အီတလီဘောလုံးအာဏာပိုင်တွေဟာ ပြည်တွင်းပွဲစဉ်တွေကို ပရိတ်သတ်မပါဘဲ တံခါးပိတ်ကစားဖို့ သင့်မသင့်ကို မနက်ဖြန်မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး ဂူလီယာနိုအေမာတိုက ဘောလုံးကွင်းတွေမှာ လုံခြုံရေး အဆင့်အတန်း ပြည့်မီခြင်းမရှိရင် ပရိတ်သတ်တွေကို ၀င်ခွင့်ပြုမှာမဟုတ်ကြောင်း ယမန်နေ့က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကာတာနီယာနဲ့ ပါလာမိုတို့ ကစားတဲ့ ပွဲစဉ်မှာ ပရိတ်သတ်နဲ့ ရဲအကြားမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းမှာ ရဲအရာရှိတစ်ဦး သေဆုံးပြီးနောက် စီးရီးအေပွဲစဉ်တွေကို အာဏာပိုင်တွေက ကစားခွင့် ပိတ်ပင်ခဲ့ ပါတယ်။
“လက်ရှိ လုံခြုံရေး အခြေအနေတွေကို စိတ်မချရ သေးတဲ့အတွက် ပရိတ်သတ်တွေကို ဘောလုံးကွင်းထဲကို ၀င်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ လမ်းညွန်မှု အသစ်တွေ ရေးဆွဲ မပြီးမခြင်း ပရိတ်သတ်တွေကို ၀င်ခွင့် မပြုပါဘူး” လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
“ရဲအရာရှိ ဖိလစ်ပို ရေစီတီ သေဆုံးခဲ့ရတဲ့ ကာတာနီယာလို ကွင်းမျိုးကို ပရိတ်သတ်တွေကို ၀င်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက် အပေါ်မှာ ကျနော်အနေနဲ့ အခိုင်အမာ ရပ်တည် သွားမှာပါ”
အီတလီက လာတဲ့သတင်းတွေအရ လုံခြုံရေး စံချိန်စံညွန်းတွေနဲ့ ပြည့်မှီတဲ့ အသင်း (၄)သင်း ကိုသာ ပရိတ်သတ်တွေကို ၀င်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အီတလီအိုလံပစ် ကော်မတီက ဘောလုံးပွဲစဉ်တွေ ပြန်လည် စတင်နိုင်ဖို့အတွက် အစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ ယမန်နေ့က တွေ့ဆုံခဲ့ ပါတယ်။
အသက် (၃၈)နှစ်ရှိ ရဲအရာ ရေစီတီဟာ ကာတာနီယာ ကွင်းအပြင်က ကားထဲမှာ ထိုင်နေစဉ် ပရိတ်သတ်ထဲကနေ ပေါက်ကွဲစေတတ်တဲ့ မီးကျည်နဲ့ ပစ်ပေါက်ခြင်း ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။
|