DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
ဖိအားတွေအများကြီးရှိပေမယ့် ဂျာမနီနဲ့ခြေစမ်းပွဲမှာ အမြတ်ထွက်အောင်ကြိုးစားရမယ့် မက္ကလာရင်
စိုးမိုး (IBC) - သြဂုတ် ၂၂၊ ၂၀၀၇

အခုလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာဘောလုံးပွဲတွေ အများကြီးကစားဖို့ ရှိနေပါတယ်။ ဒီထဲမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲတွေပါသလိုကမ္ဘာကျော်ထိပ်သီး လက်ရွေးစင်အသင်းတွေကစားမယ့် နိုင်ငံတကာခြေစမ်းပွဲတွေ ပါနေပါတယ်။ ဒီပွဲတွေထဲမှာ ကမ္ဘာအဆင့် (၁) ဘရာဇီးအပါအ၀င် အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်စတဲ့အသင်းကြီးတွေရဲ့ ခြေစမ်းပွဲတွေအများကြီး ကစားမှာဖြစ်ပေမယ့် အဲဒီပွဲတွေထက် ပရိသတ်ပိုစိတ်ဝင်စားမယ့်ပွဲကတော့ ၀င်ဘလေကွင်းမှာ အင်္ဂလန်နဲ့ ဂျာမဏီတို့ ထိပ်တိုက်တွေ့ဆုံမယ့် ခြေစမ်းပွဲဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်း တစ်လျှောက်မှာ မဟာပြိုင်ဘက်အသင်းကြီးတွေ ဖြစ်သလို လက်ရှိနှစ်သင်းစလုံးရဲ့ အနေအထားလည်း စိတ်ဝင်စားစရာတွေရှိနေလို့ ဒီပွဲကို ပရိသတ်အများစုက စောင့်ကြည့်နေမှာ သေချာပါတယ်။ အထူးသဖြင့် ဘောလုံးဘိုးအေနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ပရိသတ်များဆုံး စောင့်ကြည့်ခံရတဲ့ အင်္ဂလန်အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ဒီပွဲကို လူတွေပိုစိတ်ဝင်စားနေခြင်း ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက်မှာ စုစုပေါင်း ၂၉ ကြိမ်တွေ့ဆုံခဲ့ဖူးရာမှာ အင်္ဂလန်က ၁၄ ကြိမ်နိုင်ခဲ့ဖူးပြီး ဂျာမဏီက ၁၁ ကြိမ်နိုင်ကာ ၄ ကြိမ်သရေကျခဲ့ကြလို့ အစဉ်အလာအရကြည့်မယ်ဆိုရင် အင်္ဂလန်အသင်းက အနည်းငယ်သာနေတဲ့ သဘောရှိပါတယ်။ အဲရစ်ဆင်ကိုင်တွယ်တုန်းက အင်္ဂလန်အသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဂျာမဏီအသင်းကို အိုဝင်ရဲ့ ဟက်ထရစ်ဂိုးအပါအ၀င် သမိုင်းဝင် ၅ - ၁ နဲ့ ဂိုးပြတ်နိုင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်ရှိနည်းပြ မက္ကလာရင်လက်ထဲက အင်္ဂလန်အသင်းအနေအထားကတော့ ဒီလိုထပ်လုပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အဲရစ်ဆင်ကို အမျိုးမျိုးဖိအားပေးခဲ့ပြီး အင်္ဂလိပ်နည်းပြ မက္ကလာရင်လက်ထဲ အင်္ဂလန်အသင်းကို ယုံကြည်စွာအပ်နှံခဲ့ပေမယ့် မက္ကလာရင်ဟာ အင်္ဂလန်ကို ပြိုင်ဖက်တွေ လေးစားကြောက်ရွံလောက်တဲ့ အသင်းကြီးမျိုးဖြစ်အောင် မတည်ဆောက်နိုင်ခဲ့သလို သူ့လက်ထက်မှာလည်း အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက သိပ်အားရစရာမရှိခဲ့ပါဘူး။ ယူရို ၂၀၀၈ ခြေစစ်ပွဲမှာလဲ အခြားနာမည်ကြီးအသင်းတွေပါတဲ့ အုပ်စုတွေနဲ့ ယှဉ်ကြည့်ရင် အလွန်ချောင်တဲ့ အုပ်စု (E) မှာ ပါခဲ့ပေမယ့် အုပ်စုပွဲစဉ် တစ်ဝက်ကျော်လာတဲ့အချိန်အထိ အင်္ဂလန်အသင်းဟာ ခရိုရေးရှား၊ အစ္စရေး၊ ရုရှားအသင်းတွေရဲ့အောက်က အဆင့် (၂) နေရာမှာပဲ ရှိနေသေးလို့ ခြေစစ်ပွဲအောင်ဖို့အရေး အသည်းအသန်ရုန်းကန်ရတော့မယ့် အခြေအနေမျိုးရှိနေပါတယ်။

ဒါကြောင့်လဲ မက္ကလာရင်ကို အင်္ဂလိပ်မီဒီယာတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ပရိသတ်ကလည်းသူ့အပေါ် ယုံကြည်မှုသိပ်မရှိတော့တာကြောင့် သူ့အနေနဲ့ ဖိအားတွေအောက်မှာရောက်နေပြီး သူ့အနာဂတ်လည်း မရေရာမှုတွေရှိလာခဲ့ပါတယ်။ အင်္ဂလိပ်ဘောလုံးကျွမ်းကျင်သူအများစုက အထင်မကြီးခဲ့တဲ့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်ဟာ အခုမန်စီးတီးအသင်းကို တာဝန်ယူပြီး အသင်းသစ်၊ ကစားသမားသစ်တွေနဲ့ ခြေစွမ်းပြနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ကစားပြီးချိန်မှာ ၃ ပွဲစလုံးနိုင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်တင်ရပ်တည်နိုင်နေချင်းကလဲ မက္ကလာရင်အတွက် ဖိအားတွေ ပိုမိုလာစေခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလန်နည်းပြ မက္ကလာရင်အနေနဲ့ လက်ကျန်ခြေစစ်ပွဲ ၅ ပွဲကို မဖြစ်မနေအနိုင်ရအောင် စွမ်းဆောင်နိုင်မှသာ ယူရိုခြေစစ်ပွဲအောင်နိုင်မှာဖြစ်လို့ အသင်းနဲ့လာမယ့် စက်တင်ဘာမှာ ကစားရမယ့် အစ္စရေး၊ ရုရှားတို့နဲ့ ခြေစစ်ပွဲနှစ်ပွဲကို မနိုင် နိုင်အောင် ကြိုးစားကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခက်နေတာက သူ အဓိကအားထားတဲ့ အင်္ဂလိပ်ကစားသမားအများစုဟာ ဒဏ်ရာကိုယ်စီရှိနေပြီး ကြံ့ခိုင်မှုလဲ မကောင်းကြတဲ့အပြင် ကျန်တဲ့ ကစာသမားတွေကလဲ သူတို့ကလပ်အသင်းတွေမှာတောင် ပုံမှန်ခြေစွမ်းမျိုးမရှိဘဲဖြစ်နေတဲ့အတွက်ကြောင့် လက်ရွေးစင်အသင်းအတွက် အားကိုးချင်စရာ လောက်လောက်လားလား ကစားသမားမျိုး ဆွဲပြစရာ ရှိမနေတဲ့အချက်ပါပဲ။ အခု ပြိုင်ဖက် ဂျာမဏီအသင်းလို ထိပ်တန်းအသင်းကြီးနဲ့ ခြေစမ်းပွဲကစားရတော့မယ့်အချိန်မှာ တိုက်စစ်အတွက် အဓိကအားထားရတဲ့ ရူနီဟာ ခြေချောင်းရိုးကျိုးထားတဲ့ ဒါဏ်ကြောင့် ၂ လ နားရဖို့ ရှိနေသလို တိုက်စစ်မှူးအိုဝင်လည်း ဒဏ်ရာမကြာခဏရနေတဲ့အတွက်ကြောင့် အခုထက်ထိ နယူးကာဆယ်အတွက်တောင် ပရီးမီးယားလိဂ်ပွဲ မကစားပေးနိုင်သေးတဲ့ အခြေအနေဖြစ်နေတဲ့အတွက် အင်္ဂလန်တိုက်စစ်ပိုင်းမှာ တော်တော်အင်အားလျော့နေပါတယ်။ ပီတာခရောခ်ျ့၊ စမစ်၊ ဂျွန်ဆင်နဲ့ ဒီဖိုးတို့ အုပ်စုကလည်း ကလပ်တွေမှာ ခြေမှန်မရတဲ့အပြင် လူသစ်ဒါရင်းဘန့်တို့ အုပ်စုကလည်း အားကိုးရလောက်တဲ့ ခြေစွမ်းရှိမနေသေးလို့ ဂိုးရဖို့အတွက် ကွင်းလယ်ကစားသမားတွေကိုပဲ အားကိုးရမယ့်အနေအထားမှာရှိနေပါတယ်။

ဒါပေမယ့် လက်ရှိအင်္ဂလန်ကွင်းလည်မှာလဲ လမ်းပတ်တစ်ယောက်လောက်သာ လောက်လောက်လားလားရှိပြီး ဂျရတ်က နာနေလို့ ဒီပွဲမှာ ပါဝင်ဖို့ မသေချာသလို၊ ဘက်ဟမ်းကလည်း ခြေကျင်းဝတ်ဒဏ်ရာ သက်သာကာစအချိန်ဖြစ်တဲ့အပြင် အမေရိကားကနေ ဂလပ်ဆီအသင်းနဲ့ ပွဲကြပ်တွေကစားပြီး ရှည်လျှားလှတဲ့ လေယာဉ်ခရီးနဲ့ အင်္ဂလန်ကို ခရီးသွားလာရတဲ့ ဒဏ်ကြောင့် အင်္ဂလန်အတွက် အချိန်ပြည့်၊ စွမ်းရည်ပြည့်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဂျိုကိုလ်း၊ လင်နွန်၊ ရိုက်ဖီးလစ်၊ ဒေါင်းနင်း၊ ဒိုင်ယာနဲ့ ဘယ်ရီတို့ အုပ်စုမှာလဲ လင်နွန်က နာနေဆဲဖြစ်ပြီး ဂျိုကိုလ်းတို့ အုပ်စုကလဲ အခုချိန်ထိ ကြံ့ခိုင်မှုမပြည့်သေးသူ၊ ပုံမှန်ခြေစွမ်းမပြနိုင်သေးသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကွင်းလယ်အတွင်းလူတွေဖြစ်တဲ့ ကာရစ်၊ ဟာဂရေဗ့်တို့ဆိုရင်လည်း ကာရစ်က သိသိသာသာခြေပျက်နေပြီး ဟာဂရေဗ့်မှာ ကြံ့ခိုင်မှုပြဿနာရှိနေသေးတဲ့အတွက် အင်္ဂလန်အသင်းဂိုးရဖို့အတွက် အခက်ရှိနေနိုင်ပါတယ်။

နောက်တန်းခံစစ်ပိုင်းကို ကြည့်ရင်လည်း အဓိကအားကိုးရတဲ့ ဂယ်ရီနဗီလ်းနဲ့ လက်ဒလေကင်းတို့က နာနေဆဲဖြစ်ပြီး တယ်ရီနဲ့ အက်ရှ်လေကိုလ်းတို့ ကြံ့ခိုင်မှုမပြည့်သေးသလို ဖာဒီနန်တို့အုပ်စုကလည်း ခြေပျက်နေလို့ မက္ကလာရင်အတွက် တော်တော် အခက်ကြုံရဖွယ်ရာ ရှိပါတယ်။ ဒီကြားထဲ ရေဂါကလည်း လက်ရွေးစင်အသင်းက အနားယူသွား၊ ပြန်ရွေးထားတဲ့ ဆိုးကမ်းဘဲလ်ကလည်း ဒဏ်ရာကြောင့် ပြန်နှုတ်ထွက်သွားလို့ နာလန်ထစ တယ်ရီနဲ့၊ အက်ရှ်လေကိုလ်းတို့ကိုပဲ အမာခံထားပြီး ခြေမမှန်တဲ့ ဘရောင်းတို့ အုပ်စုကိုပဲ ပွဲထုတ်ရမလိုဖြစ်နေပါတယ်။ စိတ်ချရတဲ့ ကမ္ဘာ့အဆင့် ဂိုးသမားမျိုးမရှိတဲ့အချက်ကလည်း အင်္ဂလန်အသင်းကို အများကြီး အားယုတ်လျော့စေပါတယ်။ ပရီးမီးယားကလပ် အသင်းအချို့မှာ လူငယ်ခြေတက် အင်္ဂလိပ်ကစားသမားအချို့ရှိတာ မှန်ပေမယ့် သူတို့ဟာ လက်ရွေးစဉ်အသင်းကြီးမှာ ခြေစွမ်းပြနိုင်ဖို့ အတွေ့အကြုံနဲ့ အချိန်အများကြီးလိုသေးတာကြောင့် လူဟောင်းအများစုကိုပဲ အခြေခံပြီး ယူရိုခြေစစ်ပွဲအောင်အောင် ကြိုးစားရမယ့် အနေအထားဖြစ်နေပါတယ်။

မက္ကလာရင်ကိုယ်တိုင်ဟာလည်း အဲရစ်ဆင်ရဲ့လက်ထောက်နည်းပြအဖြစ် ငါးနှစ်ကျော်လောက် လုပ်လာခဲ့တဲ့အတွေ့အကြုံကလွဲရင် အင်္ဂလန်အသင်းကို တကယ့်ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရအောင် ဦးဆောင်ကိုယ်တွယ်နိုင်တဲ့ အရည်အသွေးမျိုးမရှိသေးလို့ အသင်းရဲ့ အနာဂတ်ဟာ အတော့်ကို ရင်လေးစရာဖြစ်နေပါတယ်။ မက္ကလာရင်အနေနဲ့ လာမယ့် စက်တင်ဘာလ ၈ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ အိမ်ရှင်အဖြစ် ၀င်ဘလေကွင်းမှာ ကစားရမယ့် အစ္စရေး၊ ရုရှားတို့နဲ့ ခြေစစ်ပွဲမှာ အကောင်းဆုံး Line-up နဲ့ ကစားကွက်နည်းဗျူဟာ ချမှတ်နိုင်အောင် အခု ဂျာမဏီခြေစမ်းပွဲက အရေးကြီးသလို သူ့အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကိုလည်း လျော့သွားအောင် ဒီပွဲမှာ ရလဒ်ကောင်းရအောင် ကြိုးစားဖို့ လိုအပ်နေပါတယ်။ အင်္ဂလန်ပရိသတ်ကလည်း သူတို့အသင်းကစားရင် ဘယ်ပွဲဖြစ်ဖြစ်နိုင်ချင်ကြတယ် မဟုတ်ပါလား။

ဒါပေမယ့် လက်ရှိအင်္ဂလန်အသင်းရဲ့ လူစာရင်းနဲ့ ကစားသမားအခြေအနေတွေအပြင် မက္ကလာရင်ရဲ့ အရည်အချင်းအရ ဂျာမဏီကို အိမ်ကွင်းမှာဖြစ်ပေမယ့် အလွယ်တကူအနိုင်ရဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ အထူးသဖြင့် မက္ကလာရင်ဟာ နည်းစနစ်ပိုင်းအားနည်းပြီး နည်းဗျူဟာ၊ ကစားကွက်ဖေါ်မှု၊ အလှည့်အပြောင်းလုပ်နိုင်မှုတို့မှာလည်း အားနည်းနေသေးတာကို ရှေ့ပွဲတွေမှာ အထင်အရှားတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ဘက်ဟမ်းကို ပုဂ္ဂိုလ်ရေးအကြောင်းတွေကြောင့် အသင်းအတွက် မရွေးချယ်ဘဲထားခဲ့တဲ့ အချိန်တွေတုန်းက မက္ကလာရင်ဟာ လူငယ်လူသစ်တွေနဲ့ သူ့အသင်းကိုတည်ဆောက်ပြီး တစ်ကြိမ်တစ်ခါမှ မသုံးခဲ့ဖူးတဲ့ နည်းစနစ်ကစားကွက်တွေကို စမ်းသပ်အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ မက်ဆီဒိုးနီးယားကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲနဲ့ ခရိုရေးရှားကို ၂ - ၀ နဲ့ရှုံးခဲ့တဲ့ ယူရိုခြေစစ်ပွဲတွေမှာ မက္ကလာရင်ဟာ အင်္ဂလန်ကစားသမားတွေ လုံးဝမရင်းနှီးတဲ့ ၃-၅-၂ ကစားကွက်ကို မိုက်မဲစွာ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှသာ သူ့အမှားကိုသိပြီး ဘက်ဟမ်းကိုလဲ ပြန်ခေါ်၊ အင်္ဂလန်နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ၄-၄-၂ ကစားကွက်ကိုလည်း ပြန်လည်ကျင့်သုံးခဲ့လို့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းနည်းနည့်းပြန်တက်လာခဲ့တာပါ။

ဒါပေမယ့်သူ့ကို ပရိသတ်အများစုနဲ့ ဘောလုံးအကဲခတ်ဆရာတွေက သိပ်မယုံကြည်ခဲ့သေးဘဲ အင်္ဂလန်အသင်းကို ယူရိုခြေစစ်ပွဲအောင် အောင် စွမ်းဆောင်ပေးနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒါကြောင့် ဂျာမဏီနဲ့ ပွဲဟာ ခြေစမ်းပွဲဖြစ်ပေမယ့် မက္ကလာရင်အတွက်တော့ အလွန်အရေးပါတဲ့ ပွဲဖြစ်ပါတယ်။ အခု အင်္ဂလန်နဲ့ ကစားရမယ့် ဂျာမဏီအသင်းကိုကြည့်ရင်လည်း အင်္ဂလန်နဲ့ တူညီတဲ့ တိုက်ဆိုင်မှုအချို့ရှိနေတာကို တွေ့ရပါတယ်။ အဲဒါကတော့ ဂျာမဏီလက်ရှိနည်းပြ ဂျိုအာချင်လိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားပွဲအပြီးမှာ ကလင်းစမန်းရဲ့ လက်ထောက်နည်းပြလုပ်ခဲ့ရာမှ ဂျာမဏီအသင်းကို မန်နေဂျာအဖြစ်အပြည့်အ၀ တာဝန်ယူခဲ့သူဖြစ်သလို မက္ကလာရင်ကလဲ အဲရစ်ဆင်ရဲ့ လက်ထောက် ၅ နှစ်ကျော်လုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပွဲ ပြီးချိန်မှာ အင်္ဂလန်အသင်းမန်နေဂျာတာဝန်ယူခဲ့ပါတယ်။ အခုအင်္ဂလန်နဲ့ ကစားရမယ့် ဂျာမဏီအသင်းမှာလည်း အသင်းခေါင်းဆောင် မိုက်ကယ်ဘောလက်အပါအ၀င် အဓိကကစားသမား ငါးဦးလောက် ဒဏ်ရာကြောင့် မပါနိုင်သလို မျက်နှာသစ်ကစားသမားအချို့ကို ဂျာမဏီနည်းပြက ရွေးချယ်ထားတဲ့အချက်ကလည်း အင်္ဂလန်နဲ့ နည်းနည်းသွားဆင်နေပါတယ်။

လက်ရှိ ဂျာမဏီအသင်းအနေအထားကလည်း လူမစုံပဲ အကောင်းဆုံးခြေစွမ်းမျိုးရှိမနေနိုင်လို့ မက္ကလာရင်အတွက် အနည်းငယ်အသက်ရှူချောင်မယ့် သဘောရှိပါတယ်။ ဒါပေမယ့် မက္ကလာရင်အနေနဲ့ ဒီပွဲမှာမဖြစ်မနေအနိုင်ရဖို့အတွက် အစ္စရေး၊ ရုရှတို့နဲ့ ကစားရမယ့် အရေးကြီးတဲ့ခြေစစ်ပွဲအတွက် ဘယ်သူတွေကို အင်္ဂလန်အသင်းအတွက် အသုံးပြုလို့ရမလဲဆိုတာ ထိထိရောက်ရောက်စမ်းသပ်ပြီး ကိုယ့်အတွက်အကျိုးရှိအောင် ကစားသင့်တဲ့ပွဲမျိုးဖြစ်သင့်ပါတယ်။ အခုမက္ကလာရင်ရွေးထားတဲ့ ကစားသမားစာရင်းကိုကြည့်ရင် မန်ယူနဲ့ ဒါဘီပွဲမှာ ထူးထူးခြားခြား ခြေစွမ်းပြခဲ့တဲ့ မန်စီးတီးနောက်ခံကစားသမား မီကာရစ်ချတ်နဲ့ နယူးကာဆယ်က ယူ-၂၁ နောက်ခံလူ တေလာတို့ကို တယ်ရီ၊ ဖါဒီနန်တို့နဲ့ တစ်ဝက်စီလောက်တွဲပြီး စမ်းသပ်ပွဲထုတ်သင့်ပါတယ်။

ကွင်းလယ်မှာဆိုရင် အခြေအနေအရ ဘက်ဟမ်း၊ လမ်းပတ်၊ ဂျိုကိုလ်း၊ ဒေါင်းနင်း၊ ရိုက်ဖီးလစ်တို့လို တာထွက်စာရင်းမှာ ထုတ်ရမှာဖြစ်ပေမယ့် ကာရစ်၊ ဘယ်ရီ၊ ဟာဂရေဗ့်နဲ့ ဒိုင်ယာတို့ကို လိုသလိုလဲပြီး နှစ်နေရာလောက် စမ်းသပ်ကစားခိုင်းရင် အင်္ဂလန်အသင်းအတွက် အကျိုးရှိနိုင်မယ်ထင်ပါတယ်။ တိုက်စစ်အတွက်တော့ ပီတာခရော့ခ်ျကို အိုဝင်၊ စမစ်၊ ဘန့်၊ ဂျွန်ဆင်တို့နဲ့ အဆင်ပြေသလို အတွဲမိအောင် စမ်းသပ်တွဲထုတ်ရင်း အင်္ဂလန်အသင်း တိုက်စစ်ပုံစံတစ်မျိုးကို စမ်းသပ်ပုံဖေါ်သင့်ပါတယ်။ ဒါပေမယ့် မက္ကလာရင်အတွက် ပြဿနာရှိနိုင်တာက ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေအနေနဲ့ သူတို့ကစားသမားတွေကို ဒီလိုပွဲမျိုးမှာ အချိန်ပြည့်၊ စွမ်းရည်ပြည့်ကစားခိုင်းတာမျိုးကို အကြီးအကျယ်ကန့်ကွက်နေကြတဲ့ အချက်ပါပဲ။ တစ်ချို့ကစားသမားတွေကလည်း ဒဏ်ရာနဲ့ ကြံ့ခိုင်မှုတွေကို အကြောင်းပြပြီး လက်ရွေးစင်အသင်းတွေအတွက် ကောင်းကောင်း မကစားပေးချင်ကြတဲ့ ပြဿနာလည်းရှိပါသေးတယ်။ ဒါကြောင့် ဖိအားတွေအများကြီးရှိနေတဲ့ မက္ကလာရင်အနေနဲ့လည်း လက်ရှိ အင်္ဂလန်အသင်းသားတွေရဲ့ အခြေအနေအရပ်ရပ်က သူ့အတွက် အခက်အခဲများစွာရှိနေနိုင်တာကိုလည်း နားလည်ပေးရပါလိမ့်မယ်။ ဒီလိုခြေစမ်းပွဲမျိုးမှာ အနိုင်ရဖို့ထက် အင်္ဂလန်အသင်း ကစားပုံကောင်းပြီး အသင်းအတွက် အားထားရတဲ့ လူသစ်ကစားသမား နှစ်ဦး၊ သုံးဦးလောက် စမ်းသပ်အဖြေထုတ်နိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာကို အင်္ဂလန်ပရိသတ်တွေ သဘောပေါက်ပေးဖို့လည်း လိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖိအားတွေ အခက်အခဲတွေရှိနေသေးတဲ့ မက္ကလာရင်အနေနဲ့ ဒီပွဲမှာလည်း မမျှော်လင့်တဲ့ အခက်အခဲတစ်ချို့ ထပ်ရှိလာနိုင်ပြီး သူ့ရဲ့အနာဂတ်ကလည်း အင်္ဂလန်အသင်း လက်ကျန်ခြေစစ်ပွဲ ၅ ပွဲစလုံး ရလဒ်ကောင်းပြီး ယူရိုခြေစစ်ပွဲအောင် အောင် စွမ်းဆောင်ပေးနိုင်မှသာ တည်ငြိမ်မှုရရှိနိုင်လာပါလိမ့်မယ်။ ဒါကြောင့် အခုဂျာမဏီနဲ့ ကစားရမယ့် ခြေစမ်းပွဲဟာ အင်္ဂလန်အသင်းကို အားပေးတဲ့ အမာခံပရိသတ်တွေရော၊ မက္ကလာရင်ကို မနှစ်သက်တဲ့ ဘောလုံးအကဲခတ်တွေ အပါအ၀င် အင်္ဂလန်အသင်းကိုသဘောမကျတဲ့သူတွေရော အားလုံးမဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲဆိုတာတော့ သေချာပါတယ်။
လက်ရှိ မက္ကလာရင်ရွေးထားတဲ့ အင်္ဂလန်လူစာရင်း

ဂိုး - ရောဘင်ဆင်(စပါးစ်) ဒေးဗစ်ဂျိမ်း (ပိုစ့်မောက်)၊ စကော့ကာဆန် (ဗီလာ)
နောက်တန်း - ရစ်ချတ် (မန်စီးတီး)၊ ဘရောင်း (မန်ယူ)၊ ဖာဒီနန် (မန်ယူ)၊ ဂျွန်တယ်ရီ (ချယ်လ်ဆီး)၊ အက်ရှ်လေကိုလ်း (ချယ်လ်ဆီး)၊ တေလာ (နယူးကာဆယ်)၊ ဖီလ်းနဗီလ်း (အဲဗာတန်)၊ ရှိုရေး (ရီးဒင်း)
အလယ်တန်း - ဘက်ဟမ်း (အယ်လ်အေဂလက်ဆီ)၊ ဂျရတ် (လစ်ဗာပူး)၊ လမ်းပတ် (ချယ်လ်ဆီး)၊ ဂျိုးကိုလ်း (ချယ်လ်ဆီး)၊ ရိုက်ဖီးလစ်(ချယ်လ်ဆီး)၊ ကာရစ် (မန်ယူ)၊ ဘယ်ရီ (ဗီလာ)၊ ဒေါင်းနင်း (မစ်ဒယ်ဘရော့)၊ ဒိုင်ယာ (၀က်စ်ဟမ်း)၊ ဟားဂရေဗ့်စ် (မန်ယူ)
ရှေ့တန်း - စမစ် (နယူးကာဆယ်)၊ အိုဝင် (နယူးကာဆယ်)၊ ခရော့ခ်ျ (လီဗာပူး)၊ ဒါရင်းဘန့် (စပါးစ်)၊ ဂျွန်ဆင် (အဲဗာတန်)၊ ဒီဖိုး (စပါးစ်)