စင်္ကာပူမှာ ကျင်းပနေတဲ့ အာရှယူ (၁၇)ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဂျပန်အသင်းက ဆီးရီးယား အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့နိုင်ပြီး မြောက်ကိုရီးယားအသင်းက တာဂျစ်ကစ္စတန်ကို (၃)ဂိုး ဂိုးမရှိနဲ့ အသီးသီး နိုင်ခဲ့ပါတယ်။
ဂျပန်အသင်းရဲ့ အဖွင့်ဂိုးကို (၆၉)မိနစ်မှာ လူစားဝင်လာတဲ့ မာနာဘူ ဆိုင်တိုက သွင်းယူခဲ့ပြီး ဒုတိယအနိုင်ဂိုးကို ပွဲပြီးဖို့ (၁၀)မိနစ်အလိုမှာ ကာကီတာနီက သွင်းယူပေးခဲ့ပါတယ်။
ထို့နေပွဲမှာ ဂျပန်လူငယ်အသင်း နည်းပြ ဟီတိုရီ ဂျိုဖူကူက သူ့အသင်းကို ၃ - ၆ - ၁ ပုံစံနဲ့ ပွဲထုတ်ခဲ့ပြီး နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ကွင်းလယ်သမား ကာကီတာနီ၊ တိုက်စစ်မှူး အိုဆူကာ၊ နောက်ခံလူ ဟာမဒါနဲ့ ရာမာဂျီတို့ကို အရန်ထိုင်ခုံမှာ ထိုင်ခိုင်းစေခဲ့ပါတယ်။
ကစားကွက်အသစ်နဲ့ ပက်သက်လို့ ပွဲအပြီးမှာ နည်းပြ ဂျိုဖူကူက “ဒီပုံစံသစ်နဲ့ ကစားဖို့ ကျနော်ဆုံးဖြတ်ခဲ့တာပါ။ ကျနော်အနေနဲ့ အရန်ကစားသမားတွေကို ပွဲထုတ်ပြီး သူတို့ရဲ့ အရည်အချင်းကို ပြသခွင့် ပေးချင်လို့ပါ။ သူတို့ဟာ အောင်မြင်မှုကို အရမ်းငတ်မွတ် နေကြပါ တယ်။ ကျနော် အခုလို ပုံစံပြောင်းတဲ့ အပေါ်မှာ ပျော်ရွှင်ပါတယ်။” လို့ ပြောပါတယ်။
ဆီးရီးယားနည်းပြ ဂျိုမာက “ဂျပန်ရဲ့ ပထမဂိုးက လူကျွံနေပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ အသင်း ရှုံးတာကို မကျေနပ်ပါဘူး။ ဒါပေမယ့် ဂျပန်ကစားသမားတွေက ကျနော်တို့ထက် အများကြီး ပိုကောင်းပါတယ်။ ဒီအရှုံးကို ကျနော်တို့ ဂုဏ်သိက္ခာအတွက် လက်ခံပါတယ်။” လို့ ပြောပါတယ်။
ဂျပန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အီရန်အသင်းနဲ့ ကစားရပြီး တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာ ဂျပန်က (၉)ဂိုး (၈)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
မြောက်ကိုရီးယားလူငယ်အသင်းကတော့ တာဂျစ်ကစ္စတန်အသင်းကို ခြေအသာ ကစားကွက် အသာနဲ့ ကစားပြီး (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အနိုင်ဂိုးတွေကို (၃၇)မိနစ်၊ (၄၄)မိနစ်နဲ့ (၅၃)မိနစ်တို့မှာ အသီးသီး သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ မြောက်ကိုရီးယားနည်းပြ ကင်မွန်ချိုက “ကျနော်တို့ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကို ရှုံးခဲ့ပေမယ့် အခုအချိန်မှာ နိုင်ပွဲတွေနဲ့ အသင်းရဲ့ တိုးတက်မှုကို တဖြည်းဖြည်းနဲ့ မြင်နေ ရပါတယ်။ ကျနော်တို့ ကစားသမားတွေရဲ့ ဒီနေ့ ကစားပုံဟာ ဂုဏ်ယူစရာကောင်းပြီး ကျေနပ်ဖို့ လည်း ကောင်းပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဂျပန်အသင်းနဲ့ ဆုံရတဲ့အပေါ်မှာ နည်းပြ ကင်က “ဂျပန်အသင်းကို ကျနော်တို့ ခက်ခက်ခဲခဲ ကစားရပါလိ့မ်မယ်။ ဒါပေမယ့် ကျနော်တို့ အသင့်ဖြစ်နေပါပြီ။ လာမယ့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲဟာ ကျနော်မျှော်လင့်သလို ခက်ခဲမှာဖြစ်ပါတယ်။” လို့ ထပ်ပြောပါ တယ်။
တာဂျစ်ကစ္စတန်နည်းပြ ပူလော့ ကိုဒီရပ်က “မြောက်ကိုရီးယားအသင်းဟာ ရုပ်ပိုင်းရော စိတ်ဓါတ်ပိုင်းမှာပါ တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒီနေ့ အကောင်းဆုံးအသင်းကို ကျနော်တို့ ရှုံးခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
စင်္ကာပူမှာ ယခုကျင်းပနေတဲ့ အာရှယူ (၁၇)ပြိုင်ပွဲကို ၁၉၈၄ မှစပြီး နှစ်စဉ် နှစ်နှစ်တကြိမ် ကျင်းပခဲ့ပါတယ်။ မြန်မာအသင်းကတော့ အုပ်စုအဆင့်မှာတင် မြောက်ကိုရီးယား၊ ဆော်ဒီတို့နဲ့ တစ်အုပ်စုတည်းကျပြီး နှစ်ပွဲစလုံးရှုံးကာ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။
ဗိုလ်လုပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ဟာ ဂျလန် ဘေဆာကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အချိန်ကတော့ စင်္ကာပူစံတော်ချိန်ည (၈)နာရီ ဖြစ်ပါတယ်။
ထို့နေ့တစ်ရက်တည်းမှာပင် တတိယလုပွဲကို ယင်းကွင်းမှာ တာဂျစ်ကစ္စတန်နဲ့ ဆီးရီးယား အသင်းတို့ ကစားရမှာဖြစ်ပြီး အချိန်ကတော့ စင်္ကာပူစံတော်ချိန် ညနေ (၅)နာရီ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ တရုတ်အသင်းကို မြောက်ကိုရီယားက အချိန်ပိုမှာ (၂)ဂိုး (၁)ဂိုးနဲ့ နိုင်ခဲ့ပြီး တာဂျစ်ကစ္စတန်ကတော့ တောင်ကိုရီးယားအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။
ဂျပန်အသင်းဟာ ၁၉၉၄မှာ အာရှယူ (၁၇) ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိချန်ပီယံကတော့ တရုတ်အသင်းဖြစ်ပြီး ဒုတိယကတော့ မြောက်ကိုရီးယားဖြစ်ပါတယ်။
|