တောင်ကိုရီးယားအသင်းဟာ အိမ်ရှင်ပရိတ်သတ် (၉၀,၀၀၀)ရဲ့ ရှေ့မှာ အင်ဒိုနီးရှားကို ( ၁ - ၀)နဲ့ ကပ်နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
အင်ဒိုနီးရှားဟာ ယခုပွဲမှာ သရေကျရုံနဲ့ ကွာတားအဆင့်ကို တက်ရောက်နိုင်မှာဖြစ်တဲ့အတွက် အိမ်ရှင် ပရိတ်သတ်တွေ တခဲနက်လာရောက် အားပေးခဲ့ပေမယ့် အိမ်မက်တွေ ပျက်ပြယ်ခဲ့ ပါတယ်။
ကိုရီးယားဟာ အင်ဒိုကို နိုင်တဲ့အတွက် အုပ်စု(ဒီ)မှာ အုပ်စု ဒုတိယ၊ ဆော်ဒီက ဘာရိန်းကို (၄)ဂိုးပြတ်နဲ့ နိုင်ပြီး အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။
ကိုရီးယားရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ကင်ဂျုံဝူးက (၃၄)မိနစ်မှာ ပင်နယ်တီ ဧရိယာ အစပ်ကနေ ဂိုးတိုင်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ ကိုရီးယားနည်းပြ ပင် ဘာဘက်က “ဒီပွဲမတိုင်ခင်က ကစားသမားတွေကို ကျနော် စကားပြောထားပါတယ်။ ဒီပွဲကနေစပြီး ပွဲတိုင်းဟာ ဖိုင်နယ်ဖြစ်တယ် ဆိုတာကိုပါ” လို့ ပြောပါ တယ်။
“ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ ပါတယ်။ နောက်တစ်ဆင့်အတွက် ကျနော်တို့ အဆင့်သင့် ဖြစ်နေပါပြီ”
အင်ဒိုနည်းပြ အီဗန် ကိုလက်ပ်က “ကျနော်တို့ နောက်တဆင့် မတက်နိုင်တဲ့အတွက် စိတ် ပျက်မိပါတယ်။ ဒါပေမယ့် ဂုဏ်ယူပါတယ်။ သူတို့ ပွဲမဆုံးမှီအထိ အကောင်းဆုံး ကစားခဲ့ ပါတယ်။ ကျနော့် ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။
ကိုရီးယား အုပ်စုပွဲစဉ်တွေမှာ ဆော်ဒီနဲ့ ( ၁ - ၁)၊ ဘာရိန်းကို (၂ - ၀)နဲ့ ရှုံးပြီး အင်ဒိုကို တစ်ဂိုး နဲ့ ကပ်နိုင်ပြီး ကွာတားကို ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အင်ဒိုဟာ ဘာရိန်းကို (၂ - ၁)နဲ့ နိုင်ပြီး ဆော်ဒီကို (၁ - ၂)နဲ့ ရှုံးထားပါတယ်။
အုပ်စု (စီ)
ဥဇဘက်ကစ္စတန်က နာမည်ကြီး တရုတ်ကို (၃)ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်တဆင့် တက်သွား ပါတယ်။ ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ဟာ အုပ်စုကနေ လှည့်ပြန်ရချင်း ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်တွေတုန်းက တရုတ်က မလေးရှားကို (၅ - ၁)၊ အီရန်နဲ့ (၂ - ၂) ဖြစ်ပြီး ဥဇဘက် ကစ္စတန်က မလေးရှားကို (၅ - ၀)၊ အီရန်ကို (၂ - ၁)နဲ့ ရှုံးပါတယ်။
နာမည်ကြီး အီရန်က အိမ်ရှင် မလေးရှားအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ကွာတား တက်သွားပါတယ်။
အီရန်ဟာ ပွဲအစကနေ အစဆုံးအထိ တိုက်ရိုက်တဖက်သက် ဖိကစားနိုင်ပေမယ့် ဂိုးသွင်းမ သေချာတာကြောင့် (၂)ဂိုးသားရခြင်း ဖြစ်ပါတယ်။
ပထမဂိုး (၂၉)မိနစ်မှာ ပင်နယ်တီနဲ့ ဒုတိယဂိုးကို (၇၇)မိနစ်မှာ ဘော်လ်တန် ကွင်းလယ်လူ တို့က အီရန်အတွက် သွင်းခဲ့ပါတယ်။
အုပ်စုပွဲစဉ်တွေတုန်းက အီရန်က ဥဇဘက်ကစ္စတန်ကို (၂ - ၁)၊ တရုတ်နဲ့ (၂ - ၂)နဲ့ သရေကျ ထားပါတယ်။ မလေးက တရုတ်ကို (၁ - ၅)၊ဥဇဘက်ကစ္စတန်ကို (၀ - ၅)နဲ့ ရှုံးပါတယ်။
နိုင်ပွဲမရှိတာကြောင့် မလေးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဇူလိုင် (၃၁)ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ အစိုးရဲ့ အားကစားကော်မတီ အစည်းအဝေးမှာ အကျိုးအကြောင်း အစီရင်ခံစာတင်ပို့ အမိန့် ထုတ်ပြန်ခြင်း ခံထားရပါတယ်။
“ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘာပြဿနာတွေ ရှိနေသလဲ ဆိုတာကို ကျနော်တို့ကို ပြောရ ပါမယ်။ အစိုးရကလည်း ကူညီဖို့ အသင့်ပါပဲ” လို့ အားကစားဝန်ကြီးက ပြောပါတယ်။
လာမယ့် စနေနေ့ ကွာတားဖိုင်နယ် ပွဲတွေမှာ ဂျပန်နဲ့ သြစတြေးလျ၊ အီရတ်နဲ့ ဗီယက်နမ်တို့ ကစားမှာဖြစ်ပြီး တနင်္ဂနွေ့နေ့ပွဲတွေမှာတော့ ကိုရီးယားနဲ့ အီရန်၊ ဆော်ဒီနဲ့ ဥဇဘက်ကစ္စတန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တတိယနေရာလုပွဲကို (၂၈)ရက်၊ ဗိုလ်လုပွဲကို (၂၉)ရက်နေ့တို့မှာ ကစားမှာ ဖြစ်ပါတယ်။
|

ဥဇဘက်ကစ္စတန်ကစားသမားနဲ့ တရုတ်က ဇူတို့ ဘောလုံးယှဉ်လုနေစဉ်
|