ဒုတိယအကြိမ်မြောက် Grand Royal ဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့ ဗထူးကွင်းမှာ ဒီဇင်ဘာ(၁၇)ရက် ကနေ(၂၃)ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာဖက်က လက်ရွေးစင်အသင်းနဲ့ ယူ- ၂၃ အိုလံပစ်အသင်း ဆိုပြီး နှစ်သင်းခွဲကာ မလေးရှား ယူ- ၂၃၊ အင်ဒိုနီးရှား လက်ရွေးစင် အသင်းတို့နဲ့ အတူ စုစုပေါင်း (၄)သင်း ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ မူလက ယင်းပြိုင်ပွဲအတွက် အာစီယံဒေသတွင်းမှာ မလေး ရှား၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ တောင်အာရှက ဘင်္ဂလားဒေ့ရှ်တို့ကို ဖိတ်ကြားခဲ့ပေမယ့် ပွဲကြပ်တွေ ရှိနေတဲ့အတွက် မဖြစ်မြောက်ခဲ့ပါဘူး။
ယခုပြိုင်ပွဲဟာ မြန်မာယူ - ၂၃ အိုလံပစ်အသင်းကို လာမယ့် ဖေဖ်ါဝါရီလမှာ ဘေဂျင်းအိုလံပစ် ခြေစစ်ပွဲ ၀င်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲဖြစ်ပါတယ်။ ယူ - ၂၃ အိုလံပစ်အသင်းမှာ ပဏာမကစားသမား (၂၄)ဦးကို ရွေးချယ်ထားပြီး စခန်းသွင်း လေ့ကျင့်နေပါတယ်။
မြန်မာယူ - ၂၃ အိုလံပစ်အသင်းကို ကိုင်တွယ် ကြီးကြပ်ဖို့အတွက် လက်ရွေးစင် ကစားသမား ဟောင်းတွေ ဖြစ်တဲ့ ဦးတင်မြင့်အောင်၊ ဦးစိုးမိုးနဲ့ ဦးအောင်ကျော်ကျော်တို့ (၃)ဦးက တာဝန်ယူ ထားပါတယ်။
ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ Grand Royal ပြိုင်ပွဲမှာ မြန်မာယူ - ၂၃ အသင်းမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ယခုပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေ ဒေါ်လာ (၁၅,၀၀၀) ရမှာ ဖြစ်ပြီး ဒုတိယ ရတဲ့အသင်းဟာ ဒေါ်လာ (၈,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။
|