ရော်ဂျာ ဖာဒါရာဟာ ယမန်နေ့က သြစတြေးလျ အိုးပင်း ဗိုလ်လုပွဲမှာ ချီလီက ဖာနန်ဒို ဂွန်ဇာ လက်ကို (၇ - ၆)၊ (၄ - ၆)၊ (၆ - ၄)နဲ့ အနိုင်ယူပြီး ချန်ပီယံသရဖူကို ထပ်မံ ကာကွယ်နိုင် ခဲ့ပါတယ်။
ယခု သြစတြေးလျ အိုးပင်း ချန်ပီယံဆုနဲ့ပါဆို ကမ္ဘာ့နံပါတ်ဝမ်းဖြစ်တဲ့ ဖာဒါရာအတွက် (၁၀) ခုမြောက် ဂရင်းစလင်း ချန်ပီယံဆုကို ရရှိခြင်းဖြစ်ပါတယ်။ စုစုပေါင်း ကစားချိန် (၂)နာရီနဲ့ မိနစ် (၂၀)ကြာမြင့် ပါတယ်။
ဖာဒါရာဟာ ပြိုင်ပွဲတလျောက် ရှုံးပွဲမရှိဘဲနဲ့ အနိုင်ရတဲ့အတွက် ၁၉၈၀ ပြင်သစ် အိုးပင်းမှာ ဘီဂျိုရန် ဘော့ခ်ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။
“ဒီနှစ် ဒီမြေမှာ ကျနော် ကြီးမားတဲ့ အောင်ပွဲ ရခဲ့ ပြန်ပါပြီ။ ဒီဆုဖလားကို ထပ်မံ ကိုင်မြှောက်ခွင့် ရတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်” လို့ ဆွစ်သား ဖာဒါရာက ပြောဆို ခဲ့ပါတယ်။ ယင်းဆု ဟာ ဖာဒါရာအတွက် (၃)ကြိမ်မြောက် ရရှိခြင်း ဖြစ်ပါတယ်။
ဖာဒါရာဟာ ပြိုင်ပွဲတလျောက်မှာ နာဒယ်နဲ့ ဂျိမ်းဘရိတ်တို့ကို ကစားသမားမျိုးတွေကို ဂွန်ဇာ လက် ဖြတ်ကျော် အနိုင်ရခဲ့တဲ့ အပေါ်မှာ အံ့အားသင့် နေပါတယ်။ အထူးသဖြင့် နာဒယ်ကို အလွယ်တကူ အနိုင်ရတဲ့အတွက် အံ့အားသင့် နေပါတယ်။
ချန်ပီယံ ဖာဒါရာက “ကျနော့်ရဲ့ နောက်ထပ် ဂရင်းစလင်း ပြိုင်ပွဲ ပစ်မှတ်ဟာ ပြင်သစ် အိုးပင်း ဖြစ်ပါတယ်။ ပြင်သစ် အိုးပင်းကိုလည်း အနိုင်ရမယ်လို့ မျှော်လင့် ထားပါတယ်” လို့ ပြောပါ တယ်။
အသက် (၂၆)နှစ်ရှိ ချီလီသား ဂွန်ဇာလက်က “ဖာဒါရာရဲ့ အနိုင်အတွက် ဂုဏ်ယူပါတယ်။ သူ ဟာ အမြဲတမ်း အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတဲ့ လမ်းကြောင်း ပေါ်ကို ရောက်နေသလိုပါပဲ။ ပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကြီးကျယ်တဲ့ ချန်ပီယံ ဖြစ်ပါ တယ်” လို့ ချီးကျုး ပြောဆိုခဲ့ ပါတယ်။
ကမ္ဘာ့အဆင့် (၁၀)ရှိ ဂွန်ဇာလက်ဟာ ပွဲစဉ်အဆင့်ဆင့်မှာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်၊ လီတန် ဟူးဝစ်၊ ဂျိမ်း ဘရိတ်နဲ့ ဂျာမဏီက တွမ်မီ ဟတ်စ်တို့ကို ဖြတ်ကျော် အနိုင်ယူပြီး ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လာခြင်း ဖြစ်ပါတယ်။
|