DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ကြိုးစားမှုစိတ်ဓါတ် အိမ်ရှင်အားသာချက်များကြောင့် အာစီယံချန်ပီယံဖြစ်ခဲ့တဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း
စိုးမိုး (IBC) - စက်တင်ဘာ ၁၆၊ ၂၀၀၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့၂၀၀၇ ခုနှစ် အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကြီးဟာ အခုဆိုရင် အောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မြန်မာအသင်းဗိုလ်စွဲခဲ့လို့ဒီပွဲဟာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံခဲ့တဲ့ ပွဲလို့တောင် ဆိုရမှာဖြစ်တယ်။


ချန်ပီယံဆုဖလားကို ကိုင်မြှောက်ပြီး ပရိတ်သတ်ဖက်ကို လှည့်လည်ပြသနေတဲ့ မြန်မာအမျိုးသမီးအသင်းသားများ

ခက်ခက်ခဲခဲ ထိုက်ထိုက်တန်တန်

မူလမျှော်လင့်ခဲ့တဲ့အတိုင်း တစ်ဦးချင်းနဲ့ အသင်းလိုက်ကစားပုံပိုကောင်းတဲ့ ထိုင်းအသင်းဟာ ခြေအသာနဲ့ ဖိကစားသွားလို့ မြန်မာအသင်းအနေနဲ့ အနိုင်ရအောင် အလွန်ခက်ခဲစွာ ကြိုးစားခဲ့ ရပြီး နောက်ဆုံးမှ ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမှာမြန်မာ ကစားသမားလေးတွေရဲ့ စိတ်ဓာတ်၊ ခြေစွမ်းနဲ့ကြိုးစားမှုကလည်း အရင်ပွဲတွေနဲ့မတူပဲ အ ကောင်းဆုံးအနေအထားရှိခဲ့လို့ ချန်ပီယံဆုနဲ့ ထိုက်တန်တယ်လို့ပြောရပါမယ်။

ထင်မှတ်ထားတဲ့အတိုင်း ထိုင်းအသင်းဟာ အုပ်စုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ မခံချင်စိတ်၊ မဟာပြိုင် ဘက်မြန်မာအသင်းကို မြန်မာ့မြေပေါ်မှာ အနိုင်ရဗိုလ်စွဲချင်တဲ့စိတ်တွေအပါအ၀င် အဆင့်မြင့် မားတဲ့ခြေစွမ်းနဲ့ အိမ်ရှင်မြန်မာအသင်းအပေါ် ပွဲအစကတည်း ကဖိကစား ခဲ့ပါတယ်။ ထိုင်းအ သင်းဟာ ဗီယက်နမ်ကိုနိုင်ခဲ့တဲ့ ဆီမီးပွဲကအတိုင်း လူစာရင်း၊ ကစားကွက်နဲ့ ပွဲထွက် လာခဲ့ပေမယ့် မြန်မာအသင်းကတော့ အရင်ကစားနေကြ ၄- ၄ -၂ နဲ့ပုံစံမျိုးမဟုတ်ပဲ ၅ - ၃ -၂/ ၅-၃ - ၁ -၂ ပုံစံမျိုး အထိုင်ချပြီး ထိုင်းအသင်းကို ခံစစ်အရှင်ပုံစံနဲ့ ကစားခဲ့ပါတယ်။

ပထမပိုင်းမှာထိုင်းကသာ

ထိုင်းအသင်းဟာ ပွဲအစပိုင်းမှာကတည်းက တိုက်စစ်ဖွင့်ကစားခဲ့လို့ မြန်မာအသင်းကို ဖိကစား နိုင်ခဲ့ပေမယ့် စမ်းစမ်းမော်၊ မိုးမိုးဝါတို့ဦးဆောင်တဲ့ နောက်တန်းခံစစ်နဲ့ ဂိုးသမား မေခင်ယ မင်းတို့ အကောင်းဆုံး အစွမ်းပြနေမှုကြောင့် အနိုင်ဂိုးမရခဲ့ပါဘူး။ အထူးသဖြင့် ဂိုးသမား မေခင် ယမင်းဟာ ထိုင်းအသင်းရဲ့ သေချာပေါက်ဂိုးသွင်းချက် ၃ ကြိမ်ခန့်ကို အံ့သြလောက် အောင် လက်စွမ်းပြနိုင်ခဲ့လို့ မြန်မာအသင်း သက်သာခဲ့တာပါ။


မြန်မာအသင်းကို တခဲနက်အားပေးနေတဲ့ ပရိတ်သတ်များ

ဒုတိယပိုင်းမှာ မြန်မာနိုင်သင့်ပေမယ့်

ဒုတိယပိုင်း အစမှာလည်း မြန်မာအသင်းက ခံစစ်နဲ့ပဲကစားခဲ့ရပေမယ့် နောက်ပိုင်းမှာ အိမ်ရှင် ပရိသတ်ဖိအား၊ ဒိုင်လူကြီးရဲ့ အနည်းငယ် ဘက်လိုက်ပေးမှုတွေကြောင့် ထိုင်းအသင်း ကစားပုံအနည်းငယ် ပျက်လာပြီးမြန်မာအသင်းက ပြန်လည် ထိုးဖောက် ကစားနိုင်ခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် ကွင်းလုံး ပြည့်နီးပါးလာကြည့်တဲ့ အိမ်ရှင်မြန်မာပရိသတ်ရဲ့ တခဲနက် အော်ဟစ်အားပေးမှုဟာ မြန်မာအသင်းကို အထူးစိတ်ဓာတ်တက် ကြွလာစေတဲ့အပြင် ဧည့်သည် ထိုင်းအသင်းကိုလည်း စိတ်ဓာတ် ပျက်ပြားစေလောက်အောင် ပြင်းထန်ခဲ့လို့ ထိုင်းအသင်းအနေနဲ့ ဒုတိယပိုင်းမှာ စိတ်ကြိုက်ကစားကွက်ဖော် မကစားနိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ ခံစစ်မှူး စမ်းစမ်းမော်၊ မိုးမိုးဝါနဲ့ အလယ်တန်းက သန်းသန်းထွေး၊ စမ်းယုနိုင်၊ ခင်မာ လာထွန်းတို့အုပ်စု အထူးကြိုးစားပြီး ခြေစွမ်းပြကစားခဲ့လို့ ထိုင်းအသင်း အလယ် တန်းလည်း တစ်ချက်တစ်ချက် ပြိုဆင်းသွားပြီး မြန်မာအသင်းအတွက်လည်း ဂိုးသွင်းခွင့်တွေ ပြန်လည် ရရှိခဲ့ပါတယ်။တိုက်စစ်မှူး ဇင်မာဝမ်းနှင့် ဘယ်တောင်ပံလူ အေးနန္ဒာလှိုင်တို့ခြေပျက်နေလို့သာ ထိုင်းအသင်းကို သိသိသာသာအသာစီးရအောင် မကစားနိုင်ခဲ့တာပါ။

မိနစ် ၉၀ မှာအဖြေမပေါ်

ဒါပေမယ့် မြန်မာပရိသတ်ရဲ့ တွန်းအားကြောင့်မြန်မာအသင်းဟာ တဖြည်းဖြည်း စိတ်ဓာတ် တက်ကြွလာပြီး ခြေပျက်နေတဲ့ ဇင်မာဝမ်းအစား မာဂရက်မေရီကို လူစားလဲခဲ့လို့ မြန်မာ အသင်းတိုက်စစ်အပြောင်းအလဲဖြစ်ပြီး ထိုင်းဘက်ကို ပိုဖိကစား နိုင်ခဲ့ ပါတယ်။အထူးသဖြင့် ဒုတိယပိုင်းပြီးခါနီး မိနစ် ၂၀ လောက်မှာ ထိုင်းအသင်းကစား ပုံပျက်နေတာကို မြန်မာအ သင်းကအခွင့်အရေးယူပြီး တရစပ်ထိုး ဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှေ့တန်း လူတွေ ဂိုးသွင်းလောကြီးနေတာနဲ့ကောင်တာတိုက်စစ်ကစားခွင့်ရချိန်မှာ သန်းသန်းထွေးတို့အုပ်စု ခံစစ် ကို ဆင်းကူပြီး အချိန်မှီပြန်လိုက်မတတ်နိုင်လို့ ထိုင်းခံစစ်က အလွယ်တကူ ဖျက်ထုတ်ခွင့်ရ ခဲ့ပြီး၂ သင်းစလုံးဂိုးမသွင်းနိုင်ပဲ မိနစ် ၉၀ အပြီးမှာ ဂိုးမရှိ သရေကျ ခဲ့ပါ တယ်။


ထိုင်းအသင်းကို လာရောက်အားပေးနေတဲ့ ထိုင်းမင်းသမီးနှစ်ဦး

မြန်မာအသင်းဂိုးစသွင်း

အချိန်ပို ၁၅ မိနစ်စီ ဆက်ကစားခဲ့ရာမှာ ထိုင်းအသင်းအနည်းငယ် ကစားအားကျသွားပြီး စိတ်ဓာတ်တက်ကြွနေတဲ့ အိမ်ရှင်မြန်မာအသင်းက အချိန်ပိုပထမပိုင်းမှာ ပိုဖိကစားနိုင်ခဲ့ကာ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့တယ်။ ဒီဂိုးဟာ ထောင့်ကန်ဘောမှတစ်ဆင့် ထိုင်းဂိုးရှေ့မှာ ရှုပ်ယှက် ခပ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အေးနန္ဒာလှိုင်ဖြတ်တင်ပေးတာကို လူစားဝင်လာ တဲ့ခင်မိုးဝေ (၁၇)က ထိုင်းနောက်တန်းလူတစ်ဦးနဲ့ အပြိုင်ခုန်ပြီးဘယ်ထောင့်ကို ခေါင်းတိုက် သွင်းခဲ့တာပါ။ ဒါပေမယ့် ရွှေဂိုးစနစ်မသုံးလို့ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဦးဆောင် ဂိုးသွင်းခဲ့တဲ့ မြန်မာအသင်းက ဘောလုံးကို ပြန်ထိန်းကစားရမယ့်အစား ဖွင့်ကစားမိလို့ အချိန်ပို ပထမပိုင်းပြီးခါနီးမှာပဲ ထိုင်းအသင်းက ကွင်းလယ်လူနံပါတ်(၈) ရဲ့ခြေပဂိုးသွင်းတာကို ခံလိုက် ရပါတယ်။ဒီဂိုးဟာလည်း မြန်မာအသင်းက ထောင့်ကန်ဘော ပေးခဲ့ရတာကို ဂိုးရှေ့မှာ ရှုပ်ယှက်ခပ်ပြီး ပြန်ထွက်လာတဲ့ဘောလုံးကို နံပါတ် (၈) က အပြင်းကန်သွင်းခဲ့တာပါ။

အေးနန္ဒာလှိုင်သာ ခြေမပျက်ခဲ့ရင်

အချိန်ပို ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး တိုက်စစ်သိပ်မဖွင့်တော့ပဲ ထိန်းကစားခဲ့လို့ ပွဲကနည်းနည်းအေးခဲ့ပါတယ်။ ဒါပေမယ့် ၁၀ မိနစ်လောက်မှာ ထိုင်းအသင်းက တိုက်စစ် ပြန်ဖွင့်ကစားခဲ့လို့ မြန်မာဂိုးသမားလက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ မြန်မာအသင်း ဘက်ကလည်း ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် အဆုံးသတ်မသေချာလို့ ဂိုးမရခဲ့တာပါ။ ဒါပေမယ့် အချိန်ပိုဒုတိယပိုင်းပြီးခါနီး ၁ မိနစ်အလိုမှာ ကွင်းလယ်ကနေ နောက်ခံလူမိုးမိုးဝါ ဆွဲတက် လာပြီး စမ်းယုနိုင်က ဘယ်စွန်ကတတ်လာတဲ့ အေးနန္ဒာလှိုင်ကို ဂိုးဧရိယာထဲမှာ အနေတော် ကန်ပို့ပေးခဲ့ပေမယ့် အေးနန္ဒာလှိုင်က လွတ်လွတ်ကျွတ်ကျွတ်ဂိုးသွင်းခွင့်ရခဲ့တာကို ဘေးထွက် အောင်ကန်မိလိုက်လို့ မြန်မာအသင်းအတွက် စောစောစီးစီး အနိုင်ရခွင့် ဆုံးရှုံးခဲ့ပါတယ်။ အေးနန္ဒာလှိုင်ဟာ မြန်မာအသင်းမှာ ဘောလုံးစကေး အကောင်းဆုံးဖြစ်သလို အဓိက အားထားရသူလည်းဖြစ်လို့ သူ့ကို ထုတ်မကစားရဲခဲ့ပေမယ့်သူဟာ မလေးရှားနဲ့ပွဲမှာက တည်းက ခြေပျက်ခဲ့တဲ့အပြင် အခုပွဲမှာလည်း အမှားများခဲ့လို့ မြန်မာအသင်း အခွင့်အရေး တစ်ချို့ လက်လွှတ်လိုက်ရပြီး ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ခဲ့ရတာပါ။


မြန်မာအသင်းကို တခဲနက်အားပေးနေတဲ့ ပရိတ်သတ်များ

မြန်မာဂိုးသမားအစွမ်းပြ ထိုင်းအသုံးမကျ

ပင်နယ်တီ ၅ လုံးစီကန်ခဲ့ရာမှာ ပရိသတ်အားပေးမှုအရှိန်၊ အိမ်ကွင်းအားသာချက်တွေ ကြောင့် အပြင်ထိုင်းကစားသမားတွေ စိတ်လှုပ်ရှားပြီး ကန်ချက်တွေ မကောင်းခဲ့တာကြောင့် မြန်မာကပင်နယ်တီ ၄-၁ နဲ့နိုင်ခဲ့ပြီး အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ မြန်မာအသင်းက ပင်နယ်တီ အ ရင်ကန်ရပြီး မိုးမိုးဝါ(၆) ကန်တာ ဂိုးဝင်ခဲ့သလို ထိုင်း နံပါတ် (၈) ကန်တာလည်း ဂိုးဝင်ခဲ့ပါတယ်။ ဒုတိယ ပင်နယ်တီကန်ရာမှာ မြန်မာအလယ်တန်းလူ သန်းသန်းထွေး(၇) ဂိုးဝင်ပေမယ့် ထိုင်းနံပါတ် (၁၄)ကန်တာကို ဂိုးသမားမေခင်ယမင်း ဖမ်းမိသွား ခဲ့တယ်။ တတိယပင်နယ်တီမှာလည်း ခင်မာလာထွန်း(၁၀) ဂိုးဝင်ခဲ့ပြီး ထိုင်းအသင်းရဲ့ အဓိကအား အထားရဆုံးကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် နံပါတ် ၁၆ ရဲ့ ကန်ချက်ကလည်း ဂိုးဘယ်ခြမ်းအပေါ်ဘက်ကို ထွက်သွားလို့မြန်မာက ၃-၁ နဲ့နိုင်နေခဲ့ပြီး မြန်မာက စတုတ္ထ မြောက်ပင်နယ်တီကို ညာနောက်ခံလူ စန်းစန်းသိန်း (၃) ကန်တာဂိုးဝင်ခဲ့လို့ ထိုင်းက စတုတ္ထမြောက် ပင်နယ်တီတောင်ဆက်ကန်စရာမလိုဘဲ ၄-၁ နဲ့ ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

မြန်မာအသင်းဘာကြောင့်ဗိုလ်စွဲ

ဒီပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားခဲ့ရသလို တစ်ပွဲလုံး ခြုံကြည့်ရင် ထိုင်းအ သင်းကခြေသာခဲ့ပေမယ့် မြန်မာကစားသမားလေးတွေရဲ့ စိတ်ဓါတ်၊ ကြိုးစားမှုနဲ့ ခြေစွမ်းပြ ကစားခဲ့မှုကြောင့်အပြင် အိမ်ရှင်ဆိုတဲ့ မဟာအခွင့်အရေးကြီးကြောင့်လည်း ပြိုင်ဘက်အသင်း Peak Form ပျောက်ခဲ့တာပါ။ အထူးသဖြင့် အိမ်ရှင်မြန်မာပရိသတ်ရဲ့ ကြောက်ခမန်း လိလိအားပေးမှုတွန်းအားကလည်း ဒီပွဲဗိုလ်စွဲဖို့ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ ဗိုလ်လုပွဲ ကစားမယ့် ညနေ ၅း၃၀အချိန်မှာ အဲဗာတန်-မန်ယူပွဲ၊ ပြီးတော့ ညနေ ၆း၁၅မှာ စပါးစ်-အာဆင်နယ်ပွဲ၊ ည ၇း၀၀ နာရီမှာ ပို့စ်မောက်-လီဗာပူးလ် ပွဲမျိုးတွေရှိနေတဲ့အပြင် အဲဒီနေ့ ညနေမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပရိသတ် အလွန်နှစ်သက်စွာအားပေးတဲ့ အဆိုတော် ဇော်ဝင်းထွဋ်နဲ့ ထွန်းအိန္ဒြာဗိုတို့ Stage Show ပွဲကလည်း ရှိနေပေမယ့် မြန်မာပရိသတ်ဟာ သုဝဏ္ဏကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးခဲ့တာကို ကြည့်ရင် မြန်မာတွေဘောလုံးကို ဘယ် လောက်ရူးသွပ်စွာအားပေးသလဲဆိုတာသုံးသပ်လို့ရပါတယ်။

ဒီပွဲမှာမြန်မာပရိသတ်ကို ချီးကျူးလေးစား ကျေးဇူးတင်ရမှာဖြစ်သလို မြန်မာအသင်းအတွက် အကောင်းဆုံးကစားပေးသွားနိုင်တဲ့ မေခင်ယမင်း၊ စမ်းစမ်းမော်၊မိုးမိုးဝါ၊ သန်းသန်းထွေး တို့အုပ်စုကိုလည်း မဖြစ်မနေချီးကျူးသင့်ပါတယ်။ တကယ်လို့ ဒီပွဲမှာသာ အကောင်းဆုံး ဘောလုံးသမားဆု (Best Player of the Tournament Award) ပေးခဲ့ရင် မေခင် ယမင်း(သို့)စမ်းစမ်းမော် ရသင့်ပါတယ်။

အသန့်ရှင်းဆုံးဆုနဲ့ တတိယဆု

ပထမ၊ ဒုတိယဆုနဲ့ တတိယဆုတို့သာချီးမြင့်ခဲ့ရာမှာ မြန်မာအသင်းက ချန်ပီယံဆုဖလားနဲ့ တစ်ဦးချင်းရွှေဆုရုပ်ထု၊ ထိုင်းအသင်းက ဒုတိယငွေဆုရုပ်ထုနဲ့ ဗီယက်နမ်အသင်းက တတိယ ကြေးဆုရုပ်ထုနဲ့ အသန့်ရှင်းဆုံးအသင်းဆုကို ရရှိခဲ့ပါတယ်။ ဗီယက်နမ်အသင်းဟာ မျှော်လင့် ထားတဲ့အတိုင်း တတိယလုပွဲမှာ မလေးရှားအသင်းကို တဖက်သတ်နီးပါး ခြေအသာနဲ့ဖိ ကစားပြီး ၆ - ၀ နဲ့နိုင်ကာ တတိယဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။

ထိုင်းအသင်းကို ခက်ခက်ခဲခဲ ကြိုးစားကစားရပြီး ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့ မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းကို နိုင်ငံတော်အစိုးရ အပါအ၀င် စေတနာရှင်၊ လုပ်ငန်း ရှင်များ ကဆုကြေးငွေများ ပေးအပ် ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။့ မြန်မာအသင်း အခုလို အာဆီယံ ချန်ပီယံဖလားရခဲ့တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် မွန်းကျပ်နေတဲ့ မြန်မာပရိသတ် တွေလည်း ပျော်ရွှင် ကျေနပ်ခဲ့ရသလို ၊ဂုဏ်ယူဖွယ်ရာအောင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။