DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အာစီယံ ချန်ပီယံမှာ မြန်မာအသင်း ဗိုလ်စွဲဖို့ဆိုလျှင်
စိုးမိုး (IBC) - စက်တင်ဘာ ၇၊ ၂၀၀၇

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ညနေတွင် ၂၀၀၇ ခုနှစ် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာ စတင်ကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။၂၀၀၃ ခုနှစ်က ယူ-၁၈ အာဆီယံဘောလုံးပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်အဖြစ်ပြန်လည် လက်ခံကျင်းပခဲ့ခြင်းဖြစ်၍ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ယခုပြိုင်ပွဲအား တတ်နိုင်သမျှ အပြည့်စုံဆုံး နှင့်အကောင်းဆုံးဖြစ်အောင် ကျင်းပနိုင်ရန် စီမံဆောင်ရွက်ထားသည်ကိုတွေ့ရသည်။


မြန်မာအမျိုးသမီးဘောလုံးအသင်း

၂၀၀၅ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်၍ ယခုတစ်ကြိမ်မှာ တတိယအကြိမ် မြောက် အာဆီ ယံချန်ပီယံရှစ်ပြိုင်ပွဲဟု ဆိုရမည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူလေးများ၏ ဘင်ခရာ၊ ပန်းပွားအကများအပါအ၀င် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က (စည်းလုံးခြင်း အတွက် သီချင်း တစ်ပုဒ်)သီချင်းကို အော်ဒီယိုသံစဉ်ဖွင့်၍ တိုင်းရင်းသူလေးများခြံရံလျက် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေ တင်ဆက်သွားပြီး ပြိုင်ပွဲဖွင့်လှစ်ကြောင်း ကြေညာလိုက်ချိန်မှာ စက္ကူပန်း များ၊မိုးပျံပူဖောင်းများ လွှတ် တင်ပြီး ဖွင့်ပွဲအခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

ပြိုင်ပွဲ၏ ပထမဆုံးဖွင့်ပွဲအဖြစ် အုပ်စု(ခ)မှအိမ်ရှင်မြန်မာနှင့်စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် မြန်မာအမျိုးသမီးအသင်းက အတွေ့အကြုံရှိသည့် လက်ရွေးစင်အများစုပါဝင်နေသည့် အသင်းပီပီ ခြေအ သာဖြင့်ကစားနိုင်ခဲ့သည်ကိုတွေ့ရသည်။ အိမ်ရှင်အသင်းလည်းဖြစ်၍ ကစားအားနှင့်စိတ်ဓာတ်က အစ အခြားသော အခြေအနေအားသာချက်များအရပါ စင်္ကာပူအသင်းထက် သာလွန်ခဲ့သည်ကို တွေ့ရပြီး ၃-၀ ဖြင့် နိုင်ခဲ့သည်။ သို့သော်ပထမပိုင်းတွင် မိုးများသည်းထန်စွာရွာနေသည့်ကြားမှ ၃ ဂိုးသွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းမိုးစဲချိန်တွင် တစ်ဂိုးမှထပ်မသွင်း နိုင်ခြင်းမှာ အားနည်းချက်အချို့ကြောင့်ဟုဆိုရမည်။

ဒုတိယပိုင်းတွင် စင်ကာပူအသင်းက ကစားအား သိသိသာသာကျသွားသော်လည်း ခံစစ်ကိုအသေပိတ်
ကစားမှုအား မြန်မာအသင်းက ပုံစံတစ်မျိုး၊ နှစ်မျိုးနှင့်သာထိုးဖောက်နေသည့်အပြင် ဂိုးရချင် စိတ်လော
ကြီးပြီး အလွဲလွဲအချော်ချော်ဖြစ်နေခြင်းကြောင့်ဂိုးထပ်မရခဲ့ပေ။ ထိုအတွက် ရာသီဥတုကိုအကြောင်းပြ
၍တော့ သဘာဝမကျပါ။

ပွဲအပြီးတွင် မြန်မာနည်းပြ ဦးအေးကြူကြီးကလည်း သူတို့အသင်း အနေဖြင့် ဂိုးများများရချင်စိတ်များပြီး အားနည်းချက်အချို့ရှိခဲ့ကြောင်း မြန်မာကစားသမားအများစုမှာ ပွဲအခြေအနေကိုကြည့်ပြီး နည်းဗျူဟာ ပြောင်းကစားခြင်းမျိုး၌ အားနည်းနေသေးကြောင်း၊ နောက်ပွဲများတွင် ယခုထက်ပိုမိုကြိုး စားသွား မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ စင်ကာပူနည်းပြကတော့ မြန်မာအသင်းကိုချီးကျူးပြီး အတွေ့ အကြုံနုနယ်သော်လည်း သူ့အသင်းကစားသမားလေးများအနေဖြင့် ကြိုးစားခဲ့၍ အပြစ်မပြောလိုကြောင်း စာရေးသူ၏ မေးမြန်းချက်ကို ပြန်ဖြေခဲ့သည်။

အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် ထိုင်းနှင့် လာအိုတို့ပွဲတွင်လည်း ထိုင်းအသင်းက တစ်ဦးချင်း ခြေစွမ်းအသာ၊ ကစားကွက်အသာဖြင့် လာအိုအသင်းကို တစ်ဖက်သတ်ဖိကစားပြီး ၁၃-၁ ဖြင့် အနိုင်ရသွားခဲ့ရာ လက်ရှိခြေစွမ်းအရ ထိုင်းအသင်းမှာ စင်ကာပူအသင်းကိုလည်း ဂိုးပြတ်နိုင်ချေရှိ၍ မြန်မာအသင်းအနေဖြင့်
အုပ်စုဗိုလ်ရရန် ထိုင်းအသင်းကိုလည်း မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်လာပြီဖြစ်သည်။

ယခုဆောင်းပါးရေးချိန်တွင် အုပ်စု(က)၏ အုပ်စုအဖွင့်ပွဲစဉ်များဖြစ်သည့် မလေးရှား-အင်ဒိုနီးရှား၊ လက်ရှိ ချန်ပီယံ ဗီယက်နမ်-ဖိလစ်ပိုင်တို့ပွဲစဉ် မကစားရသေးသော်လည်း မလေးရှားနှင့် အင်ဒိုနီးရှား ပွဲစဉ်သာ အကြိတ်အနယ်ရှိနိုင်ပြီး အတွေ့အကြုံနုနယ်သော ကျောင်းသူငယ်ငယ်ချောချောလေးများဖြင့် ဖွဲ့စည်း ထားသည့် ဖိလစ်ပိုင်အသင်းကိုတော့ လက်ရှိချန်ပီယံဗီယက်နမ်အသင်းက ဂိုးပြတ်နိုင်မှာ သေချာသည်။ ဗီယက်နမ်အသင်းမှာ လက်ရှိအာဆီယံအမျိုးသမီး ဘောလုံးအဆင့် သတ်မှတ်ချက် တွင်နံပါတ် ၁ နေရာတွင်ရှိနေသည့် အသင်းဖြစ်ပြီး ၀ါရင့်လက်ရွေးစင်ကစားသမားများနှင့် လူငယ်ခြေတက် ကစားသမား အချို့ကိုအချိုး ကျကျပေါင်းစပ်ဖွဲ့စည်းထားသည့်အသင်းဖြစ်၍ ဆီမီးဖိုင်နယ်ကို သေချာ ပေါက်တက် လာ နိုင်မည်။

အုပ်စု(က)၏ ဒုတိယပွဲစဉ်တွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားတို့တွေ့မည်ဖြစ်ရာ ယခုဆောင်းပါးရေးချိန်တွင် မကစားရသေးသော်လည်း လက်ရှိချန်ပီယံဗီယက်နမ်အသင်းမှာ မလေးရှား ကိုနိုင်ဖို့များသောကြောင့်အုပ်စု(ခ)မှ မည်သည့်အသင်း ဆီမီးတက်လာမည်ကို ယခုအချိန်လောက်ဆိုလျှင် အဖြေပေါ်သလောက် နီးပါးရှိနေပြီဖြစ်သည်။

ယနေ့ စက်တင်ဘာ (၁၀) ရက်နေ့ညနေတွင် အုပ်စုနောက်ဆုံးပွဲကို တစ် ချိန်တည်းကစားရမည်ဖြစ်ရာ သုဝဏ္ဏကွင်း၌ မြန်မာနှင့် ထိုင်း၊အောင်ဆန်း ကွင်း၌ လာအိုနှင့် စင်ကာပူတို့ ကစားရ မည်ဖြစ်သည်။ မြန်မာနှင့်ထိုင်းပွဲမှာ အကြိတ်အနယ်ပိုရှိနိုင်ပြီး လက်ရှိခြေစွမ်းအရ ထိုင်းအသင်းမှာ မြန်မာ အသင်းထက် နည်းစနစ်ပိုင်းအားသာပြီးတည်ငြိမ်မှုလည်းပိုရှိသည့်အပြင် အဆုံးသတ်ပိုကောင်း၍ မြန်မာအသင်း ခက် ခက် ခဲခဲကစားရနိုင်သည်။ ထိုပွဲမှာ အုပ်စုဗိုလ်နေရာလုရမည့် အခြေအနေမျိုးရှိ၍ အိမ်ရှင် ဖြစ်သော်လည်း မြန်မာ အသင်းအနေဖြင့် ထိုင်းအသင်းကို အလွယ်တကူအနိုင်ရလိမ့်မည်ဟု မျှော်လင့်ထား၍မရနိုင်ပေ။ မည်သို့ဆိုစေ ထိုပွဲမှာ အလွန်ကြည့်ကောင်းမှာ သေချာနေသည်။ မြန်မာအသင်း အိမ်ရှင်အခွင့်အရေးကို အသုံးချ၍ ပါးပါးနပ်နပ် ကစားနိုင်မှ ထိုင်းကိုနိုင်ချေရှိသည်။

လာအိုနှင့် စင်ကာပူတို့ပွဲမှာမူ ထူးခြားမှုသိပ်မရှိနိုင်ပေ။ လာမည့်စက်တင်ဘာ ၁၁ ရက်နေ့ ညနေတွင် လည်းအုပ်စု(က) ၏ နောက်ဆုံးအုပ်စုပွဲစဉ်များဖြစ်သည့် ဖိလစ်ပိုင်နှင့် မလေးရှားပွဲကို သုဝဏ္ဏကွင်း၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ်ပွဲကို အောင်ဆန်းကွင်းတို့တွင် တပြိုင်နက်တည်း ကစားမည်ဖြစ်ရာ ၂ ပွဲစလုံးမှာ တမျိုးစီစိတ်ဝင်စားဖွယ်ကောင်းနေသည်။

ခြေစွမ်းနှင့် လက်ရှိချန်ပီယံဆိုသည့် ဂုဏ်ဒြပ်အရ ဗီယက်နမ်အသင်းမှာ ဆီမီးတက်ရန်အလား အလာအ ကောင်းဆုံး ဖြစ်နေသော်လည်း ပြိုင်ပွဲသဘောအရ တဘက်အုပ်စု(ခ)မှ မည်သည့်အသင်း အုပ်စုဗိုလ် ရမည်ကိုကြည့်၍ ဗီယက်နမ်အသင်းက ယခုပွဲကို လိုသလိုထိန်းကစားသွားနိုင်သည်။

အကယ်၍ အိမ်ရှင်မြန်မာအသင်းသာ အုပ်စု(ခ)တွင် ဗိုလ်စွဲခဲ့ပါကဗီယက်နမ်အသင်းအနေဖြင့် မြန်မာအ သင်းကို ဆီမီး၌မတွေ့ရန် အုပ်စုဗိုလ်ရအောင် အင်ဒိုနီးရှားနှင့်ပွဲကို မဖြစ်မနေအနိုင်ရ အောင်ကြိုးစား ကစားလိမ့်မည်။ မြန်မာအသင်းအနေဖြင့်လည်း ဆီမီး၌ လက်ရှီချန်ပီယံ ဗီယက်နမ်နှင့် တွေ့ရင်ပွဲ အလွန် ကျပ်နိုင်သည်။

လက်ရှိကစားပြီးသွားသည့် ခြေစွမ်း အနေအထားများအရ မြန်မာ၊ဗီယက်နမ်၊ ထိုင်းတို့မှာဆီမီးဖိုင် နယ် တက်လာရန် အလားအလာအကောင်းဆုံး ဖြစ်နေပြီး ကျန်တစ်နေရာကို မလေးရှားနှင့်အင်ဒိုတို့ အပြိုင် လုရဖွယ်ရှိနေသည်။

မည်သို့ဆိုစေ မြန်မာအသင်းအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ရာသီဥတု၊ ကိုယ့်ပရိသတ်များ ရှေ့တွင်ကစားရသည့် အိမ်ရှင်အခွင့်အရေးအပြည့်ရှိနေ၍ ဗိုလ်လုပွဲသို့တက်ရောက်သင့်ပြီး ဗိုလ်လုပွဲ၌ မည်သည့်အသင်းနှင့်တွေ့တွေ့ အတည်ငြိမ်ဆုံးနှင့် အကောင်းဆုံးခြေစွမ်းမျိုးဖြင့်ကစားပြီးဗိုလ်စွဲအောင် ကြိုးစားနိုင်သင့်သည်ဟုယူဆပါသည်။ ထိုသို့ဖြစ်မလာခဲ့လျှင်တော့ အိမ်ရှင်လုပ်ရ ကျိုးသိပ်မနပ်ဟု ဆို ရပါမည်။

၂၀၀၇ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ

အုပ်စု (က)
ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်

အုပ်စု (ခ)
မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ လာအို

၆-၉-၀၇
မြန်မာ - စင်ကာပူ (၄:၀၀) သုဝဏ္ဍကွင်း
ထိုင်း - လာအို (၆:၁၅) သုဝဏ္ဍကွင်း
၇-၉-၀၇
မလေးရှား - အင်ဒိုနီးရှား (၃:၃၀) သုဝဏ္ဍကွင်း
ဗီယက်နမ် - ဖိလစ်ပိုင် (၅:၄၅) သုဝဏ္ဍကွင်း
၈-၉-၀၇
ထိုင်း - စင်ကာပူ (၃:၃၀) သုဝဏ္ဍကွင်း
မြန်မာ - လာအို (၅:၄၅) သုဝဏ္ဍကွင်း
၉-၉-၀၇
အင်ဒိုနီးရှား - ဖိလစ်ပိုင် (၃:၃၀) သုဝဏ္ဍကွင်း
ဗီယက်နမ် - မလေးရှား (၅:၄၅) သုဝဏ္ဍကွင်း
၁၀-၉-၀၇
မြန်မာ - ထိုင်း (၃:၃၀) သုဝဏ္ဍကွင်း
စင်ကာပူ - လာအို (၃:၃၀) အောင်ဆန်းကွင်း
၁၁-၉-၀၇
ဖိလစ်ပိုင် - မလေးရှား (၃:၃၀) သုဝဏ္ဍကွင်း
အင်ဒိုနီးရှား - ဗီယက်နမ် (၃:၃၀) အောင်ဆန်းကွင်း

၁၃-၉-၀၇
(က) ပထမ - (ခ) ဒုတိယ (၃:၃၀) သုဝဏ္ဍကွင်း
(ဆီမီးပွဲ)
(ခ) ပထမ - (က) ဒုတိယ (၆:၃၀) သုဝဏ္ဍကွင်း

၁၅-၉-၀၇
တတိယလုပွဲ (၃:၀၀) သုဝဏ္ဍကွင်း
ဗိုလ်လုပွဲ (၅:၃၀) သုဝဏ္ဍကွင်း