ရီရဲမက်ဒရစ်အသင်းမှာ ပြန်ကစားဖို့ ရွေးချယ်ခံရတဲ့ ဒေးဗစ် ဘက်ဟမ်းရဲ့ လက်ရှိ ကစားပုံဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှုမှာ အခက်အခဲ ဖြစ်စေကြောင်း နည်းပြမက္ကလာရင်က ၀န်ခံပြောဆိုခဲ့ပါတယ်။
အသက် (၃၁)နှစ်ရှိ ကွင်းလယ်လူဟာ ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်အသင်းကို မက္က လာရင် နည်းပြအဖြစ် တာဝန်ယူပြီး နောက်ပိုင်း လက်ရွေးစင်အသင်းမှာ တစ်ခါမှ ရွေးချယ်ခံရခြင်း မရှိသေး ပါဘူး။
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဘက်ဟမ်းဟာ ရီရဲကနေ အမေရိကန်ကလပ် ဂလက်စီ ကို ပြောင်းရွေ့ဖို့ သဘောတူပြီးတဲ့ နောက်ပိုင်းမှာလည်း ရီရဲအသင်းမှာ ကစားခွင့် မရဘဲ ဖယ်ကျဉ်ခံခဲ့ ရပါတယ်။
ရီရဲနည်းပြ ကာပယ်လိုဟာ ဘက်ဟမ်းရဲ့ လေ့ကျင့်ရေးကွင်းမှာနဲ့ ပြင်ပမှာပါ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ပီသမှုကြောင့် မကြာသေးမီကမှ အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့ ပါတယ်။ ဘက်ဟမ်း ကစားခွင့်ရခဲ့တဲ့ ရီရဲအသင်းရဲ့ နောက်ဆုံး ကစားတဲ့ (၂)ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ ပါ တယ်။
“သူခြေစွမ်းပြနိုင်တာဟာ ကျနော့်ကို ပြဿနာ ဖြစ်စေပါတယ်။ နောက် ပြဿနာတစ်ခုက ကျနော် သူ့ရဲ့ ခြေစွမ်းပြမှုကို ကြိုဆိုဖို့ပါ” လို့ မက္ကလာရင် က ပြောဆိုခဲ့ ပါတယ်။
အင်္ဂလန်နည်းပြ က “သူ့ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားပီသပြီး အသင်းအတွက် အကောင်းဆုံး ကစားနိုင်ပါတယ်။ ဒါဟာ ကျနော့်အတွက် သိသာတဲ့ ပြဿနာ တစ်ခုပါပဲ။ နောက်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်” လို့ ပြောပါတယ်။
ဘက်ဟမ်းဟာ ယမန်နေ့ညက ရီရဲအသင်းရဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ မက္ကလာရင်ဟာ ဘက်ဟမ်းရဲ့ အသင်းမှာ ပုံမှန်နေရာ ရရှိရေးအတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီးမှ ပြန်လည်ရရှိခြင်း အပေါ် မှာ ကျေနပ် နေပါတယ်။
“လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက ရီရဲအတွက် ကစားခွင့် မရခဲ့တဲ့ သူတစ်ယောက် ခြေစွမ်းပြနိုင်တာဟာ ကျေနပ်စရာ ကောင်းပါတယ်။ ဘိုင်ယန်နဲ့ ကစားတဲ့ပွဲမှာ သူဟာ တစ် ကွင်းလုံး မွှေနှောက် ကစားနိုင်ခဲ့ပြီး အဲဒီ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ်” လို့ နည်းပြ မက္ကလာရင် က ထပ်ပြောပါတယ်။
မီဒီယာတွေက လက်ရှိ အင်္ဂလန်အသင်းရဲ့ ဆိုးဝါးနေတဲ့ ရလဒ်တွေကနေ လွတ်မြောက် ဖို့ အတွက် မက္ကလာရင်အနေနဲ့ ဘက်ဟမ်းကို ပြန်ခေါ်နိုင်တယ် လို့ ထင်ကြေးပေး နေကြပါ တယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၀၈ ခြေစစ်ပွဲနဲ့ ခြေစမ်းပွဲတွေ အပါအ၀င် နောက်ဆုံး ကစားခဲ့တဲ့ (၄)ပွဲမှာ (၂)ပွဲရှုံး၊ (၂)ပွဲ သရေ ဖြစ်ထားပြီး မတ်လထဲမှာ ခြေစစ်ပွဲအဖြစ် အစ္စရေး၊ အင်ဒိုနာတို့နဲ့ ကစားရဖို့ ရှိပါတယ်။
|