DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ချန်ပီယံဆုကို ခက်ခက်ခဲခဲကာကွယ်ရတော့မယ့် မြန်မာအသင်း
စိုးမိုး (IBC) - သြဂုတ် ၂၈၊ ၂၀၀၇

၃၉ ကြိမ်မြောက် မာဒေးကားဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံမြန်မာအသင်းဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ။ မြန်မာအသင်းဟာ ထိုက်ထိုက်တန်တန်နဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် အလွယ်တကူနဲ့ ဗိုလ်လုပွဲတက်ခဲ့တာတော့ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ တစ်ဦးချင်းခြေစွမ်းနဲ့ကြိုးစားမှုကောင်းခဲ့တဲ့ အပြင် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရင့်ကျက်တဲ့ ၀ါရင့်ကစားသမားအများစုပါဝင်နေမှု၊ နည်းပြမားကို့စ်ဖော်လိုပါရဲ့ နည်းဗျူဟာကောင်းမွန်မှုအပါအ၀င် ကံကြမ္မာဖေးမမှုတွေကြောင့်လည်း အခုလိုဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအသင်း အခုလိုဗိုလ်လုပွဲတက်နိုင်ဖို့ အဓိကခွန်အားတစ်ရပ်ဖြစ်ခဲ့တာကတော့ မလေးရှားရောက် မြန်မာပရိသတ်တွေရဲ့ ပွဲစဉ်တိုင်းတခဲနက် လာရောက်အားပေးခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။ အိမ်ရှင်မလေးရှားနဲ့ ကစားခဲ့တဲ့အုပ်စုပွဲစဉ်မှာတောင် မြန်မာပရိသတ်က အိမ်ရှင်ပရိသတ်ထက် ၅ ဆလောက်များခဲ့တာကိုကြည့်ရင် မြန်မာဘောလုံးပရိသတ်ဟာ ပွဲစဉ်တိုင်းအတွက် မြန်မာအသင်းရဲ့၁၂ ယောက်မြောက် ကစားသမားလို့တောင် သတ်မှတ်ချီးကျူးရမှာဖြစ်ပါတယ်။


မြန်မာလက်ရွေးစင် ဘောလုံးအသင်း အမှတ်တံဆိပ်

ပရိသတ်ကို ကျေးဇူးတင်သင့်

အသွေးအသားထဲက ဘောလုံးကိုချစ်တဲ့စိတ်၊ မြန်မာဆိုတဲ့စိတ်၊ကိုယ့်မြန်မာအသင်းကို ဘယ်အသင်းနဲ့ ကစားကစား၊ ဘယ်ပွဲပြိုင်ပြိုင် အနိုင်ရစေချင်တဲ့စိတ်ဓာတ်တွေကြောင့် နိုင်ငံခြား မှာ အခက်အခဲပေါင်းများစွာကြားက မြန်မာဘောလုံးအသင်းကစားတဲ့ပွဲစဉ်တွေကို (စကာင်္ပူ ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေမှာ ကစားလည်း ဒီအတိုင်းပါပဲ) အချိန်ကုန်ခံ၊ ငွေအဖြတ်ခံ၊ အလုပ်ရှင်ရဲ့ ညိုငြင်မှုတွေခံပြီး အကုန်အကျများစွာခံပြီး လာရောက်အားပေးလေ့ရှိကြတဲ့ မြန်မာပရိသတ်တွေကို ဒီစာနဲ့ ဂုဏ်ပြု မှတ်တမ်းတင် ချီးကျူးလေးစားမိကြောင်း ဖော်ပြလိုပါတယ်။ မြန်မာအသင်းသားတွေရဲ့ အခုအောင်ပွဲဟာ မလေးရှားကမြန်မာပရိသတ်တွေရဲ့ တခဲနက်အားပေးမှု တွန်းအားကလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့လို့ မြန်မာအသင်းသားတွေအနေနဲ့ မလေးရှားကမြန်မာပရိသတ်တွေကို ကျေးဇူးတင်သင့်ပြီး သူတို့ရဲ့ အားပေးမှုကျေးဇူးတွေကို တုန့်ပြန်တဲ့အနေနဲ့ အခုနောက်ဆုံးဗိုလ်လုပွဲမှာ ထပ်ဆင့်ဗိုလ်စွဲအောင်ကြိုးစားကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ပိုခက်ခဲမှာသေချာ

တိုက်တိုက်ဆိုင်ဆိုင် အုပ်စုတွင်းမှာတွေ့ခဲ့တဲ့ အိမ်ရှင်မလေးရှားနဲ့ ဗိုလ်လုပွဲမှာလာဆုံပြန်ပါပြီ။ မလေးအသင်းက ယူ-၂၃ အသင်းဖြစ်ပေမယ့် ပြီးခဲ့တဲ့ အာရှဖလားပွဲကစားခဲ့တဲ့ လက်ရွေးစင်အသင်းက ကစားသမား ၅ ဦးပါဝင်နေပြီး နည်းပြဆာသီယာနသန်ကလည်း နည်းဗျူဟာ ကျွမ်းကျင်သူ ဖြစ်တဲ့အပြင် မြန်မာကစားသမားတွေရဲ့ ခြေစွမ်းအနေအထားကိုလည်း သေချာသိနေသူ ဖြစ်ပါတယ်။ ဆာသီယာနသန်ဟာ ပြီးခဲ့တဲ့နှစ် ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ပြိုင်ပွဲမှာ မလေးရှားလူငယ်အသင်းနဲ့အတူ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးတဲ့သူဖြစ်လို့ စိုးမြတ်မင်း၊ ရန်ပိုင်၊ မင်းသူ၊ ဇော်လင်းထွန်း၊ အောင်မျိုးသန့်၊ အောင်အောင်ဦးတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိနေသူပါ။

အုပ်စုတွင်းပွဲစဉ်မှာ မြန်မာကို ၂-၁ နဲ့သာ ကပ်ရှုံးခဲ့ပေမယ့်မြန်မာအသင်းလွယ်လွယ်နဲ့ နိုင်ခဲ့တာမဟုတ်ပါဘူး၊ အဲဒီပွဲတုန်းက ပွဲစပြီး စက္ကန့်၄၀ အကြာမှာပဲ မလေးရှား ရှေ့တန်းလူ ကျောနံပတ်(၁၈) ဆာဖီအလီက ဇော်လင်းထွန်းကို ကြမ်းတမ်းစွာကစားခဲ့ပြီး စောစောစီးစီး အထုတ်ခံခဲ့ရတာနဲ့ မြန်မာဂိုးသမားအောင်အောင်ဦး မလေးရှားရဲ့ အပိုင်ကန်သွင်းချက် ၄ လုံး လောက်ကကာကွယ်ပေးနိုင်ခဲ့လို့သာ မြန်မာအသင်း ကပ်နိုင်ခဲ့တာပါ။ တကယ်လို့ ၁၁ယောက် ချင်းသာကစားရရင် မြန်မာအသင်းမချောင်ပါဘူး။ ဒါ့အပြင် အခုဆီမီးဖိုင်နယ်မှာ မလေးရှားအသင်းဟာ ထိပ်တန်းကစားသမားတွေအများကြီးပါတဲ့ စင်္ကာပူလက်ရွေးစင်အသင်းကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ခြေစွမ်းအရ မြန်မာအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒါ့အပြင်အုပ်စုတွင်း မှာ ရှုံးခဲ့တဲ့ မကျေနပ်ချက်တွန်းအား၊မခံချင်စိတ်တွေအပြင် အိမ်ရှင်ဆိုတဲ့ အရှိန်အ၀ါတွေလည်းရှိနေလို့ မြန်မာအသင်းအနေနဲ့ အလွန်ခက်ခဲပြီး အထူးသတိထား ကစားရဖို့ရှိပါတယ်။

နှိုင်းယှဉ်ချက်

လက်ရှိဒီနှစ်သင်းရဲ့အနေအထားကိုနှိုင်းယှဉ်သုံးသပ်ကြည့်ရင် နည်းပြအရည်အသွေး မှာဆာ သီယာနသန်ကို မြန်မာနည်းပြမားကို့စ်က ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။ နည်းဗျူဟာ ပိုင်းမှာမားကို့စ်ကတောင်နည်းနည်းပိုသာသလိုရှိပါသေးတယ်။ ကစားသမားပိုင်းကိုကြည့်ရင် ဂိုးသမားမှာ အောင်အောင်ဦးရဲ့ လက်ရှိလက်စွမ်း၊ အတွေ့ အကြုံက မလေးဂိုးသမား Nasril Mat Nourdin ထက်သာပါတယ်။ မင်းသူ၊ ဇော်လင်းထွန်း၂၊ ကျော်ခိုင်ဝင်း၊ ခင်မောင်လွင်တို့ခံစစ်အတွဲကလည်း မလေးရှားထက်မညံ့ပါဘူး၊ တွဲကစားခဲ့တဲ့အတွေ့အကြုံအရမြန်မာက တောင်သာပါတယ်။ အောင်မျိုးသန့်၊ ဇော်ထက်အောင်၊ မိုးဝင်း၊ မျိုးမင်းထွန်း၊ ရာဇာဝင်းသိန်းတို့ အုပ်စုရဲ့ လက်ရှိခြေစွမ်းနဲ့ကစားအားကလည်း မလေးရှားအလယ်တန်းကို ကောင်းကောင်းးယှဉ်နိုင်ပါတယ်။ တိုက်စစ်ချင်းယှဉ်ကြည့်ရင် စိုးမြတ်မင်းနဲ့ရန်ပိုင်တို့ရဲ့ အတွေ့အကြုံက မလေးတိုက်စစ်သမားတွေထက် အများကြီးပိုရင့်ပါတယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ ဂိုးသွင်းနိုင်မှုစွမ်းရည်ကလည်း မြန်မာကပဲ သာနေတာတွေ့ရတယ်။ ရန်ပိုင်ကအခုချိန်ထိ တစ်ဦးတည်း၎ဂိုးသွင်းထားသဖြစ်သလို စိုးမြတ်မင်းကလည်း ၂ ဂိုးသွင်းပေးထားနိုင်လို့ မလေးရှားထက် နှာတစ်ဖျားသာပါတယ်။

ဘယ်လိုကစားမလဲ

ဒါပေမယ့် မလေးရှားဟာ အုပ်စုဖွဲ့ကစားတာကောင်းပြီး System Playကစားတာလည်းမြင့်လို့မြန်မာအသင်း အလွယ်တကူအသာစီးရဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် မလေးရှားတောင်ပံကစားသမားတွေဟာ လျင်မြန်မှုရှိသလို တိုက်စစ်ကိုလည်း ကောင်းကောင်းလိုက်ကစားတတ်လို့ အသက်ထောက်လာတဲ့ မင်းသူတို့အုပ်စု သတိထားကစားဖို့လိုပါတယ်။ မလေးရှားအလယ်တန်းက Shukor Adan, Zambri နဲ့တိုက်စစ်သမား Adha Razakတို့ အုပ်စုကလည်းတိုးအားကောင်းပြီး ကွက်ပျောက်ကစားတတ်ပြီး အဝေးကနေကန်ချက်ပြင်းတွေနဲ့ဂိုးသွင်းနိုင်စွမ်း ရှိတာကြောင့်သူတို့ဆီဘောလုံးသိပ်မရောက်အောင် ဇော်ထက်အောင်၊ မိုးဝင်းတို့အုပ်စု သေချာ Marking လုပ်ကစားဖို့လိုပါမယ်။ စိုးမြတ်မင်းနဲ့ ရန်ပိုင်တို့နှစ်ယောက်ကို လှုပ်ရှားခွင့်သိပ်မရအောင် မလေးရှားက သေချာMarking လုပ်ကစားနိုင်လို့ မျိုးမင်းထွန်း၊ အောင်မျိုးသန့်နဲ့ ရာဇာဝင်းသိန်းတို့အုပ်စုက မထင်မှတ်တဲ့နေရာတွေကနေ ဂိုးသွင်းနိုင်ဖို့လိုပါတယ်။

မလေးရှားဟာ ဒီပွဲမှာဆာဖီအလီလည်းပြန်ပါလာနိုင်ပြီး အကောင်းဆုံးLine-up ထုတ်ကစား မှာ သေချာတယ်။ မြန်မာနည်းပြမားကို့စ်ကလည်းဒီပွဲမှာ အောင်အောင်ဦး၊ မင်းသူ၊ ဇော်လင်းထွန်း၊ ကျော်ခိုင်ဝင်း၊ ခင်မောင်လွင်၊ အောင်ဖြိုးသန့်၊ ဇော်ထက်အောင်၊ မိုးဝင်း၊ မျိုးမင်းထွန်း၊ စိုးမြတ်မင်းနဲ့ ရန်ပိုင်တို့ကို First Line-up ထုတ်ပြီး ၄-၄-၂ နဲ့ ၄-၄-၁-၁ ပုံစံကို ပွဲအနေအထားပေါ်ကြည့်ပြီး ကစားသွားမယ်ထင်တယ်။ ဘရာဇီးနည်းပြရဲ့အားသာချက်ကဘောလုံးကို သိပ်အဆုံးမခံပဲ စိတ်ရှည်ရှည်နဲ့ ထိုးဖောက်ကစားစေတဲ့ အချက်ပါပဲ၊ ဒီပွဲမှာလည်း အရင်ပွဲတွေအတိုင်း တောင်ပံတွေကနေ အားပြုကစားဖို့များပေမယ့် Marking မိနေရင်ရာဇာဝင်းသိန်း၊ ထွန်းထွန်းဝင်းတို့ကိုထည့်ပြီး ပုံစံပြောင်းကစားမယ်လို့ ထင်ပါတယ်။

ဘယ်သူနိုင်မလဲ

နောက်ဆုံးဗိုလ်လုပွဲဖြစ်လို့ နှစ်သင်းစလုံးကပညာကုန်၊ ခြေကုန်ထုတ်ကစားမှာသေချာတယ်။ လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း၊ အတွေ့အကြုံပိုင်းအရမြန်မာ ကနည်းနည်းသာ ပေမယ့် အိမ်ရှင်ဆိုတဲ့အရှိန်အ၀ါ၊ မလေးရှားအသင်းရဲ့လက်စားချေချင်စိတ်တွေကြောင့် မြန်မာအသင်းအတွက် အလွန်ခက်ခဲတဲ့ ပွဲဖြစ်နိုင်ပြီး ၂ သင်းစလုံး နိုင်ချေ ၅၀း၅၀ ပါပဲ။

ထိပ်တိုက်တွေ့ဆုံမှု

ဒီနှစ်သင်းဟာ မာဒေးကားပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာတစ်ကြိမ်မှ မတွေ့ခဲ့ဖူး သေးပါဘူး။ ဒါပေမယ့်အခြားပြိုင်ပွဲတွေနဲ့ဗိုလ်လုပွဲမှာတွေ့ခဲ့မှု အပါအ၀င် ဘောလုံးသမိုင်းတစ် လျှောက်မှာ (လက်ရွေးစင်အဆင့်ပြိုင်ပွဲမှာ) စုစုပေါင်း ၄၄ ကြိမ်တွေ့ခဲ့ဖူးပြီး မြန်မာက ၁၇ ကြိမ်ပဲ နိုင်ခဲ့ပြီး၊ မလေးက၂၁ ကြိမ်နိုင်ကာ ၆ ကြိမ်သရေကျတာတွေ့ရတယ်။ ဒါပေမယ့် နောက်ဆုံး ၇နှစ်အတွင်း ၉ ကြိမ်ဆုံခဲ့ဖူးရာမှာတော့ မြန်မာက ၄ ကြိမ်နိုင်ခဲ့ပြီး မလေးရှားက ၃ကြိမ်ပဲနိုင်ခဲ့လို့ ဒီဘက်နှစ်ပိုင်းမှာ တွေ့ဆုံခဲ့တဲ့အစဉ်အလာအရမြန်မာက နည်းနည်းသာပါတယ်။
ဒါ့အပြင်မလေးရှားဟာ မြန်မာရဲ့နိုင်ငံတကာပြိုင်ပွဲအောင်မြေ ဖြစ်ခဲ့တဲ့သာဓကတွေလည်း ရှိပါတယ်။ဒါကြောင့်ဒီပွဲမှာမလေးရှားအနေနဲ့မသိစိတ်က မြန်မာအသင်းကိုနည်းနည်းကြောက်နေမှာပါ။

မြန်မာပဲနိုင်စေချင

မြန်မာအသင်းအတွက် အဓိကတွန်းအားက ပရိသတ်အင်အားများတာပဲ။ အခုပွဲကိုလည်း
အိမ်ရှင် ပရိသတ်အင်အားထက် မြန်မာပရိသတ်အင်အားကများဦးမှာသေချာတယ်။ မလေးရှား
ကတော့ဒီပွဲကိုသူတို့ပရိသတ်တွေအများအပြား လာအားပေးဖို့ အစီအမံတွေနဲ့နှိုးဆော်ထားတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပရိသတ်ရဲ့အားပေးမှုကိုတော့မှီမှာမဟုတ်ဘူး။ မြန်မာပြည်မှာလည်း ဒီပွဲကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်သန်းချီရှိနေလို့ မြန်မာအသင်းအနေနဲ့ အားငယ်စရာမရှိပါဘူး။

MFF ဥက္ကဋ္ဌဦးဇော်ဇော်ကိုယ်တိုင် မလေးရှားအထိလိုက်လာပြီး ပွဲတွေနိုင်တိုင်းဆုကြေးတွေပေးပြီး မြန်မာအသင်း စိတ်ဓာတ်တက်ကြွအောင် တွန်းအားပေးနေတဲ့အချက်ကလည်းမြန်မာအသင်းအတွက် အားဆေးတစ်ခုပဲ။ ဒါ့အပြင် ၂၀၀၆ခုနှစ်ပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီး အောင်ပွဲနဲ့အတူပြန် လာခဲ့စဉ်တုန်းက မြန်မာပြည်သူတွေက ဘယ်လောက်ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်၊ ဆုကြေးတွေဘယ်လောက်ချီးမြှင့်ခံခဲ့ရသလဲဆိုတာမနှစ်ကဗိုလ်စွဲခဲ့ဖူးတဲ့မြန်မာအသင်းသားတွေ လက်တွေ့ ခံစားသိရှိနေတဲ့ အချက်ကလည်း ဒီပွဲကိုရေကုန်ရေခန်း ကြိုးစားကစားစေမယ့် တွန်းအားတစ်ခုပါပဲ။ဒါကြောင့်လက်ရှိချန်ပီယံဆိုတဲ့ ဖိအားကိုခေတ္တမေ့ထားပြီး ပြိုင်ဘက်ကို သတိနဲ့အသာစီးရအောင်တည်ငြိမ်စွာ ရင်ဆိုင်ယှဉ်ပြိုင်နိုင်ရင် မြန်မာအသင်း၂နှစ်ဆက်တိုက်ချန်ပီယံဖြစ်နိုင်ပါတယ်။ စာရေးသူအပါအ၀င် မြန်မာဘောလုံးပရိသတ်တွေအားလုံးကတော့ မြန်မာအသင်းကိုပဲ နိုင်စေချင်တယ် ဆိုတာ..............

ဗိုလ်လုပွဲမကစားမီ စကားသံများ

“ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း ဗိုလ်လုပွဲကိုရောက်လာခဲ့ပါပြီ၊ ဒါပေမယ့်ပွဲအများစုဟာ ခက်ခက်ခဲခဲကစားခဲ့ ရတာပါ၊အခုမလေးရှားနဲ့ ဗိုလ်လုပွဲမှာပြန်ဆုံလို့ အုပ်စုပွဲကထက် ပိုခက်ခဲမှာ သေချာပါတယ်။ သူတို့ဟာစင်္ကာပူလို အသင်းကိုတောင် ၃-၁ နဲ့ နိုင်ပြီး ဗိုလ်လုပွဲတက်လာတဲ့ အပြင် အိမ်ရှင်လည်းဖြစ်လို့ခက်ခဲလို့ ပြိုင်ဘက်ဆိုတာသိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့အနေအထားကလည်း ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ရှေ့ပွဲတွေလိုပဲ နည်းစ နစ်ကျကျကစားနိုင်ရင် ကျွန်တော်တို့အတွက်ထိုက်တန်တဲ့ ရလဒ်ရလာမှာပါ၊ ကျွန်တော်ကတော့ဒီပွဲနိုင်ပြီး ကျွန်တော်တို့ ဗိုလ်စွဲမယ်လို့ ယုံကြည်ပါတယ်။”

- မြန်မာအသင်းနည်းပြ မားကို့စ်ဖယ်လိုပါ

“ကျွန်တော်တို့ဟာ အခက်ခဲဆုံးနဲ့ အတောင့်တင်းဆုံး လက်ရှိချန်ပီယံနဲ့ ပြန်ဆုံရတာပါ၊ သူတို့မှာ ၀ါရင့်ထိပ်တန်းကစားသမားတွေ အများကြီးပါလာသလို ဘရာဇီးနည်းပြကိုင်တွယ်နေတဲ့ အသင်းဖြစ်လို့ ဒီပွဲဟာ သိပ်ခက်ခဲမှာ သေချာပါတယ်။ အုပ်စုပွဲတုန်းက ကပ်ရှုံးခဲ့ရတာကတော့ ကျွန်တော်တို့ ကစားသမားတစ်ယောက် စက္ကန့်ပိုင်းနဲ့ အထုတ်ခံခဲ့ရတာလည်းပါပါတယ်၊ ဂိုးသမားအောင်အောင်ဦး၊ စိုးမြတ်မင်းနဲ့ ရန်ပိုင်တို့ကို အခွင့်အရေးသိပ်မရအောင် ကျွန်တော်တို့ကြိုးစားရမှာပါ၊ ဒီပွဲကို ယုံကြည်မှုအပြည့်နဲ့ ရလဒ်ကောင်းအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့အသင်းကို ကျွန်တော်တို့ အိမ်ရှင်ပရိသတ်တွေ တခဲနက်လာအားပေးဖို့တော့ လိုပါတယ်၊ ဒါမှမြန်မာအသင်းပရိသတ်ကို ယှဉ်နိုင်မှာပါ။”

- မလေးရှားအသင်းနည်းပြ ဆာသီယာနသန်

“လူငယ်ကစားသမားတွေအများစုပါပြီး လူငယ်နည်းပြနဲ့ စင်င်္ကာပူလိုအသင်းမျိုးကို ဂိုးပြတ်နိုင်ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ ကျွန်တော်တို့အသင်းကို တကယ်ချီးကျူးပါတယ်၊ လက်ရှိ
မြန်မာနဲ့ကစားရမယ့် ဗိုလ်လုပွဲဟာလည်း ခက်ခဲပေမယ့်ကျွန်တော်တို့ မနိုင်နိုင်ဘူးဆိုတာကိုတော့ လက်မခံပါဘူး၊ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းကို ယုံကြည်နေတယ်။”

- မလေးရှားဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဒါတိုဆရီဒေါက်တာအီဘရာဟင်ဆက်ဒ်

“ဒါဟာကျွန်တော့်အတွက် နိုင်ငံတကာပြိုင်ပွဲအဆင့်မှာ ဒုတိယမြောက်ဗိုလ်လုပွဲကစားရတာပါ၊ ပထမဗိုလ်လုပွဲက၂၀၀၁ဆီးဂိမ်းဗိုလ်လုပွဲမှာပါ၊ ကျွန်တော်ဒီပွဲမှာ အသင်းအတွက်အနိုင်ဂိုးသွင်းနိုင်ပြီး ကျွန်တော့်တို့နိုင်ငံအတွက်နှစ်၅၀မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်ပွဲရယူပေးနိုင်မယ် ထင်ပါတယ်။”

- မလေးရှားအသင်းခေါင်းဆောင် နိုဟာဖစ်ဇ်ဇမ်မာနီမစ်ဘတ်ဟ်

“မြန်မာအသင်းဟာ လက်ရှိချန်ပီယံဖြစ်သလို အုပ်စုပွဲတုန်းကလည်း ကျွန်တော်တို့ကို နိုင်ခဲ့ပေမယ့် အုပ်စုပွဲနှင့် ဗိုလ်လုပွဲဟာ သဘာဝချင်းမတူပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ဒီပွဲကို အနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ကစားသွားမှာပါ၊ မလေးရှားပရိသတ်တွေအနေနဲ့ စင်င်္ကာပူနဲ့ ဆီမီးပွဲကထက် ဒီပွဲကိုပိုပြီးလာအားပေးရင်တော့ ကျွန်တော်တို့အတွက်အားအများကြီးရှိမှာပါ။”

- မလေးရှားအသင်းတိုက်စစ်မှူး အက်ဘဒူရာဇက်

“ကျွန်တော်တို့အသင်းဟာ လက်ရှိချန်ပီယံဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကစား သမားတွေလည်းအများကြီးပါနေလို့ တည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်ရင် မလေးရှားအသင်းကို မနိုင်စရာမရှိပါဘူး၊ စိုးမြတ်မင်း၊ အောင်အောင်ဦး၊ ရန်ပိုင်တို့အုပ်စု အကောင်းဆုံးပုံစံရနေတော့ စိတ်ရှည်ရှည်နဲ့ကစားနိုင်ရင် အနိုင်ဂိုးတွေ ရလာမှာပါ။”

မြန်မာ့လက်ရွေးစင်နှင့်ဘဏ္ဍာအခွန်အသင်းခေါင်းဆောင်ဟောင်း မျိုးလှိုင်ဝင်း