ ။ ခင်ဗျားအခု ရည်မှန်းထားတာက တရုတ်မြေမှာ သရေ သို့မဟုတ် အရှုံးနည်း အောင်ကစားပြီး အိမ်ကွင်းမှာ ရလဒ်ကောင်းပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ပေါ့။
နည်းပြချုပ် မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ။ ။ ဟုတ်တယ်၊ ရန်ကုန်မှာကစားရရင် မြန်မာပရိသတ်ရဲ့ တခဲနက်အားပေးမှုနဲ့ ကျွန်တော်တို့ တရုတ်အသင်းကို ကောင်းကောင်း ယှဉ်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ မြန်မာပရိသတ်ဟာ အဲဒီပွဲမှာ အမျိုးသမီးဘောလုံး ပွဲကထက်လည်း အများကြီးလာအားပေးမယ်လို့ထင်ပါတယ်၊ ပရိသတ်အားပေးမှုဟာ အသင်း အတွက် ကြီးမားတဲ့ အဓိက တွန်းအားပါ။
တရုတ်နဲ့ မြန်မာ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း
၂၁၊ ၄၊ ၁၉၉၇ တရုတ် ၅ - ၀ မြန်မာ
၁၇၊ ၃၊ ၂၀၀၄ တရုတ် ၂ - ၀ မြန်မာ
တရုတ်လက်ရွေးစင်အသင်း လူစာရင်း -
မန်နေဂျာ - ဇူဟေရွန်
နည်းပြချုပ် - ဇူဂန်ဂူ
ကစားသမားများ -
ဂိုး - လီလိုင်လိုင်၊ လီရှုအိုင်၊ လီယူယန်ဖီ
နောက်း - လီဝေဖန်း၊ ဂျီမင်ဂျီ၊ ဇမ်ဆူရီ၊ ဇူလီလျံ၊ ဇမ်ရာအိုကွန်၊ ကာအိုရော၊ ဇာအိုမင်၊ ဆွန်ဂျီဟိုင်း၊ ဒူဝေ
အလယ် - ဇမ်ဘင်း၊ လီယန်၊ ဇမ်ဇီ၊ ဆွန်ဇီယန်၊ ဆွန်ဂျိုင်း၊ ၀မ်လီယန်၊ လီတိုင်း၊ ရှာအိုဂျီအာရီ
ရှေ့ - ဒေါင်ဖန်ဇူး၊ ဇူဂျီ၊ ချန်တာအို၊ ဇီဟိုင်း
မြန်မာ့လက်ရွေးစင် လူစာရင်း -
နည်းပြချုပ် - မစ္စတာ မားကို့စ်အန်တိုနီယိုဖယ်လိုပါ
လက်ထောက်နည်းပြများ - ဦးဥာဏ်ဝင်း၊ ဦးကြည်လွင်၊ ဦးအောင်နိုင်၊ ဦးမျိုးချစ်
ကစားသမားများ -
ဂိုး - အောင်အောင်ဦး၊ ကျော်ဇင်ထက်
နောက် - မင်းသူ၊ ဇော်လင်းထွန်း၊ ခင်မောင်လွင်၊ သူရအောင်၊ ကျော်ခိုင်ဝင်း၊ မိုးဝင်း၊ ဇော်ထက်အောင်၊ အေးဆန်း၊ ကျော်ဇေယျာဝင်း
လယ် - အောင်မျိုးသန့်၊ မျိုးမင်းထွန်း၊ ထွန်းထွန်းဝင်း၊ ရာဇာဝင်းသိန်း
ရှေ့ - စိုးမြတ်မင်း၊ ရန်ပိုင်၊ စည်သူဝင်း
မှတ်ချက်။ ။ သူရအောင်၊ အေးဆန်း၊ ကျော်ဇေယျာဝင်း တို့ (၃)ဦးမှလွဲပြီး ကျန်လူ (၁၅)ဦးမှာ ပြီးခဲ့တဲ့ မာဒေးကားပွဲ ကစားခဲ့သူများဖြစ်သည်။
|