DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
“ လက်ရှိချန်ပီယံမြန်မာအသင်းကစားရမယ့် မာဒေးကားပွဲ ”
စိုးမိုး (IBC) - သြဂုတ် ၁၇၊ ၂၀၀၇

ကမ္ဘာမှာ အကြိတ်အနယ်အရှိဆုံးနဲ့ ဆွဲဆောင်မှုအကောင်းဆုံးလို့ ဆိုရမယ့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကို အရူးအမူးစောင့်ကြည့်နေကြတဲ့ ကမ္ဘာအရပ်ရပ်က ပရိတ်သတ်တွေထဲမှာ မြန်မာဘောလုံးပရိတ်သတ် တွေလည်း မရေမတွက်နိုင်အောင် ပါဝင်နေပါတယ်။ ဒါပေမယ့် ဘယ်ပွဲတွေ ဘယ်လောက်ကောင်းကောင်း၊ ဘယ်အသင်းတွေ ဘယ်လောက်တော်တော် မြန်မာဘောလုံးအသင်းတွေရဲ့ နိုင်ငံတကာပြိုင်ပွဲရှိလာရင်တော့ မြန်မာဘောလုံးပရိတ်သတ်တွေဟာ တစ်ခြားပွဲတွေကို ခေတ္တမေ့လိုက်ပြီး မြန်မာအသင်းကိုပဲ စောင့်ကြည့်အားပေးတတ်လေ့ရှိတာ မျိုးချစ်စိတ်တွန်းအားကြောင့်ဖြစ်ပါတယ်။

ဘယ်ပြိုင်ပွဲပဲ ပြိုင်ပြိုင်၊ ဘယ်အသင်းနဲ့ပဲကစားကစား မြန်မာအသင်းကိုပဲ နိုင်စေချင်တာ ဘယ်တော့မှ မပြောင်းလဲတဲ့ မြန်မာဘောလုံးပရိတ်သတ်တွေရဲ့ ရင်ထဲကဆန္ဒအစစ်အမှန်ပါပဲ။ ကမ္ဘာမှာ မိမိနိုင်ငံလက်ရွေးစင် အသင်းကိုအားပေးမှုအရှိဆုံး ပရိတ်သတ်တွေထဲမှာ မြန်မာပရိတ်သတ်ဟာ ထိပ်ဆုံးစာရင်းမှာ ပါဝင်နေတယ်လို့ တောင်ဆိုနိုင်ပါတယ်။
အခုလည်း အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းလှတဲ့ ဥရောပဘောလုံးလိဂ်ပြိုင်ပွဲတွေကို ခေတ္တစိတ်ရောက်နေတဲ့ မြန်မာဘောလုံးဝါသနာရှင်တွေအတွက် ရင်ဘတ်အစစ်နဲ့ အားပေးရမယ့် ဘောလုံးပြိုင်ပွဲတစ်ပွဲ လာပါတော့မယ်။ အဲဒီပွဲကတော့ မလေးရှားနိုင်ငံမှာ သြဂုတ်လ(၂၀)ရက်ကနေ (၂၉)ရက်နေ့ထိ ကျင်းပပြုလုပ်မယ့် (၃၉) ကြိမ်မြောက် မာဒေးကားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲပါပဲ။

မနှစ်ကထက်နှစ်ဆတိုးလာ

ယခုနှစ်ပြိုင်ပွဲမှာ မလေးရှားနိုင်ငံရဲ့ နှစ်(၅၀)မြောက် ရွှေရတုလွတ်လပ်ရေးနဲ့ တိုက်ဆိုင်နေလို့ မနှစ်က ပြိုင်ပွဲထက် ပိုမိုအကြိတ်အနယ်ရှိအောင် ပြိုင်ပွဲဝင်အရေအတွက်လည်း (၂)ဆ တိုးကျင်းပမှာ ဖြစ်ပါတယ်။ အုပ်စု(က)မှာ အိမ်ရှင်မလေးရှား၊ လက်ရှိချန်ပီယံမြန်မာ၊ လာအိုနဲ့ အာဖရိကက လီဆိုသိုအသင်းတို့ပါပြီး အုပ်စု(ခ)မှာ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကက ဇင်ဘာဘွေအသင်းတို့ပါနေပါတယ်။ စောစော ပိုင်းတုန်းက အာဆီယံထိပ်သီးထိုင်းအသင်းကို ဖိတ်ကြားခဲ့သေးပေမယ့် ထိုင်းကဒီပွဲထက် အဆင့်မြင့်တဲ့ ပြိုင်ပွဲတွေကစားဖို့ ပြင်ဆင်နေတာကြောင့် အာဖရိကအသင်းတွေကို အစားထိုးဖိတ်ခေါ်ခဲ့တာလို့ သိရပါတယ်။ ပထမပွဲစဉ်ရေးဆွဲတုန်းက အာဖရိက အသင်း ယူဂန်ဒါ ပါခဲ့ပေမယ့် ပြိုင်ပွဲနီးချိန်ကျမှ ကပ်ပြီးနှုတ်ထွက်သွားခဲ့လို့ သူတို့အသင်းအစား လာအိုအသင်းကို ခေါ်ခဲ့ပြီး အုပ်စုပြန်ခွဲခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနှစ်က (၄)သင်းပဲ ပြိုင်ခဲ့ရတာထက်စာရင်း ဒီနှစ် (၈)သင်းဖြစ်လာတော့ ပြိုင်ပွဲဝင်အရေအတွက် (၂)ဆတိုးလာပြီး ပိုပြီးလည်း အကြိတ်အနယ်ရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။


ပြီးခဲ့တဲ့နှစ် အကြိုဗိုလ်လုပွဲက အောင်မြင့်အေးနဲ့ မလေးကစားသမားတို့ ဘောလုံးယှဉ်လုနေစဉ်

လက်ရှိချန်ပီယံမြန်မာ

ပြီးခဲ့တဲ့နှစ် (၃၈)ကြိမ်မြောက် ပြိုင်ပွဲမှာ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မြန်မာ စုစုပေါင်း(၄)သင်းပဲ ပါခဲ့ပြီး အုပ်စုပတ်လည်စနစ်နဲ့ ကစားစေကာ အမှတ်အများဆုံး(၂)သင်းကို ဗိုလ်လုစေခဲ့ပါတယ်။ မြန်မာလက်ရွေးစင် အသင်းဟာ ပထမပွဲဦးထွက်မှာ ထိုင်းနဲ့(၂)ဂိုးစီ သရေကျပြီး၊ အင်ဒိုနီးရှားနဲ့လည်း ဂိုးမရှိသရေကျခဲ့တယ်။ ဒါပေမယ့် အိမ်ရှင်မလေးရှားကို ၂-၁နဲ့ နိုင်ခဲ့လို့ အင်ဒိုနီးရှားနဲ့ နောက်ဆုံးဗိုလ်လုပွဲ ပြန်ကစားခွင့်ရခဲ့တယ်။ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ကစားပြီး ၂-၁နဲ့ အင်ဒိုကိုနိုင်ကာ ချန်ပီယံဖြစ်ခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာ အသင်းသားအများစု ခြေစွမ်းပြခဲ့ပေမယ့် ဂိုးသမားအောင်အောင်ဦးကတော့ အကောင်းဆုံး ကစားနိုင်ခဲ့တာ တွေ့ရတယ်။ နိုင်ငံတကာလက်ရွေးစင်အဆင့် ဘောလုံးပြိုင်ပွဲတွေမှာ ချန်ပီယံမဖြစ်ခဲ့တာ (၃၅)နှစ်ကျော် ကြာနေခဲ့တဲ့ မြန်မာဘောလုံးလောကအတွက်လည်း မာဒေးကားချန်ပီယံပြန်ယူပေးနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းကြောင့် အလွန်အမင်း ပျော်ရွှင်ဂုဏ်ယူစရာ ဖြစ်စေခဲ့တယ်။ ဒါကြောင့် ည(၉း၄၅)လောက်မှ ရန်ကုန်လေဆိပ်ကို မာဒေးကားဖလားယူပြီး ပြန်ရောက်လာတဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာအသင်းကို လေဆိပ်ကနေ ကြိုဆိုဧည့်ခံပွဲလုပ်မယ့် ကန်တော်ကြီးကရ၀ိတ်ဟိုတယ် ရောက်တဲ့အထိ လမ်းတစ်လျှောက်မှာ မြန်မာ ဘောလုံးကို အလွန်ချစ်တဲ့၊ မြန်မာဘောလုံးကို အောင်မြင်စေချင်တဲ့ ပရိသတ်အလွာပေါင်းစုံဟာ မိုးရေထဲမှာ တိုးမပေါက်လောက်အောင် အုပ်အော်သောင်းနင်းကြိုဆိုဂုဏ်ပြု ခဲ့ကြတယ်။ ကရ၀ိတ်ကို ရောက်တဲ့အချိန်မှာ နောက်တစ်နေ့ မနက်(၁း၃၀)နာရီတောင် ရှိနေတာကိုကြည့်ရင် မြန်မာပရိတ်သတ်တွေ ဘောလုံးကို ဘယ်လောက်ချစ်သလဲဆိုတာ သိသာနိုင်ပါတယ်။
အဲဒီနှစ် မာဒေးကားပြိုင်ပွဲမှာ စုစုပေါင်း(၄)ပွဲပဲကစားပြီး ဗိုလ်စွဲခဲ့တာဖြစ်ပေမယ့် မြန်မာနည်းပြ ဆရာတွေနဲ့ (ဦးဆန်းဝင်းနဲ့ ဦးကြည်လွင်)သွားပြိုင်ပြီး ဗိုလ်စွဲခဲ့တာဖြစ်လို့ အထူးဂုဏ်ယူကျေနပ် သင့်ပါတယ်။ ဒါ့ကြောင့်လည်း အဲ့ဒီအောင်ပွဲရအသင်းကို နိုင်ငံတော်အစိုးရနဲ့ စေတနာရှင်တွေက ဆုကြေး ငွေပေါင်းသိန်း (၁၂၀၀)ကျော်ကို ဂုဏ်ပြုပွဲအခမ်းအနားနဲ့ ချီးမြှင့်ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီဆုကြေးငွေဟာ ဒေါ်လာနဲ့ တွက်လိုက်ရင် သိပ်မများလှပေမယ့် ဒီဘက်ခေတ်မြန်မာ့ဘောလုံးသမိုင်းမှာတော့ ဘောလုံးအသင်း တစ်သင်းကိုပေးတဲ့ အမြင့်ဆုံး ဆုကြေးဖြစ်ပါတယ်။ ဒီနှစ်ဗိုလ်စွဲခဲ့ရင် ဒီထက်ပိုရမှာ သေချာပါတယ်။

 

လက်ရှိမြန်မာ့လက်ရွေးစင်အသင်း

လက်ရှိမြန်မာ့လက်ရွေးစင်အသင်းကို ဘရားဇီးနည်းပြ မားကို့စ်အန်တိုနီယိုဖယ်လိုပါ ကိုင်တွယ်လေ့ကျင့် ပေးနေပြီး သူတာဝန်ယူခဲ့တဲ့အချိန်ဟာ အခုဆို(၄)လလောက်ရှိနေပါပြီ။ ဘရာဇီးနည်းပြနဲ့အတူ လက်ထောက် နည်းပြများအဖြစ် ဦးဥဏ်ဝင်း၊ ဦးကြည်လွင်၊ ဦးအောင်နိုင်နဲ့ ဦးမျိုးချစ်(ဂိုး)တို့က တာဝန်ယူနေပြီး တစ်ရက်(၂)ကြိမ် အပြင်းအထန် လေ့ကျင့်နေတာတွေ့ရတယ်။ မြန်မာအသင်းဟာ သြဂုတ်လ(၁၈)ရက်နေ့မှာ မလေးရှားကို ထွက်ခွာမှာဖြစ်ပြီး နောက်ဆုံးဆန်ကာတင်ရွေး ထားတဲ့ (၁၈)ဦးမှာလည်း မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းက လူဟောင်း(၉)ဦးပြန်ပါလာပြီး ကျန်တဲ့(၉)ဦးကလည်း သူရအောင်ကလွဲရင် လက်ရွေးစင်ဟောင်းတွေ ချဉ်းပဲဖြစ်လို့ နိုင်ငံတကာပွဲအတွေ့အကြုံရှိပြီးသား သူတွေပါပဲ။ ဂိုး-အောင်အောင်ဦးနဲ့ ကျော်ဇင်ထက်၊ နောက်တန်း-မင်းသူ၊ ဇော်လင်းထွန်း-၂၊ ခင်မောင်လွင်၊ ကျော်ခိုင်ဝင်း၊ ဟန်ဝင်းအောင်နဲ့ သူရအောင်၊ အလယ်တန်း-အောင်မျိုးသန့်၊ မျိုးမင်းထွန်း၊ ရာဇာဝင်းသိန်း၊ ထွန်းထွန်းဝင်း၊ ဇော်ထက်အောင်၊ မိုးဝင်းနဲ့ အောင်မိုး၊ ရှေ့တန်း-စိုးမြတ်မင်း၊ ရန်ပိုင်နဲ့ စည်သူသန်းတို့ဖြစ်ပါတယ်။

ဘရာဇီးနည်းပြကြီးဟာ အခုလို ဆန်ကာတင်ရွေးဖို့ ပြီးခဲ့တဲ့ (၄)လလောက်က (၄)ပွင့်ဆိုင် ခြေစမ်းပွဲကနေ သူ့စိတ်ကြိုက် ပဏာမလူ(၄၀)ကျော် ရွေးချယ်ခဲ့ပြီး တဖြည်းဖြည်းစစ်ထုတ်ပြီးမှ အခုသူ့အကြိုက်ဆုံးဖြစ်တဲ့ (၁၈)ဦးကို သေချာအချိန်ယူ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကစားဟန်

ဘရာဇီးနည်းပြ မားကို့စ်ဟာ မြန်မာဘောလုံးသမားတွေကို သူ့စိတ်ကြိုက်ကစားပုံမရမချင်း စိတ်ရှည်ရှည် နဲ့ သင်ကြား လေ့ကျင့်ပေးတာတွေ့ရတယ်။ ဘရာဇီးပီပီ ဘောလုံးကို သေချာထိန်းပြီး ပိုင်မှ ပေးကစားတတ်တာကို သဘောကျတယ်။ တတ်နိုင်သမျှ ဘောလုံးကို ကိုယ့်ခြေထဲမှာရှိစေပြီး ပိုင်တဲ့အချိန်ကျမှ အဝေးပေး၊ အနီးပေးပုံစံနဲ့ ဘောလုံးကို လိုတဲ့နေရာ တိတိကျကျ အမြန်ထုတ်ကစားစေတာတွေ့ရတယ်။ သူအများဆုံး “တည်” ကစားတဲ့ Formation က ၄၊၂၊၃၊၁ နဲ့ ၄၊၂၊၂၊၁၊၁ ပါပဲ။ ဒီပုံစံတွေကို ပွဲအခြေအနေပေါ် ကြည့်ပြီး လိုသလို ပြောင်းကစား လေ့ရှိတယ်။ သူအများဆုံးသုံးတဲ့ 1st Line-up မှာ အောင်အောင်ဦး(ဂိုး)၊ နောက်တန်းဘယ်မှာ ခင်မောင်လွင်၊ ညာမှာ မင်းသူနဲ့ အလယ်မှ ဇော်လင်းထွန်း-၂နဲ့ ကျော်ခိုင်ဝင်း တို့ထားတတ်တယ်။ အလယ်မှာ ဇော်ထက်အောင်နဲ့ မိုးဝင်းတို့ကို ခံစစ်၊ တိုက်စစ် အတက်အဆင်း ဖြည့်ကစားခိုင်းပြီး၊ တိုက်စစ်ကို တောင်ပံကစားသမားတွေဖြစ်တဲ့ မျိုးမင်းထွန်းနဲ့ ရာဇာဝင်းသိန်းတို့ကို အများဆုံးလိုက်ကစား ခိုင်းတာတွေ့ရတယ်။ ရှေ့မှာတော့ ရန်ပိုင်ကို “အထောင်” ထားပြီး “စိုးမြတ်မင်း” ကို နောက်ချန်တိုက်စစ်မှူးပုံစံနဲ့ ကစားစေပြီး ဘက်ညာတောင်ပံတွေကတဆင့် တိုက်စစ်ကို အများဆုံး “လှုပ်” ကစားစေတာ တွေ့ရတယ်။
မြန်မာကစားသမားတွေအများစုဟာ တဖြည်းဖြည်းနဲ့ ဘရာဇီးနည်းပြလိုချင်တဲ့ ပုံစံဝင်အောင် ကစား လာနိုင်တာတွေ့ရပြီး ပါဝါထရိန်နင်ကောင်းကောင်းလုပ်ရတဲ့ အကျိုးကြောင့်လည်း ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုတွေ ပြန်တက်လာတာတွေ့ရတယ်။ ရာဇာဝင်းသိန်း၊ မျိုးမင်းထွန်း၊ ကျော်ခိုင်ဝင်း၊ ဇော်ထက်အောင်နဲ့၊ ထွန်းထွန်းဝင်းတို့ အုပ်စုဟာ သိသိသာသာ ခြေစွမ်းတက်လာပြီး စိုးမြတ်မင်း၊ ရန်ပိုင်၊ ဇော်လင်းထွန်း-၂၊ ခင်မောင်လွင်တို့အုပ်စု လည်း ပုံမှန် ခြေစွမ်းမျိုးပြန်ရလာလို့ မနှစ်က ဗိုလ်စွဲခဲ့တဲ့ အသင်းထက်တော့အား မလျော့နိုင်ဘူး။

အားနည်းချက်

ဒါပေမယ့် မြန်မာအသင်းမှာ ခုချိန်ထိ လိုအပ်ချက်၊ အားနည်းချက်လေးတွေ တော်တော်များများ ရှိနေသေးတာတွေ့ရတယ်။ အသိသာဆုံး အချက်ကတော့ ခုချိန်ထိ ကစားသမားအများစုဟာ နောက်ကလိုက်ကစားတဲ့အခါ (ရှုံးနေတဲ့အချိန်မျိုး)မှာ တည်ငြိမ်မှု သိပ်မရှိသေးတာနဲ့ ဘောလုံးအထိန်းအသိမ်းပိုင်းမှာ အားနည်းနေသေး တာပါပဲ၊ ဘောလုံးကို ခြေထဲမှာ အကြာကြီးထိန်းထားနိုင်တဲ့ ကစားသမားမျိုးလည်း သိပ်မရှိသေးပဲ ကိုယ်ပိုင် နည်းပရိယာယ်နဲ့ အသာစီးရအောင် “ထွင်”ကစားတတ်တဲ့ Fantastic Plyaer မျိုး၊ တစ်ဖက်အသင်းရဲ့ ကစားရှိန် ကိုသုံးသပ်ပြီး Tempo အတင်အချလုပ်ပြီး အသင်းကို အသာစီးပြန်ရအောင် ဦးဆောင်ကစားတတ်တဲ့ Leading Talented Player မျိုးမရှိ သလောက် ဖြစ်နေတယ်။ နောက်ပြီးတော့ တစ်ဖက်အသင်း “ဆွ” ကစားတာကို တည်တည်ငြိမ်ငြိမ် တုန့်ပြန်တတ်တဲ့ ကစား သမားမျိုး သိပ်မရှိသေးသလို တစ်ဖက်အသင်းကို ဥပဒေအတွင်းက အသာစီးရအောင် လိမ္မာပါးနပ်စွာ မာယာ သုံးပြီးကစားတတ်တဲ့ ကစားသမားမျိုးလည်း လိုနေသေးတယ်။
လက်ရှိမြန်မာ့လက်ရွေးစင်အသင်းရဲ့ ခြေစွမ်းအစစ်အမှန်ကိုလည်း ခန့်မှန်းဖို့ခက်နေသေးတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအသင်းဟာ ခုချိန်ထိ ပြည်တွင်းကလပ်တွေနဲ့ပဲ ပရိတ်သတ်မပါတဲ့ ခြေစမ်းပွဲ သဘောမျိုးတွေပဲ ကစားထားရပြီး ကလပ်အသင်းတွေကလည်း လက်ရွေးစင်အသင်းတွေကို ကစားသမားတွေ ပေးထားရလို့ လူစုံမပါနိုင်တဲ့အပြင် ခြေစွမ်းကလည်း သာမန်လောက်ပဲရှိတော့ ခြေစမ်းပွဲတိုင်းနီးပါး လက်ရွေးစင်အသင်းပဲ နိုင်ခဲ့တာ့ပေါ့၊ ဒါတောင် သစ်တောအသင်းကို (၁-၀)နဲ့ ရှုံးခဲ့သေးပြီး၊ တစ်ချို့ပွဲတွေကို အသည်းအသန်အသန်ကစားခဲ့ရတာမျိုး ရှိသေးတယ်။

တစ်ခြားပြိုင်ဘက်အသင်းတွေ နိုင်ငံခြားအသင်းတွေနဲ့ ခြေစမ်းကစားပြီး သေချာပြင်ဆင်နေတဲ့ အချိန်မှာ မြန်မာအသင်းက ပြည်တွင်းကလပ်တွေနဲ့ပဲ ကစားထားရတော့ ကြိုတင်ပြင်ဆင်ခြေသွေးမှု အပိုင်းမှာ သိသိသာသာ တပန်းရှုံးနေပြီး ကိုယ့်အသင်းရဲ့ အားသာချက်၊ အထူးသဖြင့် အားနည်းချက်တွေကို သေချာသိရှိ ပြုပြင်ခွင့်မရသလိုဖြစ်နေတယ်။

အုပ်စုချောင်

ဒါပေမယ့် ဒီပွဲမှာ မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတွေက ယူ-၂၃အသင်းတွေနဲ့ပဲ ကစားမယ်လို့သိရပြီး အာဖရိက အသင်းတွေရဲ့ ခြေစွမ်းအဆင့်အတန်းက ဖီဖာသတ်မှတ်ချက်အရ အတော်လေးနိမ့်နေတာကို တွေ့ရပါတယ်။ မလေးရှား၊ လာအို၊ လီဆိုသိုအသင်းတွေနဲ့ ကျနေတဲ့ မြန်မာအသင်းဟာ တစ်ဖက်အုပ်စုနဲ့ ယှဉ်ကြည့်ရင် အများကြီးအုပ်စုချောင်ပါတယ်။ လက်ရှိချန်ပီယံမြန်မာအသင်းအနေနဲ့ ဘယ်အသင်းကိုမှ မလျှော့မတွက်သင့် ပေမယ့် အိမ်ရှင်မလေးရှားနဲ့ပဲ အုပ်စုဗိုလ်လုရမယ့် အနေအထားရှိပါတယ်။ အုပ်စု(ခ)မှာတော့ ပွဲတိုင်း အကြိတ် အနယ်ကစားရဖို့ရှိပြီး ဘယ်အသင်းတက်လာမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ လီဆိုသိုအသင်းနဲ့ အရင်ကစားရပြီး၊ မလေးရှားနဲ့ လာအိုပွဲလည်း တစ်ရက်တည်းကစားရမှာပါ။ မြန်မာ အသင်းဟာ မလေးရှားနဲ့ ဒုတိယပွဲစဉ်ကစားပြီး လာအိုနဲ့ နောက်ဆုံးကစားရမှာမို့ ပွဲစဉ်လမ်းကြောင်းလည်း ကောင်းနေတယ်လို့ဆိုရမယ်။ တစ်ရက်(၂)ပွဲနှုန်းနဲ့ အုပ်စု အလိုက် ပတ်လည်စနစ်နဲ့ ကစားပြီး ဆီမီးဖိုင်နယ် (၂)ပွဲကို သြဂုတ်လ(၂၇)ရက်၊ ဗိုလ်လုပွဲကို (၂၉)ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေရဲ့ အနေအထား အပါအ၀င် မြန်မာအသင်းရဲ့ အနီးကပ်ခြေစွမ်းအလားအလာနဲ့ ပွဲစဉ် လမ်းကြောင်းအသေးစိတ်ကို ပြိုင်ပွဲမစခင်(ဘရာဇီးနည်းပြ မားကို့စ်နဲ့ တွေ့ဆုံပြီးချိန်မှာ) ဆောင်းပါးတစ်ပုဒ် အနေနဲ့ သေချာသုံးသပ်တင်ပြပေးသွားပါဦးမယ်။

စိုးမိုး (IBC)