DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အင်ဒိုလက်ထောက်နည်းပြက ဗိုလ်လုပွဲမှာ မြန်မာဆုံရတာဟာ ရွှေအခွင့်အရေးလို့ ပြော
အေဂျင်စီသတင်းများ - သြဂုတ် ၂၉၊ ၂၀၀၆

ယနေ့ည ကစားမယ့် မာဒေးကား ဗိုလ်လုပွဲမှာ ချန်ပီယံ (၃)ကြိမ် ဖြစ်ဖူးတဲ့ အင်ဒိုနီးရှား အသင်းက မြန်မာကို အနိုင်ကစားကာ (၄)ကြိမ်မြောက် ချန်ပီယံဘွဲ့ကို ရယူမယ်လို့ မျှော်လင့်နေပါတယ်။

အင်ဒိုနီးရှားအသင်း မန်နေဂျာ အန်ဒီဒါယုဆလမ် တပ်ဘတ် စလာက “မလေးရှား သတင်း အေဂျင်စီတစ်ခုနဲ့ တွေ့ဆုံရာတွင် ကျနော် ကစားသမားတွေဟာ ဗိုလ်လုပွဲအတွက် အာရုံစိုက် ခိုင်းထားပါတယ်။ ပွဲကစားခင် ကစားသမားတွေကို စိတ်ဖိစီးမှု တွေကို လျော့ချနိုင်ဖို့နဲ့ သက်တောင့်သက်သာဖြစ်ဖို့ လုပ်ဆောင် နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မန်နေဂျာ အန်ဒီက ဆက်လက်ပြီး “ကျနော်တို့ ကစားသမားတွေ အနေနဲ့ ဒီပွဲမှာ ယခင်ပွဲတွေတုန်းကလို စိတ်ဓါတ်ခွန်အားအပြည့်နဲ့ အားသွန်ခွန်စိုက် ခြေစွမ်းပြကစားနိုင်ရင် ကျနော်တို့နိုင်မယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်း နည်းပြဦးတင်အောင်က “အင်ဒိုနီးရှားအသင်းကို ခက်ခက်ခဲခဲ ကစား ရပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ကစားသမားတွေက ပြီးခဲ့တဲ့ပွဲစဉ်တွေ ဘယ်လိုကစားခဲ့တယ် ဆိုတာ အားလုံးအသိပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ကျနော်တို့ ဒီပြိုင်ပွဲကို လာဖို့အတွက် (၂)လလောက်ပဲ ကြိုတင်လေ့ကျင့်ချိန် ရခဲ့ပါတယ်။ ကစားသမား အများစုက အသက် (၂၀)အောက်တွေ ဖြစ်ပြီး အင်ဒိုကစားသမား တွေနဲ့ ယှဉ်ရင် နိုင်ငံတကာပွဲ အတွေ့အကြုံ နည်းပါတယ်” လို့ ပြောပါတယ်။

အင်ဒိုအသင်းမှာ ထိုင်းကိုနိုင်တဲ့ပွဲမှာတုန်းက အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဘန်ဘန်းပါမောင်ကန် ဒဏ်ရာရခဲ့လို့ မကစားနိုင်တာ ကလွဲရင် လူစုံပါတယ်။

အင်ဒိုလက်ထောက်နည်းပြ ဘေစရုဂိုဇာလီက “မြန်မာအသင်း မလေးရှားနဲ့ ကန်တဲ့ပွဲမှာ သွင်းခဲ့တဲ့ ဂိုးတွေဟာ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေရတဲ့ ဂိုးတွေချည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာအသင်းရဲ့ တန်ပြန်တိုက်စစ်ကို အထူးသတိထားရမှာပါ” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ဗိုလ်လုပွဲမှာ မြန်မာနဲ့ ဆုံရတာဟာ ကျနော်တို့အတွက် ရွှေအခွင့်အရေးပါပဲ” လို့ ပြောပါတယ်။

အင်ဒိုနီးရှားအသင်းဟာ မာဒေးကား ချန်ပီယံဆုကို ၁၉၆၁၊ ၁၉၆၂ နဲ့ ၁၉၆၉တို့မှာ ရရှိခဲ့ဖူးပါတယ်။ မြန်မာအသင်းကတော့ ရွှေခေတ်လို့ တင်စားခေါ်ဝေါ်တဲ့ ၁၉၆၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၇၀ လွန်နှစ်တွေအတွင်းမှာ အရှေ့တောင်အာရှဘောလုံးလောကကို လွှမ်းမိုးထား နိုင်ခဲ့ပါတယ်။

၁၉၆၅ ကနေ ၁၉၇၃ အတွင်းမှာ ဆီးဂိမ်းချန်ပီယံ (၅)ကြိမ် ဖြစ်ခဲ့ဖူး ပါတယ်။ ၁၉၆၆နဲ့ ၁၉၇၀နှစ် တွေမှာလည်း အာရှချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့ပါသေးတယ်။ လက်ရှိကမ္ဘာ့ဘောလုံးအဆင့် သတ်မှတ်ချက် တွင် အင်ဒိုနီးရှားက (၁၄၆) ဖြစ်ပြီး မြန်မာက (၁၄၈) ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အင်ဒိုကစားသမား ဘန်ဘန်း