တင်းနစ်ထိပ်သီးတွေဖြစ်တဲ့ ကမ္ဘာ့အဆင့် (၁) ရော်ဂျာ ဖာဒါရာနဲ့ သူ့ရဲ့ အဓိကပြိုင်ဖက် ရာဖယ် နာဒယ်တို့ဟာ Us Open အဖွင့်ပွဲတွေမှာ အသီးသီးအနိုင်ရခဲ့ပါတယ်။
ဖာဒါရာက ထိုင်ဝမ်မှ ၀မ်ယူဇူးကို (၆ - ၄)၊ (၆ - ၁)၊ (၆ - ၀)နဲ့ နိုင်ပြီး ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်က မာ့ခ်ဖီလစ်ပိုဆက်စက် ကို (၆ - ၄)၊ (၆ - ၄)၊ (၆ - ၄)နဲ့ နိုင်ပါတယ်။
၎င်းတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဂရင်းစလင်းပြိုင်ပွဲတွေမှာ ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ ၀င်ဘယ်ဒန် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖာဒါရာက နာဒယ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ ပါတယ်။ ယခုယူအက်စ် အိုးပင်းပြိုင်ပွဲ လာမယ့် စက်တင်ဘာ (၁၀)ရက်နေ့ ဗိုလ်လုပွဲမှာ သူတို့နှစ်ယောက်အနေနဲ့ ပြန်လည် တွေ့ဆုံနိုင်မယ်လို့ အများက ခန့်မှန်းနေကြပါတယ်။
သြစတြေးလျ အိုးပင်းနဲ့ ၀င်ဘယ်ဒန် ချန်ပီယံ ဖာဒါရာက “ကျနော်အနေနဲ့ အခုအချိန်မှာတော နာဒယ်နဲ့ ဗိုလ်လုပွဲမှာ တွေ့နိုင်တယ်လို့ ပြောဖို့စောလွန်းပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
ဖာဒါရာက ဆက်လက်ပြီး “ဒီပွဲစဉ်ရေးဆွဲမှုဟာ ကျနော်တို့ နှစ်ယောက်အတွက် အရမ်းကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် တခြားပြိုင်ဖက် (၁၂၆) ယောက်ကလည်း ဒီလို ဗိုလ်လုပွဲ ရောက်အောင် ကြိုးစားကြပါလိမ့်မယ်” လို့ ပြောခဲ့ ပါတယ်။
ပြင်သစ်အိုးပင်း ချန်ပီယံ နာဒယ်က “ဖီလစ်ပိုဆက်စက်ဟာ စပေးဘော အထိုးကောင်း သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ စပေးဘောတွေဟာ မယုံကြည်နိုင်လောက်အောင် ကောင်းပါ တယ်။ အထူးသဖြင့် ပထမဆုံးစပေး ရိုက်ချက်တွေပေါ့။ တခါတလေမှာ တပွဲထဲမှာတင်ပေး စပေးဘော (၃)လုံးလောက် ဟာ ပြန်မဆယ်နိုင်လောက်အောင် ကောင်းပါတယ်” လို့ ပြောဆို ခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး “ကျနော်လည်း အခုပွဲမှာ မယုံကြည်နိုင်လောက်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ကျနော်အတွက် ယုံကြည်ချက်အရ အရေးပါတဲ့ ပွဲဖြစ်ပါတယ်။ ကျနော် ရဲ့ အကောင်းဆုံးပွဲ(၃)ပွဲကို ပြီးခဲ့တဲ့ (၃)ပတ်အတွင်းမှာ ကစားနိုင်ခဲ့ပါတယ်” လို့ ထပ်ပြော ပါတယ်။
ဒုတိယပတ်လည်ပွဲစဉ်တစ်ခုမှာ ယခင်ယူအက်စ်အိုးပင်း ချန်ပီယံဟောင်းနဲ့ ကမ္ဘာ့အဆင့် (၉)ဖြစ်တဲ့ အန်ဒီ ရော့ဒစ်က ဒိန်းမတ်က ခရစ်စတင် ပဲလပ်စ်ကို (၆ - ၃)၊ (၇ - ၆)၊ (၆ - ၃)နဲ့ နိုင်ပြီး တတိယအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
သြစတြေးလျက လင်တန် ဟူးဝစ်၊ ရုရှသား မာတင်ဆာဖင် တို့ဟာလည်း အသီးသီး အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယူအက်စ်အိုးပင်ပြိုင်ပွဲ ပထမပတ် လည်အဆင့် ပွဲစဉ်တချို့ကို မိုးရွာသွန်းမှုကြောင့် ရက်ရွေ့ဆိုင်းခဲ့ ရပါသေးတယ်။
|