DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
ကမ္ဘာ့ဖလားပွဲရဲ့ တောင်အမေရိကဇုန်ခြေစစ်ပွဲ တာထွက်ခရီးစပြီ
ကိုစိုးမိုး (IBC) - အောက်တိုဘာ ၁၂၊ ၂၀၀၇

တောင်အာဖရိကနိုင်ငံမှာပြုလုပ်မယ့် ၂၀၁၀ ကမ္ဘာ့ဖလားပွဲအတွက် တိုက်အလိုက် ခြေစစ်ပွဲ တွေ စတင်ကစားနေတာဟာ ဥရောပဇုန်ကလွဲရင် စုံသလောက်ရှိသွားပြီလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဘောလုံး လောကမှာ အောင်မြင်မှု အစဉ်အလာ ကြီးမားပြီး ထိပ်တန်းအဆင့်မှာ အမြဲတမ်း ရပ်တည်နေနိုင်ခဲ့တဲ့ တောင်အမေရိက အသင်းတွေရဲ့ ပွဲဦး ထွက်ခြေစစ်ပွဲတွေ ဒီတစ်ပတ်စနေနေ့မှာ စတင် ကစားတော့မှာ ဖြစ်လို့ပါပဲ။

တောင်အမေရိကတိုက်မှာ ဘရာဇီးနဲ့ အာဂျင်တီးနားတို့အပါအ၀င် စုစုပေါင်း ၁၀ သင်းပဲရှိပြီး ပတ်လည်စနစ်နဲ့ သူ့မြေကိုယ့်မြေ ၂ ကျော့ စုစုပေါင်း ၁၈ ပွဲစီကစားရမှာဖြစ် လို့ဥရောပ အသင်းတွေ အပါအ၀င် ကျန်အသင်းတွေထက် ခြေစစ်ပွဲကစားရတဲ့ အရေအတွက် ပိုများ မယ်ထင်ပါတယ်။ ၁၀ သင်းထဲကနေ ၄ သင်းပဲခြေစစ်ပွဲအောင်မှာပါ။ ထိပ်ပိုင်းအဆင့်ရတဲ့ ၄ သင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်ခွင့်ရှိပြီး ပဉ္စမရတဲ့အသင်းက သမုဒ္ဒရာဇုန်က ဗိုလ်စွဲ တဲ့အသင်းနဲ့ ထပ်ဆင့်ခြေစစ်ပွဲPlay off ကစားရဦးမှာပါ။

တောင်အမေရိကအသင်းသားတွေဟာ ဘောလုံးအခြေခံ ကျေညက်ကျွမ်းကျင်ပြီး ကမ္ဘာ့ထိပ် တန်းအဆင့် ကစားသမားတွေအများစု ပါဝင်နေလို့ တောင်အမေရိကအသင်းချင်း ထိပ်တိုက် တွေ့တဲ့ပွဲတွေဟာ အကြိတ်အနယ်ရှိပြီး ခန့်မှန်းရခက်ပါတယ်။ လှပညက်ညောတဲ့ ဘောလုံး ပညာအသားပေးကစားတတ်ပြီး တိုက်စစ်ကို ဦးစားပေး ကစားတတ်တဲ့အတွက် ဘောလုံး ပရိသတ်ကိုလည်း တစ်မျိုးစွဲဆောင်နေစေပါတယ်။ဒါကြောင့် ဒီတစ်ပတ်ပွဲစဉ် ၁ အဖြစ် စတင် ကစားမယ့် တောင်အမေရိကဇုန်ခြေစစ်ပွဲတွေကိုကြိုတင် ခန့်မှန်း ရင်ခုန်ကြည့်လိုက်ကြတာပေါ့။

ဥရိုဂွေး - ဘိုလီးဗီးယား

ထိပ်တိုက်တွေ့ဆုံမှု

၃၀၊ ၆၊ ၀၇ ဥရုဂွေး ၁ - ၀ ဘိုလီးဗီးယား
၇၊ ၉၊ ၀၃ ဥရုဂွေး ၅ - ၀ ဘိုလီးဗီးယား
၂၉၊ ၃၊ ၀၀ ဥရုဂွေး ၁ - ၀ ဘိုလီးဗီးယား
၈၊ ၁၀၊ ၉၆ ဥရုဂွေး ၁ - ၀ ဘိုလီးဗီးယား
၁၆၊ ၇၊ ၉၅ ဥရုဂွေး ၂ - ၁ ဘိုလီးဗီးယား

ဒီ ၂ သင်း ထိပ်တိုက်ကစားခဲ့တဲ့ အစဉ်အလာအရ ဥရုဂွေးက အသာစီးရခဲ့တာ များပေမယ့် ဘိုလီဗီးယားရဲ့နောက်ပိုင်းခြေစွမ်းတက်လာမှုကြောင့် ဥရုဂွေးက ဒီဂိုဖော်လန်၊ ရီကိုးဘား၊ ဒီယေဂို အပါအ၀င် ကစားသမားအများစုဟာ ဥရောပကလပ်အသင်းကြီးတွေမှာ ခြေချကစား နေသူတွေဖြစ်လို့ ပါဝါနဲ့ကစားအားပိုင်းက ဘိုလီဗီးယားထက်သာပါတယ်။ ဥရုဂွေးမြေမှာ လည်းဖြစ်တော့အိမ်ရှင်အသင်းပဲအနိုင်ရသွားမယ်ထင်ပါတယ်။

အာဂျင်တီးနား - ချီလီ

ထိပ်တိုက်တွေ့ဆုံမှု

၁၈၊ ၄၊ ၀၇ အာဂျင်တီးနား ၀ - ၀ ချီလီ
၆၊ ၉၊ ၀၃ အာဂျင်တီးနား ၂ - ၂ ချီလီ
၁၅၊ ၅၊ ၉၈ အာဂျင်တီးနား ၁ - ၀ ချီလီ
၁၄၊ ၆၊ ၉၇ အာဂျင်တီးနား ၂ - ၀ ချီလီ
၁၅၊ ၁၂၊ ၉၆ အာဂျင်တီးနား ၁ - ၁ ချီလီ

လက်ရှိ ကစားသမားအင်အားအရရော၊ ခြေစွမ်းအဆင့်အတန်းအရပါ ချီလီဟာ အာဂျင်တီး နားထက် နိမ့်ပါတယ်။ နှစ်တိုင်းနီးပါး ခြေစစ်ပွဲအောင်လေ့ရှိတဲ့ အာဂျင်တီးနားဟာ သူ့ကွင်း မှာဆိုကစားပုံ ပိုကောင်းတတ်တဲ့အပြင် ကစားသမားအားလုံးနီးပါးကလည်း ထိပ်တန်း ဥရောပကလပ်အသင်းတွေမှာ ကျင်လည်ကျတ်စားနေတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်လို့ ချီလီ မချောင်ပါဘူး။

ချီလီအသင်းမှာလည်း ၀ါရင့်တိုက်စစ်မှူးကြီးဆားလက်စ်အပါအ၀င် ဟာနန်ဒက်ဇ်၊ မာ့စ်ဂွန်ဇာ လက်တို့လို ကစားသမားတွေရှိပြီး အသင်းလိုက် ကစားပုံလည်းတက်လာလို့ အာဂျင်တီးနား အနေနဲ့ ပေါ့ဆလို့မရပါဘူး။ အသင်းကြီးတွေရဲ့ ထုံးစံအတိုင်း အာဂျင်တီးနား အထ နှေးတတ်တာကို ချီလီက အခွင့်ကောင်းယူပြီး ကစားနိုင်ရင်အာဂျင်တီးနားလည်း မချောင် ပါဘူး။

ဒါပေမယ့် အာဂျင်တီးနားအနေနဲ့ ပွဲဦးထွက်အိမ်ကွင်းမှာ မျက်နှာအပျက်ခံမယ်တော့ မထင်ပါဘူး။ ရှေ့မှာ မက်ဆီ၊ ခရက်စပို၊တဲဗက်ဇ်၊ ဆာဗီယိုလာ၊ အလယ်မှာ ရီကွယ်မီး၊ လူချိုဂွန်ဇာလက်၊ အိမ်းမား၊ မာရှေးယာနို၊ ကမ်ဘီယာဆိုတို့လိုကစားသမားတွေပါနေပြီး နောက်မှာ ဇနက်တီ၊ အာယားလား၊ ဆင်မြူရယ်၊ မီလီတိုတို့လို ခံစစ်မှူးတွေ ရှိနေလို့အာဂျင်တီးနားရဲ့ ကစားသမားအင်အားက တောင်အမေရိကအသင်းထဲမှာ အတောင့် တင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့် ချီလီအသင်း သရေ(သို့)ကပ်ရှုံးခဲ့ရင်တောင် တော်တော် ကံကောင်းတယ်လို့ပဲ ပြောရမယ်။

အီကွေဒေါ - ဗင်နီဇွဲလား

ထိပ်တိုက်တွေ့ဆုံမှု

၁၇၊ ၈၊ ၀၅ အီကွေဒေါ ၃ - ၁ ဗင်နီဇွဲလား
၆၊ ၉၊ ၀၃ အီကွေဒေါ ၂ - ၀ ဗင်နီဇွဲလား
၁၇၊ ၇၊ ၀၁ အီကွေဒေါ ၄ - ၀ ဗင်နီဇွဲလား
၂၉၊ ၃၊ ၀၀ အီကွေဒေါ ၂ - ၀ ဗင်နီဇွဲလား
၁၈၊ ၅၊ ၉၉ အီကွေဒေါ ၀ - ၂ ဗင်နီဇွဲလား

အရင်က ကမ္ဘာ့ဖလားခြေစစ်ပွဲ အများစုမှာ ဇယားအောက်ဆုံးမှာပဲ ရပ်တည်ခဲ့လေ့ရှိတဲ့ ဗင်နီဇွဲလားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားပြီး သိသိသာသာ တိုးတက်လာပါတယ်။ ဒါကြောင့် အီကွေဒေါကွင်းမှာ ဖြစ်ပေမယ့်အိမ်ရှင်သေချာပေါက် နိုင်မယ်လို့ပြောရခက်ပါတယ်။ အီကွေဒေါမှာ ဗလန်စီယာ၊ ဖာနန်ဒိုတို့လို ဥရောပထွက်ကစားနေတဲ့ ကစားသမား ၅ ဦးလောက်ပါပေမယ့် အသင်းလိုက်ခြေစွမ်းက သိပ်အကောင်းကြီး မဟုတ်ပါဘူး၊ ဒါကြောင့် အီကွေဒေါမှာ အိမ်ရှင်အခွင့်အရေးရှိပေမယ့်ဒီပွဲမှာ ဗင်နီဇွဲလားကိုပဲ အရဲစွန့်အား ပေးချင် ပါတယ်။

ပီရူး - ပါရာဂွေး

ထိပ်တိုက်တွေ့ဆုံမှု

၆၊ ၉၊ ၀၃ ပီရူး ၄ - ၁ ပါရာဂွေး
၃၀၊ ၄၊ ၀၃ ပီရူး ၀ - ၁ ပါရာဂွေး
၁၂၊ ၇၊ ၀၁ ပီရူး ၃ - ၃ ပါရာဂွေး
၂၉၊ ၃၊ ၀၀ ပီရူး ၂ - ၀ ပါရာဂွေး
၁၆၊ ၁၁၊ ၉၇ ပီရူး ၁ - ၀ ပါရာဂွေး

ဒီပွဲက တော်တော် အကြိတ်အနယ် ရှိနိုင်တယ်။ ၂သင်းစလုံးမှာ ထိပ်တန်းကစားသမားတွေ ပါပြီး ကစားအားလည်း ကောင်းလို့ ခြေညီတယ်လို့ပြောရမယ်။ ပီဇာရို ဦးဆောင်တဲ့ ပီရူးတိုက်စစ်နဲပ ဆန်တာခရုဇ်ဦးဆောင်မယ့် ပါရာဂွေး တိုက်စစ်အားပြိုင်ရမယ့် ပွဲပဲ။ အိမ်ရှင်အခွင့်အရေးရှိတဲ့ ပီရူးအနေနဲ့ ပွဲဦးထွက်တာထွက်ကောင်း အောင်ပိုအား ထည့်ကြိုးစား မှာမှန်ပေမယ့် ခြေအရဆိုရင်တော့ ပါရာဂွေးကိုပဲ အရဲစွန့်အားပေးသင့်ပါတယ်။

ကိုလံဘီယာ - ဘရာဇီး

ထိပ်တိုက်တွေ့ဆုံမှု

၇၊ ၉၊ ၀၃ ကိုလံဘီယာ ၁ - ၂ ဘရာဇီး
၁၉၊ ၇၊ ၀၃ ကိုလံဘီယာ ၀ - ၂ ဘရာဇီး
၂၈၊ ၃၊ ၀၀ ကိုလံဘီယာ ၀ - ၀ ဘရာဇီး
၁၅၊ ၅၊ ၈၅ ကိုလံဘီယာ ၁ - ၀ ဘရာဇီး
၉၊ ၃၊ ၇၇ ကိုလံဘီယာ ၁ - ၁ ဘရာဇီး

လက်ရှိကစားသမားစုဖွဲ့မှုအင်အား၊ အစဉ်အလာ၊အသင်းလိုက်ခြေစွမ်းနဲ့ ကစားပုံမှာတော့ ဘရာဇီးကသာတာ ငြင်းစရာမရှိပါဘူး။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အကြိမ်တိုင်း ခြေစစ်ပွဲအောင်ခဲ့ပြီး အောင်မြင်မှုအစဉ်အလာလည်း အကြီးမားဆုံးဖြစ်တဲ့ ဘရာဇီးကို အိမ်ရှင်ကိုလံဘီယာရှိန်မနေဘဲ ခပ်မာမာ၊ ခပ်တင်းတင်းကစားခဲ့ရင် ဘရာဇီးလည်း အ ခက်ကြုံနိုင်ပါတယ်။ကိုလံဘီယာခံစစ်မှာ အင်တာမီလန်က ကော်ဒိုဘာ အပါအ၀င် ဥရောပမှာ ထွက်ကစားနေတဲ့ ထိပ်တန်းကစားသမားတစ်ချို့ ပါဝင်နေလို့ ပွဲပမ်းနေတဲ့ ဘရာဇီး တိုက်စစ်မှူးတွေ ခက်ခက်ခဲခဲ ထိုးဖောက်ရလိမ့်မယ်။

အထူးသဖြင့် ကိုလံဘီယာဟာ သူ့ကွင်းမှာဆို ကစားပုံပိုကောင်းပြီး မာကျောမှုရှိလို့ ဘရာဇီးအလွယ်တကူ အသာစီးရဖို့ မလွယ်လောက်ဘူး။ ဒါပေမယ့် နည်းပြသစ် ဒွန်ဂါလက်ထက်မှာဘရာဇီးအသင်းဟာ ရလဒ်ကောင်းနေပြီး လူငယ်ကစားသမား ကောင်း တွေလည်း ပါနေလို့ ကစားပုံအရင်ကထက်ပိုသွက်လာလို့ ကိုလံဘီယာအတွက် မချောင်တဲ့ပွဲပဲ။ ရော်နယ်ဒင်ညို၊ ကာကာ၊ အက်ဒရီယာနို၊ ရော်ဘင်ညို၊ ၀ဇ်ဂနာလတ်ဗ်၊ အဖွန်ဆိုတို့ရဲ့ တိုက်စစ်အား၊ ဂီဘာတို၊အီလန်နို၊ ဂျူနင်ဟို၊ ဒီယေဂို၊ ဟာဂွေးရိုးတို့ရဲ့ အလယ်တန်း၊ ဂျူအန်၊ ခရစ်၊ အဲလတ်စ်၊ လူစီယိုတို့ရဲ့ ခံစစ်အတွဲ မိမိကစားနိုင်ရင် ကိုလံဘီယာ ပွဲချိန်ပြည့် တောင့်ခံနိုင်ဖွယ် မထင်ဘူး။ ဒါကြောင့် ဒီပွဲဟာ ကိုလံဘီယာကွင်း ဖြစ်ပေမယ့် ဘရာဇီးပဲ အသာစီးရသွားမှာပါ။

တောင်အမေရိကအသင်းများရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်မှု

စဉ် အသင်း ခြေစစ်ပွဲအောင်သည့်အကြိမ် အောင်မြင်မှု
ဘရာဇီး ၁၈ ကြိမ် ချန်ပီယံ(၅)ကြိမ်
အာဂျင်တီးနား ၁၄ ကြိမ် ချန်ပီယံ (၂)ကြိမ်
ဥရုဂွေး ၁၀ ကြိမ် ချန်ပီယံ (၂)ကြိမ်
ချီလီ ၇ ကြိမ် မရှိ
ပါရာဂွေး ၇ ကြိမ် မရှိ
ကိုလံဘီယာ ၄ ကြိမ် မရှိ
ပီရူး ၄ ကြိမ် မရှိ
ဘိုလီးဗီးယား ၃ ကြိမ် မရှိ
အီကွေဒေါ ၂ ကြိမ် မရှိ
၁၀ ဗင်နီဇွဲလား မရှိ မရှိ