စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ (၁၂)ကြိမ်မြောက် အာရှယူ (၁၇)ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဘောလုံးအင်အားကြီး တွေဖြစ်တဲ့ မြောက်ကိုရီးယား၊ ဆော်ဒီအသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်ပါတယ်။
အာရှယူ (၁၇)ပြိုင်ပွဲကို စက်တင်ဘာ (၃)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ် ပြီး အုပ်စု (၄)စုခွဲကာ အသင်းပေါင်း စုစုပေါင်း (၁၅)သင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု (စီ)မှာ လာအို၊ မြောက်ကိုရီးယားနဲ့ ဆော်ဒီလူငယ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ပြီး လာအိုအသင်းကတော့ ကစားသမားတစ်ယောက် အသက် လိမ်တာကို ဘောလုံးအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တဲ့ အတွက် ပြိုင်ပွဲက ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ လာအိုအထုတ်ပယ်ခံရတဲ့အတွက် အုပ်စု (စီ)မှာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဆော်ဒီ (၃)သင်းသာ ပတ်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းက စက်တင်ဘာ (၆)ရက်နေ့မှာ ပွဲဦးထွက်အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ စင်ကာပူစံတော်ချိန် ည (၈)နာရီမှာ ကစားရမှာဖြစ်ပြီး ဆော်ဒီနဲ့ကန်မဲ့ ဒုတိယပွဲကိုတော့ စက်တင်ဘာ (၈)ရက်နေ့ ညနေ (၅)နာရီမှာ ကစားမှာ ဖြစ်ပါတယ်။
အာရှယူ (၁၇)ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ မော်လဒိုက်အသင်းကို (၁၂)ဂိုးမရှိနဲ့ နိုင်ပြီး ထိုင်းအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပေမယ့် ဂိုးကွားချက်ကြောင့် မြန်မာက ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ထိုင်းအသင်းက မော်လဒိုက်ကို (၁၀)ဂိုးမရှိ နိုင်ခဲ့ပါတယ်။
ယခုကျင်းပတဲ့ အာရှယူ (၁၇)ပြိုင်ပွဲဟာ (၁၂)ကြိမ်မြောက်ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲကို ၁၉၈၄ခုနှစ်က စတင်ခဲ့ပြီး နှစ်စဉ် (၂)နှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၄ အာရှယူ (၁၇) ဗိုလ်လုပွဲမှာ တရုတ်အသင်းက မြောက်ကိုရီးယားအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ချန်ပီယံကတော့ တောင်ကိုရီးယားအသင်း ဖြစ်ပါတယ်။
ယခု အာရှယူ (၁၇)ပြိုင်ပွဲမှာ ပထမ၊ ဒုတိယနဲ့ တတိယရတဲ့အသင်းများဟာ ကမ္ဘာ့ယူ (၁၇) ပြိုင်ပွဲဝင်ခွင့်ကို အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။
မြန်မာယူ (၁၇)အသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၄က ပြုလုပ်ခဲ့တဲ့ အာစီယံယူ (၁၇) ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့ပြီး ဗီယက်နမ်မှာ ပြုလုပ်တဲ့ ၂၀၀၆ အာစီယံယူ (၁၇)ပြိုင်ပွဲမှာ ဒုတိယသာ ရခဲ့ပါတယ်။
|

မြန်မာယူ (၁၇) အသင်းရဲ့ ကစားသမားစာရင်းမှာ -
ဂိုး၊ စိုးမင်းသူ
နောက်တန်း၊ နိုင်လင်းထွန်း၊ ပြည့်ဖြိုးကိုကို၊ အောင်ဇော်ဝင်း၊ ကောင်းမြတ်ဦး၊ ငြိမ်းဥာဏ်စိုး၊ မြတ်နိုင်အောင်
အလယ်တန်း၊ ကောင်းမြတ်ဟန်၊ ပိုင်မျိုးဦး၊ ချစ်ကိုကိုထွေး၊ ဇော်လင်း၊ ဒေးဗစ်ထန်း၊ အောင်ပြုံးကြိုင်၊ တင်ဝင်းအောင်၊ ကျော်ကိုကို (၂)
ရှေ့တန်း၊ လှဖြိုး၊ ရန်အောင်ဝင်း၊ အောင်မြင့်ထွန်း
အာရှယူ (၁၇) အုပ်စုပွဲစဉ်များ
အုပ်စု (အေ)
ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ နီပေါ
အုပ်စု (ဘီ)
အီရန်၊ တာဂျစ်ကစ္စတန်၊ အီရတ်၊ ယီမင်
အုပ်စု (စီ)
မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ
အုပ်စု (ဒီ)
တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဆီးရီးယား |