ကမ္ဘာ့နံပါတ်တစ် ရော်ဂျာဖာဒါရာက ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်မှာ တွမ်မီ ရိုဘာတိုကို (၇ - ၅)၊ (၁ - ၆)၊ (၆ - ၁)၊ (၆ - ၂)နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် သွားပါတယ်။
သြစတြေးလျအိုးပင်း ချန်ပီယံနဲ့ ဆီဒင်အဆင့် (၁)ရှိတဲ့ ဖာဒါရာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အန်ဒီ ရော့ဒစ်ကို ပွဲစဉ်ငယ်တစ်ခုမှာ ရှုံးပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရိုဘာတိုကို ဒုတိယပွဲစဉ်မှာ ရှုံးခဲ့ပါတယ်။
ဆီဒင်အဆင့် (၉)ရှိတဲ့ ရိုဘာတိုဟာ ဒုတိယပွဲစဉ်မှာ လက်စွမ်းပြ ရိုက်နိုင်ပြီး ဖာဒါရာကို (၅)မှတ်ပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ယင်းပွဲစဉ်နဲ့ ပက်သက်လို့ ဖာဒါရာက “ဒီအတွက် ခွင့်လွှတ်ဖို့ ကျနော် ရှာဖွေနေတာ မဟုတ်ပါ ဘူး။ အဲဒီအချိန်မှာ လေတိုက်နေပြီး သူ့ရဲ့ အကောင်းဆုံး ရိုက်ချက်တွေနဲ့ ကျနော် ရင်ဆိုင်ခဲ့ ရပါတယ်။ ကျနော် သက်တမ်းမှာ ဒီလို (၆ - ၁)နဲ့ ရှုံးတာမျိုး သိပ်မရှိပါဘူး” လို့ ဖာဒါရာက ပြော ပါတယ်။
ရိုဘာတိုဟာ အဓိကကျတဲ့ ဂရင်းစလင်းပြိုင်ပွဲတွေရဲ့ ပွဲစဉ်ငယ်တစ်ခုမှာ ယမန်နှစ် ယူအက်စ် အိုးပင်းတုန်းက အင်ဒီ ရော့ဒစ်မှာပြီးရင် ဖာဒါရာကို အနိုင်ရတဲ့ ပထမဆုံးလူ ဖြစ်ပါတယ်။
ဆွစ်သား ဖာဒါရာက “ရွံ့စေးမြေနဲ့ လုပ်ထားတဲ့ ကွင်းမှာ သူ့ကို အနိုင်ရဖို့ ဘယ်တော့မှာ မ လွယ်ပါဘူး။ ဒီလိုကွင်းမျိုးဟာ သူ့ရဲ့ အကြိုက်ကွင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အသက် (၂၇)နှစ်ရှိ ဖာဒါရာက “၀မ်းနည်းစွာပဲ ဒုတိယပွဲစဉ်မှာ ကျနော် အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြောရရင် ရလဒ်ကောင်းပါတယ်” လို့ ထပ်ပြောပါတယ်။
ဖာဒါရာဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆီမီးအဆင့်ကို ရောက်လာတဲ့ ရုရှသား ဒေဗီ ဒန်ကိုနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒေဗီဒန်ကိုဟာ ကာနတ်စ်ကို ကွာတားအဆင့်မှာ (၇ - ၅)၊ (၆ - ၄)၊ (၆ - ၄)နဲ့ အနိုင်ရထားပါတယ်။
အမျိုးသမီးတစ်ဦးပြိုင်ပွဲရဲ့ ကွာတားအဆင့်မှာ ရုရှသူ မာရီယာ ရှာရာဗိုရာဟာ အန်နာချက် ဗက်တက်ဒက်ဇက်ကို (၆ - ၃)၊ (၆ - ၄)နဲ့ အနိုင်ယူပြီး ဆီမီးအဆင့်ကို တက်လှမ်းသွား ပါတယ်။
ဆီဒင်အဆင့် (၂)ဖြစ်တဲ့ ရှာရာဗိုရာဟာ ဆီမီးမှာ ဆီဒင်အဆင့် (၃)ဖြစ်တဲ့ ဆဲတလဲနာ ကူနက် ဆိုဗာကို (၆ - ၀)၊ (၃ - ၆)၊ (၆ - ၁)နဲ့ အနိုင်ရထားတဲ့ အန်နာ အီဗန်နိုဗစ်ကိုနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အီဗန်နိုကိုဗစ်အတွက် ဂရင်းစလင်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆီမီးကို ရောက် ခြင်း ဖြစ်ပါတယ်။
နောက်ကွာတား ပွဲစဉ်တစ်ခုမှာ ဆာဘီးယားသူ ဂျလီနာ ဂျန်ကိုဗစ်ဟာ တစ်နိုင်ငံတည်းဖွား အီဗန်နိုဗစ်နဲ့အတူ နီကို ဘိုင်ဒစ်ဆိုဗာကို (၆ - ၄)၊ (၇ - ၅)နဲ့ အနိုင်ယူပြီး ဆီမီးကို ရောက်ခဲ့ ပါတယ်။
ဆတ်နွယ်ဖွား ဂျန်ကိုဗစ်ဟာ ဆီမီးအဆင့်မှာ အမေရိကန်တင်းနစ်မယ် ဆာရီနာ ၀ီလျံကို (၆ - ၄)၊ (၆ - ၃)နဲ့ အနိုင်ယူခဲ့တဲ့ ဆီဒင်အဆင့် (၁)ဖြစ်တဲ့ ဂျက်စတင်း ဟင်နင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရုရှသူ ရှာရာဗိုရာဟာ ပခုံးဒဏ်ရာနဲ့ ရုန်းကန်နေရပေမယ့် (၇၈)မိနစ်ကြာ ကစားအပြီးမှာ ချက်ဗက်တက်ဒက်ဇက်ကို အနိုင်ရပြီး ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။
အသက် (၂၀)နှစ်ရှိ သူမက “ကျမ အကောင်းဆုံးအနေအထားနဲ့ ရှေ့ကို တိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး ခံစစ်ကိုလည်း ကြိုးစားခဲ့ပါတယ်။ ဒါဟာ တကယ့် အရေးကြီးတဲ့ သော့ချက် ဖြစ်ပါ တယ်။ အခုလို ပထမဆုံးအကြိမ် ဆီမီးရောက်တဲ့အတွက် ၀မ်းသာပါတယ်” လို့ ထပ်ပြော ပါတယ်။
ဆီမီးမှာ အီဗန်နိုဗစ်နဲ့ တွေ့ဆုံရတာနဲ့ ပက်သက်လို့ ရှာရာဗိုရာက “သူမရဲ့ ရိုက်ချက်တွေက အပြားလိုက် လှပပြီး ကြီးမားပါတယ်။ ဒီပွဲဟာ တကယ့်ကို ခက်ခဲ့မယ့် ပွဲဖြစ်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
ပြင်သစ်အိုးပင်း ၂၀၀၇ ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ (၂၇)ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ (၉)ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ချီးမြင့်မဲ့ ဆုကြေးငွေကတော့ စုစုပေါင်း ပေါင် (၆)သန်းကျော် ဖြစ်ပါတယ်။
|

ဆီဒင်အဆင့် (၁) ရော်ဂျာ ဖာဒါရာရဲ့ ရိုက်ဟန်
|