ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အာစီယံချန်ပီယံရှစ် ဗိုလ်လုပွဲ ပထမအကျော့မှာ အိမ်ရှင်စင်္ကာပူ အသင်းဟာ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ပင်နယ်တီနဲ့ ထိုင်းအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။
နှစ်သင်းစလုံးဟာ ပွဲပြီးဖို့ (၈)မိနစ် အလိုအထိ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျနေစဉ်မှာ ထိုင်းပင်နယ်တီ ဧရိယာထဲမှာ စင်္ကာပူ တိုက်စစ်မှူး နိုအလန်ရှက်ကို ထိုင်းဗဟိုနောက်ခံလူ စီရီဝမ်က နောက်ကိုဆွဲချသလို ဖြစ်ခဲ့တဲ့အတွက် မလေးရှားဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
တကယ်လို့ ထိုင်းအနေနဲ့ ပွဲပြီးချိန်အထိ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါက နောက် လာ မယ့် ဘန်ကောက်မှာ ကစားဖို့ရှိတဲ့ ဒုတိယအကျော့မှာ သရေဖြစ်ရင်တောင် ဗိုလ်စွဲဖို့ အခွင့် အရေး ရှိနေပါတယ်။
မလေးဒိုင်လူကြီးရဲ့ ပင်နယ်တီ ပြစ်ဒဏ်ကို ထိုင်းအသင်းနည်းပြ ချန်ဗစ်က အပြင်းအထန် ကန့်ကွက်ခဲ့တဲ့အတွက် ပွဲဟာ (၁၅)မိနစ်ခန့် ရပ်တန့်သွားခဲ့ပြီး တာဝန်ရှိသူတွေက လာရောက် ဖြန်ဖြေပေးတဲ့အထိ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။
ဒါအပြင့် ထိုင်းကစားသမားတွေဟာ လည်း ဒိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ စိတ်ဆိုးဒေါသ ထွက်ခဲ့ပြီး ကွင်းအပြင်ကို ထွက်ခွာခဲ့ ပါတယ်။ နောက်ပိုင်းကျမှ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး ပြန်ကစားခဲ့ပါတယ်။
ပွဲအပြီး ထိုင်းနည်းပြ ချန်ဗစ်က “ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ တော်တော်ဆိုးပါတယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ အာစီယံဘောလုံးအဖွဲ့ချုပ်ကို တရားဝင် တိုင်တန်းစာရေးဖို့ ရှိပါ တယ်” လို့ ပြောဆိုခဲ့ ပါတယ်။
အဖွင့်ဂိုးကို စင်္ကာပူဖက်မှ တိုက်စစ်မှူး နိုအလန်ရှက် ပထမပိုင်း (၁၇)မိနစ်မှာ ထိုင်းနောက်ခံလူတွေ ဖျက်ထုတ်ပြီး ပြန်ထွက်လာတဲ့ဘောကို ကန်သွင်း ယူခဲ့ပါတယ်။ ထိုင်းရဲ့ ချေပဂိုးကို ဒုတိယပိုင်း မိနစ် (၅၀)မှာ စင်္ကာပူနောက်တန်းရဲ့ အမှားကနေတဆင့် သွင်းယူခဲ့ ပါတယ်။
ယင်းပွဲမှာ စင်္ကာပူအသင်းဟာ အရပ်အမောင်းကောင်းတဲ့ ကစားသမားတွေ တော်တော်များ များပါဝင်ပြီး အမြင့်ဘောတွေနဲ့ ထိုင်းအသင်းဖက်ကို တိုက်စစ်ဆင် ကစားခဲ့ ပါတယ်။ ထိုင်း ကတော့ စင်္ကာပူအလယ်တန်းကို အကွက်စိတ်စိတ်နဲ့ ဖြတ်တောက် ကစားခဲ့ ပါတယ်။
ထိုင်းနည်းပြ ချန်ဗစ်က “ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ပြဿနာတွေ အများကြီး ဖြစ်စေပါတယ်။ ကျနော်တို့ ကစားသမားတွေကို ကွင်းအတွင်း ပြန်ဝင်ဖို့ မနည်းတိုက်တွန်းခဲ့ ရပါတယ်။ နို့မို့ဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အာရှဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အခွင့်အရေးကို ထိခိုက်မှာ စိုးရိမ်ရ ပါတယ်” လို့ ထပ် ပြောပါတယ်။
စင်္ကာပူ နည်းပြ ရာဂျိုကို အေဗရာမိုဗစ်ကတော့ ပင်နယ်တီပေးတာဟာ မျှတတယ်လို့ ထင် ကြောင်း မှတ်ချက် ပေးပါတယ်။
အေဗရာမိုဗစ်က “ကျနော်အနေနဲ့ ထိုင်းနည်းပြရဲ့ လုပ်ရပ်အပေါ်မှာ နားမလည် နိုင်ပါဘူး။ သူ ဘာကို ထောက်ပြဖို့ ကြိုးစားနေတာလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်” လို့ ပြောပါတယ်။
ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် တင်္နဂနွေနေ့ ဒေသစံတော်ချိန် ည (၇)နာရီမှာ ဘန်ကောက်ရှိ စူပါချဲစိုင်ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး လုံခြုံရေး အထူးတင်းကျပ် ထားပါတယ်။ ယင်းပွဲကို ထိုင်းတီဗွီချယ်နဲ (၇)နဲ့ စတား စပေါ့စ် ချယ်နဲတို့ကနေ လွှင့်ထုတ်မှာ ဖြစ်ပါတယ်။
စင်္ကာပူမှာ ပြုလုပ်တဲ့ ပထမအကျော့ပွဲကို ပရိတ်သတ်ပေါင်း (၅၅,၀၀၀)ခန့် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ထိုင်းပရိတ်သတ် ထောင်ပေါင်းများစွာလာရောက်အားပေးခဲ့ပါတယ်။ |