ယခင်ကမ္ဘာ့အဆင့်နံပါတ်တစ် အင်ဒီ ရော့ဒစ်နဲ့ ဂျုအန် ကားလို့စ် ဖာရာရိုတို့ဟာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ Cincinnati Master Series ဆီးမီးဖိုင်နယ်ပွဲမှာ အသီးသီး အနိုင်ရခဲ့ပါတယ်။
စပိန်သား ဖာရာရိုက တွမ်မီ ရိုဘက်ဒိုကို (၆- ၃)၊ (၆- ၄)၊ ရော့ဒစ်ကတော့ ချီလီသား ဖာနန်ဒို ဂွန်ဇာလက်ကို (၆- ၃)၊ (၆- ၃)နဲ့ အသီးသီး အနိုင်ရခဲ့ပါတယ်။
၂၀၀၃ မက်ဒရစ် ချန်ပီယံဟောင်း ဖာရာရိုက ပွဲအပြီးမှာ “ဒီပွဲနိုင်တဲ့အတွက် စိတ်ကြည် နူးမိပါတယ်။ ကျနော် နဂိုကတည်းက ဒီပွဲနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ ကျနော် ထင်ထားတာထက် ပိုပြီးလွယ်လွယ် ကူကူနဲ့ နိုင်ခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
အသက် (၂၆)နှစ်ရှိ ဖာရာရိုဟာ ပွဲစဉ်တလျှောက်မှာ ဂျိမ်းစ် ဘရိတ်ကီ၊ ရာဖယ် နာဒယ်နဲ့ ရိုဘီဒိုတို့ကို ဖြတ်ကျော်အနိုင်ယူပြီးမှ ဆီးမီးဖိုင်နယ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဖာရာရိုအနေနဲ့ အခုလို ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် နောက်ထုတ်ပြန်မဲ့ တင်းနစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် (၂၀) အတွင်းသို့ ပြန်လည်ဝင်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၃၁) ဖြစ်ပါတယ်။
ဖာရာရိုက “ကျနော်အဆင့် အရမ်းကျသွားခဲ့ပါတယ်။ အခုလို နိုင်ပွဲတွေနဲ့ ပြန်လာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ နောက်ပြီး ကျနော် ပထမအဆင့် ပြိုင်ပွဲတွေမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။” လို့ ထပ်ပြောခဲ့ပါတယ်။ |