မန်ယူအသင်းဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း စာရင်းရဲ့ ဒုတိယနေရာက ရီရဲမက်ဒ ရစ်၊ ဘာစီလိုနာနဲ့ ဂျုဗင်တပ်တို့ရဲ့နောက် စတုတ္ထနေရာသို့ လျောခဲ့ပါတယ်။
ဘောလုံးအသင်းများရဲ့ ၀င်ငွေကို စနစ်တကျ လေ့လာပြုစုထားတဲ့ အကြံပေးအရာရှိ ဒီလွိုက် တက်ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ထိပ်သီး ကလပ်အသင်း (၂၀) ရဲ့ မနှစ်က စုစုပေါင်း ၀င်ငွေဟာ ယူရို (၃.၅) ဘီလျံ (ပေါင် ၂.၃ ဘီလျံ) အထိရှိကြောင်း ရေးသားထား ပါတယ်။ ယင်းတို့ထဲမှာ ရုပ်သံလွှင့်ခွင့်ကနေရတဲ့ အကျိုးအမြတ်တွေလည်း ပါဝင် ပါတယ်။
ယူနိုက်တက်ဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း စာရင်းရဲ့ ထိပ်ဆုံးမှာ (၈) နှစ်ကြာ နေရာယူခဲ့ပြီးနောက် ယမန်နှစ်က ယင်းနေရာအတွက် ရီရဲအသင်းကို လွဲပြောင်းပေးခဲ့ ရပါတယ်။
ဒုတိယနေရာကနေ မန်ယူလျောကျ ခဲ့တဲ့ မန်ယူဟာ ကမ္ဘာ့မှာ အမြတ်အစွန်း အများဆုံးရတဲ့ ကလပ်အသင်း အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ၂၀၀၆ ဇွန်မှာ ပေါင် (၄၉.၇)သန်း အကျိုးအမြတ် ရခဲ့ပါတယ်။ စတုတ္ထနေရာကို မလျောကျမီ မန်ယူရဲ့ ၀င်ငွေဟာ ပေါင် (၁၆၆.၄)သန်းကနေ ပေါင် (၁၆၇.၈) သန်း အထိ တိုးမြှင်ခဲ့ ပါတယ်။
ရီရဲမက်ဒရစ်ဟာ (၃)နှစ် ဆက်တိုက် အဓိကကျတဲ့ ဆုဖလားတွေ တစ်ခုမှ မရဘဲနဲ့ ကမ္ဘာ့အ ချမ်းသာဆုံးနဲ့ ၀င်ငွေအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ရီရဲအသင်းရဲ့ ၀င်ငွေဟာ ရော်နယ်ဒို၊ ဘက်ဟမ်းနဲ့ ဇီဒန်းတို့လို ကျော်ကြားတဲ့ ကစားသမား တွေ အများအပြား ရှိတဲ့အတွက်ကြောင့် ယမန်နှစ်က ပေါင် (၁၈၆.၂)သန်းက ပေါင် (၂၀၂) သန်း အထိ တိုးမြှင့်ခဲ့ပါတယ်။ ယခုရာသီမှာ ၎င်းတို့ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်တဲ့ အ တွက် အသင်းရဲ့ ၀င်ငွေကို ထိခိုက်လာနိုင်ဖွယ် ရှိပါတယ်။
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ တစ်နှစ်ဝင်ငွေဟာ ပေါင် (၁၅၂.၈) သန်းအထိ တိုးမြှင့် ရရှိ ခဲ့ပေမယ့် အဆင့် (၆)သို့ လျောကျခဲ့ပြီး အာစင်နယ်က ယမန်နှစ်က ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်တဲ့အတွက် အဆင့် (၉)သို့ ခုန်တက်ခဲ့ ပါတယ်။
|

မန်ယူအမှတ် တံဆိပ်
ကမ္ဘာ့အချမ်းသာဆုံးနဲ့ ၀င်ငွေအများဆုံး ကလပ်အသင်း (၁၀) သင်း စာရင်း
၁။ ရီရဲမက်ဒရစ် ပေါင် (၂၀၂) သန်း၊ (ဒေါ်လာ ၃၇၃.၄ သန်း)
၂။ ဘာစီလိုနာ ပေါင် (၁၇၉.၁) သန်း၊ (ဒေါ်လာ ၃၃၁.၁ သန်း)
၃။ ဂျုဗင်တပ် ပေါင် (၁၇၃.၇) သန်း၊ (ဒေါ်လာ ၃၂၀.၀ သန်း)
၎။ မန်ယူ ပေါင် (၁၆၇.၈) သန်း၊ (ဒေါ်လာ ၃၁၀.၁ သန်း)
၅။ အေစီမီလန် ပေါင် (၁၆၅) သန်း၊ (ဒေါ်လာ ၃၀၅.၀ သန်း)
၆။ ချဲလ်ဆီး ပေါင် (၁၅၂.၈) သန်း၊ (ဒေါ်လာ ၂၈၂.၃ သန်း)
၇။ အင်တာမီလန် ပေါင် (၁၄၂.၈) သန်း၊ (ဒေါ်လာ ၂၆၄.၀ သန်း)
၈။ ဘိုင်ယန်မြူးနစ် ပေါင် (၁၄၁.၅) သန်း၊ (ဒေါ်လာ ၂၆၁.၆သန်း)
၉။ အာစင်နယ် ပေါင် (၁၃၃) သန်း၊ (ဒေါ်လာ ၂၄၅.၇ သန်း)
၁၀။ လီဗာပူး ပေါင် (၁၂၁.၇) သန်း၊ (ဒေါ်လာ ၂၂၄.၉ သန်း) |