၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲ ၀င်ရောက်ခွင့် ရရေးအတွက် အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ပထမအကျော့ကို ရန်ကုန်မြို့မှာ မြန်မာအိုလံပစ်အသင်းနဲ့ နည်းပြမပါတဲ့ အိန္ဒိယအသင်းတို့ ယနေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပထမအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ကို မြန်မာအသင်းဟာ အဝေးကွင်းဖြစ်တဲ့ အိန္ဒိယမှာ လာမယ့် ဖေဖေါ်ဝါရီ (၁၇)ရက်နေ့မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။
၂၀၀၈ ဘေဂျင်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ အာရှဇုန်အတွက် ပြိုင်ပွဲကျင်းပတဲ့ ပုံစံက အဆင့် (၃)ဆင့် ရှိပြီး ဒေသတွင်းက နိုင်ငံပေါင်း (၃၄)နိုင်ငံ ၀င်ရောက် ယှဉ်ပြိုင်ကြ ပါတယ်။ အဲဒီအ ထဲက အသင်း (၂၀)ဟာ ပထမအဆင့် ခြေစစ်ပွဲအဖြစ် နှစ်သင်းစီခွဲပြီး အိမ်ကွင်း အဝေးကွင်း ရှုံးထွက် ကစားကြ ရပါတယ်။
ကျန်ရှိနေတဲ့ (၁၄) သင်းကတော့ ပထမအဆင့် ခြေစစ်ပွဲ ၀င်စရာမလိုဘဲ ဒုတိယအဆင့်ကနေ စတင် ရမှာ ဖြစ်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲဝင်ရတဲ့ အသင်း (၂၀)ထဲ က နိုင်တဲ့ (၁၀)သင်း ဟာ ဒုတိယအဆင့်မှာ ကျန် (၁၄)သင်းနဲ့ ပေါင်းပြီး (၄)သင်းစီနဲ့ (၆)အုပ်စု ခွဲပြီး အိမ်ကွင်း၊ အဝေးကွင်း ကစားရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲကို ကျော်ဖြတ်နိုင်ရင် ဒုတိယအဆင့်မှာ ထိုင်း (သို့) တာမင်ကစ္စတန်၊ အီရတ်၊ မြောက်ကိုရီယားတို့နဲ့ တစ်အုပ်စုတည်း ကျမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ ဒုတိယအဆင့်မှာ အုပ်စုအသီးသီးက ပထမနဲ့ ဒုတိယ ရတဲ့ စုစုပေါင်း (၁၂)သင်းဟာ ဟာ တတိယအဆင့် ခြေစစ်ပွဲ ၀င်ရဦးမှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာ (၄)သင်းစီကို (၃)အုပ်စုခွဲပြီး ယှဉ်ပြိုင်မှာ ဖြစ်ပြီး အုပ်စုဗိုလ် ဖြစ်တဲ့ (၃)သင်းသာ ဘေဂျင်းအိုလံပစ် ပြိုင်ပွဲကို ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အဆင့် (၃)မှာ ပထမအဆင့်ကို ဖြတ်ကျော်ပြီး ဒုတိယအဆင့်ကို မျှော်မှန်း နိုင်ပေမယ့် တတိယအဆင့်ကို ရောက်ဖို့တော့ အလွန်ခဲယဉ်း ပါလိမ့်မယ်။ ဒုတိယအဆင့်ကို ရောက်ရင် အာရှထိပ်သီးတွေဖြစ်တဲ့ အီရတ်၊ မြောက်ကိုရီးယားတို့နဲ့ တွေ့ရမှာမို့ နိုင်ငံတကာပွဲ အတွေ့အကြုံကောင်းတွေ အမြတ်ထွက် နိုင်ပါတယ်။
မြန်မာ ပရိတ်သတ်တွေအနေနဲ့လည်း အိမ်ကွင်းမှာ နိုင်ငံတကာအဆင့် ပြိုင်ပွဲကို ကြည့်ရှု လေ့ လာ ရင်းနှီးခွင့် ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အိုလံပစ် ပြိုင်ပွဲတွေနဲ့ စိမ်းခဲ့တဲ့ အသင်းမဟုတ်ဘဲ ၁၉၇၂ မှာ ဂျာမဏီ နိုင်ငံမှာ ပြုလုပ်တဲ့ မြူးနစ်အိုလံပစ် ပြိုင်ပွဲမှာ အသန့်ရှင်းဆုံးဆုကိုတောင် ရရှိခဲ့ဖူး ပါတယ်။
မြူးနစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အာရှဇုန်ခြေစစ်ပွဲမှာ ထိုင်းကို (၇ - ၀) ၊ အိန္ဒိယကို (၄ - ၃)၊ သီရိလင်္ကာကို (၅ - ၁)နဲ့ နိုင်ပြီး ခြေစစ်ပွဲ အောင်ခဲ့ ပါတယ်။ မြန်မာဟာ မြူးနစ်မှာ ကစားရတဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာ ဆိုဗီယက်အသင်းကို (၀ - ၁)၊ မက္ကဆီကိုအသင်းကို (၀ - ၁)တို့နဲ့ ရှုံးပြီး ဆူဒန်ကို (၂)ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ ပါတယ်။
ယခင်အတိတ်မှာ အိုလံပစ်ဖိုင်နယ်ကို မြန်မာ အပါအ၀င် အရှေ့တောင်အာရှက အသင်း (၄)သင်း တက်ရောက်ဖူး ပါတယ်။ အဲဒီ အသင်းတွေက မြန်မာက (၁)ကြိမ်၊ အင်ဒို (၁)ကြိမ်၊ မလေး (၁)ကြိမ်၊ ထိုင်း (၂)ကြိမ်တို့ ဖြစ်ပါတယ်။
အိန္ဒိယအသင်းမှာ ဗြိတိသျှလူမျိုး နည်းပြ ဘော်ဘီဟောက်တန်ဟာ တင်ပါးဒဏ်ရာ ခွဲစိတ်ဖို့ ခွင့် (၆)ပတ် ယူထားတဲ့အတွက် အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ကောလင်းတိုက်က မြန်မာနဲ့ ပွဲအတွက် တာဝန်ယူထား ပါတယ်။
မြန်မာအိုလံပစ်အသင်းရဲ့ နည်းပြကတော့ လက်ရွေးစင်အသင်းကြီးကို တာဝန်ယူခဲ့တဲ့ ဦးဆန်း ၀င်းနဲ့ ဦးကြည်လွင်တို့ ဖြစ်ပါတယ်။ အသင်းမှာ လက်ရွေးစင် ကစားသမား (၁၄)ဦး ပြန်လည်ပါဝင်ခဲ့ပါတယ်။
|
္က
ဘေဂျင်းအိုလံပစ် လိုဂို
အိန္ဒိယနဲ့ ခြေစစ်ပွဲ ကစားမယ့် မြန်မာယူ ၂၃ - အိုလံပစ်အသင်း
နည်းပြများ - ဦးဆန်းဝင်း၊ ဦးကြည်လွင်
နောက်တန်း - မိုးဝင်း၊ ခင်မောင်လွင်၊ ဇော်ထက်အောင်၊ အေးဆန်း၊ ဟန်ဝင်းအောင်၊ ထူးကျော်
အလယ်တန်း - အောင်မျိုးသန့်၊ စိုးသီဟအောင်၊ အောင်မြင့်အေး၊ ကျော်သီဟ၊ ရာဇာဝင်းသိန်း၊
မျိုးမင်းထွန်း၊ ခင်မောင်ထွန်း၊ အောင်ဝင်းနိုင်
ရှေ့တန်း - လှအေးထွေး၊ စည်သူဝင်း |