DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မြန်မာအသင်း မလေးရှားကို အနိုင်ယူပြီး မာဒေးကားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်
အေဂျင်စီသတင်းများ - သြဂုတ် ၂၈၊ ၂၀၀၆

(၃၈)ကြိမ်မြောက် မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲ နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်း က အိမ်ရှင်မလေးရှား အသင်းကို (၂) ဂိုး (၁)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ ပါတယ်။

အဖွင့်ဂိုးကိုတော့ မလေးရှားအသင်းဖက်မှ (၁၃) မိနစ်မှာ တိုက်စစ်မှူး အင်ဒရာက ပင်နယ်တီမှ တဆင့် ကန်သွင်းယူခဲ့ ပါတယ်။ ယင်းပင်နယ်တီဟာ မလေးကစားသမား နိုဖာဟန် မိုဟာမက်ကို မြန်မာအလယ်တန်း ကစားသမား ဇော်ဇော်က ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲတဲ့အတွက် ရခဲ့ခြင်းဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ မြန်မာအသင်းဟာ ချေပဂိုး ရရှိဖို့အတွက် ကစားရှိန်မြှင့်ပြီး ခပ်သွက် သွက်ပဲ ကစားခဲ့ပါတယ်။ မြန်မာ အသင်းရဲ့ ချေပဂိုးကိုတော့ ဒုတိယပိုင်း (၅၂)မိနစ်မှာ နောက်တန်း စိုးသီဟအောင်အစား လူစားဝင်လာတဲ့ တိုက်စစ်မှူး ကျော်သူရကိုက သွင်းယူခဲ့ပါတယ်။

ထိုနေ့ပွဲမှာ အိမ်ရှင်မလေးရှားအသင်းရဲ့ နောက်တန်းက အားပျော့ နေပြီး မြန်မာအသင်း ထိုးဖောက်ကို ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့ပါဘူး။ မလေးအသင်းရဲ့ အဝေးကန် ဘောတွေကို ဂိုးသမားအောင်အောင်ဦး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းရဲ့ အနိုင်ဂိုးကိုတော့ ပထမဂိုးသွင်းအပြီး (၇) မိနစ်အကြာမှာ အသင်းခေါင်းဆောင် စိုးမြတ်မင်းက ဒေါင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ယင်းပွဲကို အိမ်ရှင်မလေးရှားပရိတ်သတ် (၅၀,၀၀၀) လောက် လာရောက် အားပေးခဲ့ပြီး မြန်မာပရိတ်သတ် (၅,၀၀၀)လောက် လည်း လာရောက်အားပေးခဲ့ပါတယ်။

အခြားပွဲစဉ်တစ်ခုမှာ ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတဲ့ ထိုင်းအသင်းက အင်ဒိုနီရှားအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အနိုင်ဂိုးကိုတော့ (၂၄)မိနစ်မှာ နောက်ခံလူ ဘေရု ဆာသူက သွင်းယူ ပေးခဲ့ပါတယ်။ ထိုင်းအသင်းဟာ ပထမပိုင်း (၄၅)မိနစ်မှာ ဘောလုံးကို ထိမ်းချုပ် ကစားနိုင်ခဲ့ ပေမယ့် ဂိုးသွင်းခွင့် အခွင့်အရေး မရဘဲဖြစ်နေခဲ့ပါတယ်။

ထိုင်းနည်းပြ ချန်ဗစ် ဖလာဂျီဗန်က “ကျနော်အသင်းရဲ့ ကစားပုံကို ကျေနပ်ပါတယ်။ ကျနော်တို့ ဒီပြိုင်ပွဲကို မလာခင် တစ်လလောက် ကြိုတင်ကျင့်ခွင့်ရခဲ့ပါတယ်။ ထိုင်းပြန်ရောက်ရင် အချိန်ပြည့် လေ့ကျင့်ရေး လုပ်တော့မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်တဲ့ အင်ဒိုနည်းပြ ပီတာဝှစ်က “ဒီပွဲမှာ ထိုင်းအသင်းက တချိန်လုံး ဘောလုံးကို ထိမ်းချုပ်ကစားနိုင် ခဲ့ပါတယ်။ ကျနော်တို့ အသင်း ဂိုးရတာ ကံကောင်းပါတယ်။ ဒုတိယပိုင်းမှာ အပြောင်းအလဲလုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ အသင်းကစားအား ကောင်းလာပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယင်းပြိုင်ပွဲမှာ အိမ်ရှင်မလေးရှား၊ ထိုင်း ယူ (၂၃)အသင်း၊ မြန်မာနဲ့ အင်ဒိုနီးရှား လက်ရွေးစင် အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်အများဆုံး ရတဲ့နှစ်သင်းက ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။

အုပ်စုပတ်လည်ပွဲစဉ်တွေမှာ မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ တဖက် (၂)ဂိုးစီနဲ့ သရေ၊ အင်ဒိုအသင်းကိုတော့ ဂိုးမရှိသရေနဲ့ မလေးအသင်းကို နိုင်ခဲ့လို့ (၃)ပွဲကစား (၅)မှတ် ဗိုလ်လုပွဲ တက်နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းကလည်း (၃)ပွဲကစားရာမှာ (၂)ပွဲသရေ (၁)ပွဲနိုင်နဲ့ (၅)မှတ်ချင်းတူ သော်လည်း ဂိုးကွာခြားချက်အရ မြန်မာ အသင်းက ထိပ်ဆုံးမှာ ရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ မနက်ဖြန်မှာ မလေးစံတော်ချိန် (၈)နာရီခွဲမှာ မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ မလေးနိုင်ငံရဲ့ ရှာအလမ်ကွင်းကြီး မှာ ကစားရမှာ ဖြစ်ပါတယ်။


မလေးတိုက်စစ်မှူး အင်ဒရာ (၀ဲ)နဲ့
မြန်မာအလယ်တန်းက မိုးဝင်း (ယာ)တို့
ဘောလုံးယှဉ်လုနေစဉ်