ကမ္ဘာ့တင်းနစ်နံပါတ်ဝမ်း ရောဂျာ ဖာဒါရာဟာ လာမယ့် US Open ပြိုင်ပွဲ ချန်ပီယံ သရဖူ ကာကွယ်ပွဲအဖြစ် ပထမအဆင့်မှာ ထိုင်ဝမ်က ၀မ်ရူဇူးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဖာဒါရာဟာ ဒုတိယအဆင့်မှာ ဗြိတိန်က တင်ဟန်မန်းနဲ့ ဂရက်ရူဒက်စကီးတို့ နှစ်ယောက်ထဲက နိုင်တဲ့သူနဲ့ တွေ့မှာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်တင်းနစ်စတား ဖာဒါရာဟာ ပြီးခဲ့တဲ့လ အနိုင်ရခဲ့တဲ့ ၀င်ဘယ်ဒန်ဖလားအပါအ၀င် ကမ္ဘာ့ဂရင်းစလင်းပြိုင်ပွဲတွေမှာ (၈)ကြိမ်တိတိ အနိုင်ရခဲ့ပါတယ်။ ၎င်းအနေနဲ့ ပွဲစဉ်တိုင်း အနိုင်ရရှိပါက ကွာတားဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၅)ဖြစ်တဲ့ အမေရိကန်က ဂျိမ်းဘရိတ်ကီနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
စပိန်သား ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ ရာဖယ် နာဒယ်ကတော့ အဖွင့်ပွဲစဉ်မှာ သြစတြေးလျက မက်ခ် ဖိလစ်ပိုဆက်စစ်နဲ့ ကစားရမှာဖြစ်ပြီး ပွဲတိုင်းအနိုင်ရပါက ကွာတားမှာ စပိန်သား ပြိုင်ဖက်ဖြစ်တဲ့ တွမ်မီရိုဒါရိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နှစ်ကြိမ် ချန်ပီယံဖြစ်ဖူးပြီး ယခုပြိုင်ပွဲပြီးရင် အနားယူတော့မယ့် တင်းနစ်အကျော်အမော် အင်ဒရူးအက်ဂါစီက အဖွင့်ပွဲစဉ်မှာ ရိုမေးနီးယားက အင်ဒရီပေဗယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒုတိယပတ်လည်မှာတော့ ကမ္ဘာ့အဆင့် (၈)ရှိပြီး သြစတြေးလျ ဒုတိယဆုရ မားကို့စ်ဘတ်ဒေတစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် (၁၇)ရှိတဲ့ ဗြိတိန်ဆယ်ကျော်သက် တင်းနစ်စတား အန်ဒီမာရေးကတော့ ပြိုင်ပွဲဝင်ဖို့အတွက် ပထမအဆင့် လက်ရည်စစ်ပွဲကစားရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို လာမယ့် သြဂုတ် (၂၈)ရက်နေ့ကနေ စက်တင်ဘာ (၁၁) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ချီးမြှင့်မဲ့ ဆုကြေးငွေ စုစုပေါင်း ကတော့ ဒေါ်လာ (၁၈.၅)သန်း ကျော်မှာ ဖြစ်ပါတယ်။ |