ယမန်နေ့က မလေးရှားမှာပြုလုပ်ခဲ့တဲ့ မာဒေးကာဖလား ဖွင့်ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းနဲ့ တဖက် (၂)ဂိုးစီနဲ့ သရေကျခဲ့ပြီး အိမ်ရှင် မလေးရှားနဲ့ အင်ဒိုနီးရှား အသင်းတို့ပွဲမှာလည်း တဖက် တစ်ဂိုးစီနဲ့ သရေဖြစ်ခဲ့လို့ အသီးသီးတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။
လက်ရှိဆီးဂိမ်း ချန်ပီယံထိုင်းအသင်းမှ မြန်မာဖက်ကို (၁၉)မိနစ်မှာ တိုက်စစ်မှူး ၀ီနိုထိုင်းက အဖွင့်ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းရဲ့ ချေပဂိုးကိုတော့ (၃၅)မိနစ်မှာ ထိုင်းဂိုးသမား ၀ါရာ ကပ်ပပ်ချာရဲ့ လက်ကနေ လွတ်ထွက်လာတဲ့ အခွင့်အရေးကို စည်သူဝင်းက အမိအရ ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။
ထိုင်းအသင်းဟာ ချေပဂိုးပေရပြီးနောက် မြန်မာအသင်းဖက်ကို တိုက်စစ်ဆင် ဖိအားပေး ကစားနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ တန်ပြန်တိုက်စစ်ကို စောင့်ပြီး ကစားခဲ့ပါတယ်။ ထိုင်းအတွက် ဒုတိယဂိုးကို လူငယ်တိုက်စစ်မှူး ၀ီနိုထိုင်းကပဲ ပထမပိုင်း ပြီးကားနီမှာ (၄၅)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာ ထိုင်းအသင်းက ဂိုးသွင်းခွင့် အခွင့်အရေး အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ မြန်မာအတွက် ဒုတိယချေပဂိုးကိုတော့ မိနစ် (၇၀)မှာ အောင်မျိုးသန်းက ထိုင်းဂိုးရှေ့သို့ အမြှောက်ကန်တင်ဘော ကန်တင်ရာကို ထိုင်းဂိုးသမား ပုတ်ထုတ်ရာမှာ လွတ်ထွတ်လာတဲ့ ဘောကို စည်သူဝင်းကပဲ ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ ထိုင်းနည်းပြ ချန်ဗစ် ဖလာဂျင်ဗင်က “ဒီနေ့ ကစားတဲ့ ပွဲကို ချုံကြည့်ရင်တော့ ကျနော်တို့အသင်းကစားတာ စိတ်ကျေနပ် ပါတယ်။ ကျနော်တို့ ပွဲချိန်တော်တော်များကို ထိမ်းချုပ်နိုင်ခဲ့ပါ တယ်။ အမှားအယွင်းတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက် ပွဲစဉ်တွေမှာတော့ ဒီဂိုးသမားကို လူလဲဖို့ ရှိပါတယ်။” လို့ ပြောဆိုခဲ့ ပါတယ်။
မြန်မာအသင်းနည်းပြ ဦးတင်အောင်က “ကျနော်တို့အသင်း ဒီနေ့ကစားတာ ကောင်းပါတယ်။ ထိုင်းအသင်းကို သရေရအောင် ကစားဖို့ဟာ မလွယ်ပါဘူး။ ဒီပြိုင်ပွဲဟာ လာမယ့် အာစီယံပွဲ အတွက် အတွေ့အကြုံကောင်းတွေ ရစေပါတယ်။ နောက်ပြီး ထိုင်းအသင်းလို တောင့်တင်းတဲ့အသင်းမျိုးကို အနိုင်ယူဖို့ မလွယ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။
အိမ်ရှင်မလေးရှားအသင်းကတော့ အင်ဒိုအသင်းနဲ့ သရေကျခဲ့လို့ တစ်မှတ်စီ ခွဲယူလိုက်ရပါတယ်။ ယနေ့ညမှာ ထိုင်းအသင်းက မလေးရှားအသင်းနဲ့ ကစားမှာဖြစ်ပြီး မြန်မာအသင်း ကတော့ အင်ဒိုနီရှုားနဲ့ ကစားဖို့ ရှိပါတယ်။ အမှတ်အများဆုံး ရရှိတဲ့ နှစ်သင်းက လာမယ့် အင်္ဂါနေ့မှာ ဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ |