နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ Us Open ဗိုလ်လုပွဲမှာ ရော်ဂျာ ဖာဒါရာက ပြိုင်ဖက် အမေရိကန် စတား အင်ဒီ ရော့ဒစ်ကို အနိုင်ယူပြီး (၃)ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဆွစ်ဇာလန်သား ရော်ဂျာ ဖာဒါရာက ယခင်ချန်ပီယံဟောင်း အင်ဒီ ရော့ဒစ်ကို (၆ - ၂)၊ (၄ - ၆)၊ (၇ - ၅)၊ (၆ - ၁)နဲ့ အနိုင်ယူခဲ့လို့ ၁၉၈၇ နောက်ပိုင်း တင်းနစ်လောကရဲ့ ခေတ်သစ် သမိုင်းမှာ Us Open ကို (၃)ကြိမ်မြောက် ဆက်တိုက်ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ ကစားချိန် စုစုပေါင်း (၂)နာရီနဲ့ (၂၇)မိနစ် ကြာမြင့်ပါတယ်။
ဖာဒါရာဟာ ဂရင်းစလင်းပြိုင်ပွဲကစားခဲ့သမျှ (၆)ကြိမ်စလုံးမှာ (၆)ကြိမ်လုံး ဗိုလ်လုပွဲတက် နိုင်ခဲ့ပြီး ကစားသမား သက်တမ်းတလျှောက် အင်ဒီ ရော့ဒစ်နဲ့ တွေ့ဆုံသမျှ (၁၂)ကြိမ်မှာ (၁၁) ခါ အနိုင်ရထားပါတယ်။ ယခု Us Open ချန်ပီယံ ဆုဟာ ဖာဒါရာရဲ့ (၉)ကြိမ်မြောက် ရရှိတဲ့ ဆုဖလား ဖြစ်ပါတယ်။
“အခုလို (၃)ကြိမ်မြောက် ချန်ပီယံ ဖြစ်ရတာ မယုံကြည်နိုင်စရာပါပဲ။ ကျနော် ပွဲစဉ်တလျောက် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အောင်ပွဲနဲ့ ဒီဂရင်းစလင်းကို အဆုံးသတ် နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ အကြောင်းကတော့ အရမ်းကြိုးစားရပြီး ခက်ခဲခဲ့ပါတယ်။ နောက်ပြီး စိတ်ဖိစီး မှုတွေလည်း အများကြီးရှိပါတယ်။” လို့ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ဖာဒါရာက ပြော ဆိုခဲ့ပါတယ်။
ပြိုင်ပွဲနဲ့ ပက်သက်လို့ အသက် (၂၅)နှစ်ရှိ ဖာဒါရာက “တတိယပွဲစဉ်မှာ ကျနော် စိတ်ဖိစီးမှုတွေ များခဲ့ပါတယ်။ အဲဒီအချိန်မှာ အင်ဒီရဲ့ အကောင်းဆုံးရိုက်ချက်တွေ၊ အကောင်းဆုံး စပေးဘော တွေကို ရင်ဆိုင်ခဲ့ရပါတယ်။” လို့ ပြောပါတယ်။
အင်ဒီ ရော့ဒစ်က “ကျနော် တတိယပွဲမှာ သူ့ကို အနိုင်ရိုက်နိုင်မယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါဟာ အပေါ်ယံပဲ ဖြစ်ခဲ့ပါတယ်။” လို့ ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ဖာဒါရာဟာ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပက်သက်လို့ ကျနော် စိတ်ထဲမှာ သံသယ မရှိပါဘူး။” လို့ ပြောပါတယ်။
ယခု Us Open ပြိုင်ပွဲဟာ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ (၁၈)သန်းကျော် ချီးမြှင်တဲ့ပွဲဖြစ်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဖြစ်စေ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဖြစ်စေ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေနဲ့ အပိုထပ်ဆောင်းကြေးအပါအ၀င် စုစုပေါင်း ဒေါ်လာ (၃)သန်း ကျော် ရရှိမှာ ဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲကို ပရိတ်သတ် စုစုပေါင်း (၂၃,၀၀၀) ကျော် လာရောက် ကြည့်ရှုအား ပေးခဲ့ပါတယ်။
|