ယမန်နေ့က စတင်ကျင်းပနေပြီဖြစ်တဲ့ ထိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ ဗြိတိန်က ဆယ်ကျော်သက် တင်းနစ်စတား အင်ဒီမာရေးနဲ့ တင်ဟန်မန်တို့ တွေ့ဆုံမှာဖြစ်ပါတယ်။
၎င်းတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ခုနှစ်ပတ်အတွင်း တတိယမြောက် တွေ့ဆုံခြင်းဖြစ်ပြီး အင်ဒီမာရေးက တင်ဟန်မန်ကို ပြီးခဲ့တဲ့ Cincinnati ပြိုင်ပွဲနဲ့ တိုရန်တို မာစတာပြိုင်ပွဲ နှစ်ခုစလုံးမှာ အနိုင်ရထားပါတယ်။
တင်ဟန်မန်က အခုလို စောစောစီးစီး မာရေးနဲ့ တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒါပေမယ့် ကျနော်အနေနဲ့ နောက်တဆင့် တက်ဖို့အတွက် ဆိုရင်ဒီထက်ပိုပြီး ကြိုးစားဖို့လိုကြောင်း ၀န်ခံ ပြောဆိုထားပါတယ်။
“ကျနော်တို့နှစ်ယောက်ဆုံတိုင်း မာရေးဟာ အကောင်းပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ ကျနော် အနေနဲ့ ကစားပုံတိုးတက်ချင်ရင် ဒီကနေစပြီး အကောင်းဆုံး ကစားရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၁၉)ဖြစ်တဲ့ လီတန် ဟူးဝစ်ကတော့ ဒူးဒဏ်ရာ သက်သာပျောက်ကင်းခြင်း မရှိတဲ့အတွက် ပြိုင်ပွဲကနေ နူတ်ထွက် ခဲ့ပါတယ်။
ပွဲစဉ်တွေအရ ပြီးခဲ့တဲ့အပတ်က China Open ပြိုင်ပွဲမှာ ပူပူနွေးနွေး ချန်ပီယံဖြစ်ခဲ့တဲ့ ဆိုက်ပရစ်မှ မာကို့စ် ဘတ်ဒေးတစ်စ် က ပြင်သစ်သား ဂျုလီယန် ဘန်နက်တူးနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ကမ္ဘာ့ထိပ်သီး ခရိုအေးရှားက လူဘစ်စစ်အနေနဲ့ စပိန်သား ဖာနန်ဒို ဗင်ဆင့်တေးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ အမေရိကန်က ဂျိမ်း ဘရိတ်ကီအနေနဲ့ ခရိုအေးရှားက မထင်မရှား ကစားသမားဖြစ်တဲ့ မာရင် ဆီလစ်နဲ့ ကစားရမှာဖြစ်ပြီး ကမ္ဘာ့အဆင့် (၆)ဖြစ်တဲ့ ကားလို့စ် ဖာရာယိုကတော့ ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ လက်ရည်စစ်ပွဲက အနိုင်ရတဲ့သူနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထိုင်းတင်းနစ်စတား ပါရာဒွန်ကတော့ အဖွင့်ပွဲစဉ်မှာ စပိန်က ဖလီစီနို လိုပက်ဇ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ထိုင်းအိုးပင်ပြိုင်ပွဲမှာ ဗိုလ်စွဲအနိုင်ရတဲ့သူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၅၅၀,၀၀၀) (ပေါင် ၂၈၉,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံဖြစ်တဲ့ ဆွစ်ဇာလန်သား ရော်ဂျာဖာ ဒါရာကတော့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။
|