ဘန်ကောက်အိုးပင်း တင်းနင်းပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ယောက် ဖြစ်တဲ့ အမေရိကန်စတား ဂျိမ်း ဘရိတ်ကီက ဒုတိယအဆင့်ပတ်လည်မှာ မိုနာကိုက ဘင်ဂျမင် ဘောရီရက်ကို (၆ - ၃)၊ (၆ - ၂)နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောင်သွားပါတယ်။
ဂျိမ်းဘရတ်ကီ က ဘောရီရက်ကို နှစ်ပွဲပြတ်နဲ့ အလွယ်တကူ အနိုင်ရခြင်းဖြစ်ပြီး ကစားချိန် (၅၄)မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ ဘရိတ်ကီဟာ ကနေဒါက ဖရန့် ဒန်စီဗစ် ကို (၂ - ၆)၊ (၇ - ၆)၊ (၆ -၄)နဲ့ အနိုင်ယူထားတဲ့ ဂျာကို နီမင်နန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
“ဒီကစပြီး ကျနော်ကစားတာ အရမ်းကောင်းလာပါတယ်။ ဒီလို လက်ရည်မျိုးကို ဆက်လက်ပြီး ထိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဘရိတ်ကီက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ ပါတယ်။
၎င်းက ဆက်လက်ပြီး “ဒီကိုရောက်နေတဲ့ ကစားသမားတွေ တော်တော်များဟာ ပြိုင်ပွဲမတိုင် မီကတည်းက ကြိုရောက် နေကြတာပါ။ ကျနော်ဒီကို ရောက်တာနောက်ကျတဲ့အတွက် ပြင်ဆင် ချိန် နည်းပြီး ကစားရတာ ခက်ပါတယ်” လို့ ပြောပါတယ်။
ယခင်ကမ္ဘာ့နံပါတ်တစ် ဖြစ်ဖူးတဲ့ ရုရှက မာတင် ဆာဖင်က ပြင်သစ်သာ ဂျူလီယန် ဘန်နက် တူးကို (၇ - ၆)၊ (၆ - ၇)၊ (၆ - ၂)နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့ ပါတယ်။ ဆာဖင်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ဇန်န၀ါရီကတည်း အောင်ပွဲဝေးနဲ့ ဝေးကွာနေတဲ့ သူဖြစ်ပါတယ်။
တင် ဟန်မန်က အဲလက် ဘိုဒါနိုဗစ်ကို စုစုပေါင်း (၂)နာရီနဲ့ (၁၆)မိနစ်ကြာရိုက်ပြီး (၆ - ၃)၊ (၅ - ၇)၊ (၆ - ၁)နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဟန်မန်ဟာ ပထမ အဆင့်ပတ်လည်မှာ ဗြိတိန်က ဆယ်ကျော်သက် တင်းနစ်စတား အင်ဒီမာရေးကို အနိုင်ရ ခဲ့ပါတယ်။
ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ခရိုအေးရှားက အီဗန် လွတ်ဘစ်ဆစ်ဟာ ဂျာမဏီက မျက်နှာသစ် ကစားသမား ဘင်ဂျမင် ဘက်ကာကို (၇ - ၆)၊ (၇ - ၅)နဲ့ အနိုင်ရခဲ့လို့ ကွာတား ဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။
“ဒီပွဲကစားရတာ ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဘက်ကာ ဘယ်လိုအကောင်းဆုံး ကစားနိုင်ခဲ့ တယ်ဆိုတာက အားလုံးသိပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲမှာ သူအာရုံစူးစိုက်မှု နည်းခဲ့ ပါတယ်” လို့ လွတ်ဘစ်စစ်က ပြောပါတယ်။
ထိုင်းတင်းနစ်စတား ပါရာဒွန်က ရုရှသား မီခေးလ် လီဒိုဗက်စကစ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ပြီးမှာ (၆ - ၄)၊ (၅ - ၇)၊ (၆ - ၂)နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက် ခဲ့ပါတယ်။ ပါရာဒွန်ဟာ ထိုင်းအိုးပင်းပြိုင်ပွဲ စတင်ကတဲ့ ၂၀၀၃ကစပြီး နှစ်တိုင်းကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်တဲ့ စံချန်ကို ဆက်ထိမ်းနိုင်ခဲ့ပါတယ်။
ပါရာဒွန်က “ကျနော်တစ်ခါမှာ မဆုံဖူးတဲ့ ကစားသမားနဲ့ ကစားရတာ ခက်ခဲပါတယ်။ သူ့ရဲ့ ဘောလုံး အပြားလိုက် ရိုက်ချက်တွေဟာ ကျနော်ကို ထိမ်းရခက်စေပါတယ်” လို့ ပွဲအပြီး မှာ ပြောပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်များမှာ ပါရာဒွန်နဲ့ တင်ဟန်မန်၊ လွတ်ဘစ်စစ်နဲ့ ရော်ဘီ ဂင်ပယ်ရီ (အမေရိကန်)၊ ဂျာကို နေမီနန် (ဖင်လန်)နဲ့ ဂျိမ်းစ်ဘရိတ်ကီ၊ မစ်ရှာ ဇက်ရက် (ဂျာမဏီ)နဲ့ မာတင် ဆာဖင် (ရုရှ)တို့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသူကို ဆုကြေးငွေ ဒေါ်လာ(၅၅၀,၀၀၀) ရရှိမှာဖြစ်ပြီး လက်ရှိချန်ပီယံကတော့ ကမ္ဘာ့အဆင့်တစ် ရော်ဂျာ ဖာဒါရာ ဖြစ်ပါတယ်။
|