ယမန်နေ့က ပြုလုပ်တဲ့ အိုးပင်း အမျိုးသမီးတစ်ဦးခြင်း ဆီမီးဖိုင်နယ်အဆင့်မှာ ဆာဘီးယားသူ အယ်နာ အီဗန်နိုဗစ်ဟာ ဆီဒင့်အဆင့် (၂)ဖြစ်သူ ရှာရာဗိုရာကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဆီဒင် (၇)ဖြစ်တဲ့ အီဗန်နိုဗစ်ဟာ ပွဲစဉ် (၂)ပွဲလုံးမှာ အစကနေ အဆုံးအထိ ရှာရာဗိုရာကို ထိန်း ချုပ်ကစားနိုင်ခဲ့ပြီး ( ၆ - ၂)၊ ( ၆ - ၁)နဲ့ (၂)ပွဲပြတ် နိုင်ခဲ့ပါတယ်။
အသက် (၁၉)နှစ်သာ ရှိသေးတဲ့ အီဗန်နိုဗစ်ဟာ လာမယ့် စနေ့နေ ဗိုလ်လုပွဲမှာ ဂျလီနာ ဂျန်ကို ဗက်ကို အနိုင်ယူထားတဲ့ လက်ရှိချန်ပီယံ ဆီဒင် (၁)ဖြစ်တဲ့ ဂျက်စတင် ဟင်နင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
“ကျမ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အမှားအယွင်း နည်းခဲ့ပါတယ်။ ကျမ မျှော်လင့်ထားသလို ပွဲဟာ ခက်ခဲပေမယ့် ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ယူနိုင်ခဲ့ပါတယ်” လို့ အီဗန်နိုဗစ်က ပြောပါတယ်။
“ဒီပွဲမှာ တိုက်လိုခိုက်လိုစိတ် အပြည့်နဲ့ ကစားရမယ်ဆိုတာကို ကျမ သိထားပါတယ်။ အဲဒီလို မကစားရင် သူ့ကို အခွင့်အရေး ပေးသလိုဖြစ်ပြီး သူ လက်ဦးမှု ယူသွားပါလိမ့်မယ်”
ဝင်ဘယ်ဒန်နဲ့ ယူအက်စ်အိုးပင် ချန်ပီယံ ရုရှသူ ရှာရာဗိုရာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကမ္ဘာ့ အဆင့် (၂) တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် သူမရဲ့ ကြံ့ခိုင်မှုနဲ့ ပက်သက်ပြီး မေးခွန်း ထုတ်စရာ ရှိနေပါတယ်။
ရှာရာဗိုရာဟာ မကြာသေးမီ ရက်တွေအတွင်းက ပခုံးဒဏ်ရာရထားပြီး ဒဏ်ရာနဲ့ ရုန်းကန်နေရ ပါတယ်။
“ကျမသူ့ကို အဖွင့်တွေမှာ အခွင့်အရေးတွေ အများကြီး ပေးလိုက်တယ်လို့ ခံစားရပါတယ်။ သူ အမြဲတမ်း ပထမစပေးဘောတွေမှာ အမှတ်ရအောင် ယူနိုင်ခဲ့ပါတယ်” လို့ ရှာရာဗိုရာက ပြောပါ တယ်။
တင်းနစ်မယ် ရှာရာဗိုရာက “ကျမရဲ့ စပေးဘောတွေက ထိရောက်ပါတယ်။ ဒါပေမယ့် ပထမ ဘောတွေမှာ သူ့ကို အခွင့်အ ရေး ပေးသလိုဖြစ်ပြီး ပွဲကောင်းတစ်ကောင်း မဖြစ်ခဲ့ပါဘူး။ ကျမ ဘောတွေ တော်တော်များများ ဘေးထွက်ပြီး အမှားများခဲ့ပါတယ်။ နောက်ပြီး ရစ်သမ်လည်း မမိခဲ့ပါဘူး” လို့ ထပ်ပြော ပါတယ်။
အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ပြုလုပ်မှာဖြစ်ပြီး ဖာဒါရာ (ဆွစ်ဇာလန်) နဲ့ ဒေဗီဒန်ကို (ရုရှ)၊ နိုဗက် ဒီဂျိုကိုဗစ် (ဆားဘီးယား)နဲ့ ရာဖယ် နာဒယ် (စပိန်)တို့ ယှဉ်ပြိုင် ကစားကြဖို့ ရှိပါတယ်။
ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ဘယ်ဂျီယမ်သူ ဂျက်စတင် ဟင်နင်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက စပိန်သား ရာဖယ် နာဒယ် ဖြစ်ပါတယ်။ ပြိုင်ပွဲဟာ မနက်ဖြန် ဇွန် (၉)ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး ချီးမြှင့်မယ့် စုစုပေါင်း ဆုကြေးငွေက ပေါင် (၁၅,၂၆၄,၅၀၀) သန်း ကျော် ဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲကစပြီး ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ဆုကြေးငွေကို အမျိုးသားနဲ့ အမျိုးသမီး တန်းတူ ချီးမြှင့်မှာ ဖြစ်ပါတယ်။
အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူဟာ ဆုကြေးငွေ ယူရို (၅,၃၃၅,၂၈၀) သန်း (ဒေါ်လာ ၇,၀၆၀,၁၇၆ သန်း) ဖြစ်ပြီး နှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူက ယူရို (၁,၂၅၉,၄၀၀) သန်း (ဒေါ်လာ ၁,၆၆၆,၅၆၄ သန်း) ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေအဖြစ် ယူရို (၅,၃၃၅,၂၈၀) သန်း ဖြစ်ပြီး အတွဲလိုက်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် ယူရို (၁,၂၅၉,၄၀၀)သန်း (ဒေါ်လာ ၁,၆၆၆,၅၆၄ သန်း) ဖြစ်ပါတယ်။
|

ရှာရာဗိုရာကို အနိုင်ယူထားတဲ့ ဆားဘီးယားသူ အယ်နာ အီဗန်နိုဗစ်
|