လက်ရှိ ချန်ပီယံ ရော်ဂျာ ဖာဒါရာက ဆီမီးဖိုင်နယ်မှာ ရုရှသား ဒေဗီဒန်ကို အနိုင်ယူ ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ အမေရိကန်စတား အင်ဒီ ရော့ဒစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဆွစ်သား ဖာဒါရာဟာ ဒေဗီဒန်ကိုကို သုံးပွဲပြတ် (၆ - ၁)၊ (၇ - ၅)၊ (၆ - ၄)နဲ့ နိုင်ခဲ့ပြီး ကစားချိန် (၁)နာရီနဲ့ (၄၃) မိနစ် ကြာမြင့်ခဲ့ ပါတယ်။ ဖာဒါရာဟာ ဒီပွဲနိုင်ပြီး ဗိုလ်လုပွဲ တက်လာနိုင်တဲ့ အတွက် တင်းနစ်လောကမှာ ပြိုင်ပွဲဝင်သမျှ (၆) ကြိမ်လုံးမှာ (၆) ကြိမ်တိတိ ဗိုလ်လုပွဲ ရောက်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
ဒင်ဒီ ရော့ဒစ်က ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်ကို အနိုင်ယူထားတဲ့ ရုရှသား မစ်ဟေး ရောင်စနီကို (၆ - ၇)၊ (၆ - ၀)၊ (၇ - ၆)၊ (၆ -၃)နဲ့ နိုင်ခဲ့ပါတယ်။ ရော့ဒစ်ဟာ ၂၀၀၃ Us Open ချန်ပီယံ ဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ခြင်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဖာဒါရာက “ကွင်းပျော့နဲ့ ကွင်းမာက အရမ်းခြားနား ပါတယ်။ ဗိုလ်လုပွဲဟာ ကျနော်အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ အကြောင်းကတော့ အမေရိကန်တင်းနစ်သမားနဲ့ ဆုံရပြီး သူ့ပရိတ်သတ်ရှေ့မှာ ဖြစ်နေလို့ပါ” လို့ ပြောပါတယ်။
ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ဖာဒါရာဟာ Us Open ၂၀၀၄နဲ့ ၂၀၀၅ရဲ့ ချန်ပီယံ ဖြစ်တဲ့အပြင်၂၀၀၆ သြစတြေးလျအိုးပင်းနဲ့ ၀င်ဘယ်ဒန် ချန်ပီယံလည်း ဖြစ်ပါတယ်။ တကယ်လို့ ဖာဒါရာအနေနဲ့ ဗိုလ်လုပွဲမှာ ထပ်မံအနိုင်ရပါက Us Open ချန်ပီယံ ဟက်ထရစ်ဆုကို ရမှာဖြစ်ပါတယ်။
တင်းနစ်သမိုင်းမှာ ချန်ပီယံ (၃)ကြိမ်ဆက်တိုက်ဖြစ်ဖူးတဲ့ ကစားသမား နှစ်ဦးရှိခဲ့ဖူးပြီး ၎င်းတို့ နှစ်ဦးမှာ ဂျွန် မက်အန်ရိုး (၁၉၇၉ - ၈၁)နဲ့ အီဗန် လန်ဒဲ (၁၉၈၅ - ၈၇) တို့ ဖြစ်ပါတယ်။
|