အာရှရဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးဘောလုံးသမားဆုကို ကာတာမှ ဆယ်ကျော်သက်ကစားသမား ခဲဖန်အီဗရာဟင်က ရရှိခဲ့ပြီး အကောင်းဆုံး အသင်းဆုကို သြစတြေးလျအသင်းက ရရှိခဲ့ပါတယ်။
အာဆတ်အသင်းသား အီဗရာဟင်ဟာ အနီးကပ်ဆုံး ပြိုင်ဖက်တွေဖြစ်တဲ့ ဆော်ဒီက မိုဟာမက်အာရှာဟွတ်နဲ့ ကူဝိတ်က ဘာဒါအာမူတာဝါတို့ကို ဖြတ်ကျော်ပြီးမှ အကောင်းဆုံးဆုကို ရရှိခဲ့ ခြင်း ဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းသစ်အရ အာရှမှာ အခြေစိုက် ကစားနေတဲ့ ကစားသမားများကိုသာ ဦးစားပေးရွေးချယ်ခြင်း ဖြစ်တဲ့အတွက် ဥရောပကလပ်အသင်းတွေမှာ အခြေစိုက်ပြီး ခြေစွမ်းပြနေတဲ့ မန်ယူက ပတ်ဂျီဆန်နဲ့ ဆဲလ်တစ်က နာကာမူရာ တို့ဟာ ရွေးချယ်ခံရခြင်း မရှိပါဘူး။
ယင်းစည်းမျဉ်းသစ်မှာ ဆုရရှိတဲ့ကစားသမားဟာ ဆုပေးပွဲ အခမ်းအနားကို မဖြစ်မနေ တက်ရောက်မှာ ဖြစ်ပါတယ်။
ကာတာရဲ့ အကောင်းဆုံးရ ဆယ်ကျော်သက် ကွင်းလယ်သမား အီဗရာဟင်က “ကျနော် ဒီဆုကို ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိ ပါဘူး။ ဒါဟာ အသင်းဖော်တွေနဲ့ ကလပ်အတွက် အောင်ပွဲ တစ်ခုပါ” လို့ ပြောဆိုခဲ့ပါတယ်။
“ကျနော်အနေနဲ့ မိဘတွေကို ကျေဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ အထူးသဖြင့် ကာတာလက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ ကျနော်အဖေ အီဘရာဟင်ခဲဖန်ကို ပိုပြီး ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အားပေး၊ လမ်းညွှန်မှုတွေနဲ့ အခုလို အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ အသက် (၁၈)နှစ်ရှိ အီဗရာဟင်က ပြောပါတယ်။
သြစတြေးလျအသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီက အာရှဘောလုံး အဖွဲ့ချုပ်ကို ၀င်ရောက်ခဲ့ပြီးနောက် အခုလို အကောင်းဆုံးအသင်း အဖြစ် အရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က ဖီဖာဥက္ကဌ ဆာဘတ္တလာကို အာရှဒေသမှာ ဘောလုံးအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် အာရုံစိုက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် အထူးဆုအဖြစ် “Diamond of Asia” ကို ပေးအပ်ခဲ့ပါတယ်။
အသန့်ရှင်းဆုံး ဆုကိုတော့ တောင်ကိုရီးယားအသင်းက ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး အသင်းဆုကိုတော့ ယူ - ၂၀ မြောက်ကိုရီးယားအသင်းက ရရှိခဲ့ပါတယ်။
|