မနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ရှာလန်ကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့တဲ့ မာဒေးကားဖလား ဗိုလ်လုပွဲမှာ အိမ်ရှင်မလေးရှားက မြန်မာအသင်းကို (၃ - ၁)နဲ့ နိုင်ပြီး (၃၉)ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို ဆွတ်ခူးသွားပါတယ်။
မလေးရှားအသင်းဟာ နိုင်ငံရဲ့ နှစ် (၅၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ လွန်ခဲ့တဲ့ (၁၄)နှစ်ကတည်းက ဝေးကွာနေတဲ့ မာဒေးကားဆုဖလားကို ပထမဆုံးအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခြင်း ဖြစ်ပါတယ်။
နောက်ဆုံးအကြိမ်အဖြစ် မလေးဟာ ၁၉၉၃ ခုနှစ် မာဒေးကားဖလား ဗိုလ်လုပွဲမှာ တောင်ကိုရီးယားအသင်းကို (၃ - ၁)နဲ့နိုင်ပြီး ဗိုလ်စွဲထား ဖူးပါတယ်။
ဦးဆောင်ဂိုးကို မလေးယူ (၂၃)အသင်းက ပထမပိုင်း (၁၂)မိနစ်မှာ မိုဟက် ဇာကွန်အက်ဟာ အက်ဒူရာ ရာဇက်က သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာ နှစ်သင်းစလုံးဟာ တွန်းတွန်းတိုက်တိုက် ကစားနေစဉ် မလေးရဲ့ ဒုတိယ ဂိုးကို (၅၆)မိနစ်မှာ မြန်မာနောက်တန်းက ၀င်းမင်းက မတော်တဆ ကိုယ့်ဂိုး ကိုယ်သွင်းတာ ကနေ ရရှိခဲ့ပါတယ်။
မလေးဟာ ဒုတိယဂိုးသွင်းပြီး (၄)မိနစ်အကြာမှာ မိုဟက် ဆာဖီ ဆာလီရဲ့ တကိုယ်တော် ထိုး ဖောက်မှုကနေ တတိယအနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့ ပါတယ်။
လက်ရှိချန်ပီယံ မြန်မာအသင်းဟာ နှစ်ဂိုးအသွင်းခံထားရပေမယ့် ဇွဲမလျော့တမ်း ချေပဂိုးရဖို့ ကြိုးစားပေမယ့် မလေးကစားသမားတွေ ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ထိုင်းကွင်း လယ်ဒိုင်က အ၀ါကဒ် ပြစ်ဒဏ်မပေးတဲ့အတွက် ပွဲက ပိုပြီး ကြမ်းခဲ့ပါတယ်။
မြန်မာအသင်းရဲ့ တစ်လုံးတည်းသော ချေပဂိုးကို (၇၃)မိနစ်မှာ လူစားဝင်လာတဲ့ ထွန်းထွန်း ၀င်းက ကန်သွင်းယူခဲ့ပါတယ်။
ပွဲပြီးဖို့ (၁၀)မိနစ်အလိုမှာ နှစ်ဖက်ကစားသမားတွေဟာ ပိုပြီး ပရမ်းပတာနဲ့ စိတ်လက်မာန်ပါ ကစားခဲ့ကြပြီး (၈၇)မိနစ်မှာ မြန်မာအသင်းက ကျော်ခိုင်ဝင်း ဒုတိယအကြိမ် အ၀ါကဒ်နဲ့ အ ထုတ်ခံ ရပါတယ်။
ပွဲအပြီးမှား မလေးဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆူတန် ဟာဂျီအာမက်ရှားက “ကစားသမားတွေရဲ့ ကစားပုံကို ကျေနပ်ပါတယ်။ သူတို့ဟာ နိုင်ပွဲနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်” လို့ ပြောပါ တယ်။
မလေးအသင်းဟာ ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အတွက် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။
ယင်းဗိုလ်လုပွဲစဉ်ကို ပရိတ်သတ်ပေါင်း (၄၀,၀၀၀)လောက် လာရောက် အားပေးခဲ့ပြီး မြန်မာ ပရိတ်သတ်ပေါင်း (၅,၀၀၀)နဲ့ အထက် လာရောက်အားပေးခဲ့ကြောင်း ကိုယ်တိုင် လာရောက် ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။
မာဒေးကားဖလားပွဲကို မလေးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် နိုင်ငံရပ်ခြားက ဘောလုံးအသင်းတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲကျင်းပတာဟာ အခုအကြိမ်နဲ့ပါဆို (၃၉)ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ |

အောင်ပွဲခံနေတဲ့ မလေးအသင်းသားများ
|